မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၄၊ ၂၀၁၉
ကမ္ဘာတစ်ဝန်းက သတင်းများ

ယေဟောဝါသက်သေတွေရဲ့ JW.ORG ဝက်ဘ်ဆိုက်မှာ သမိုင်းမှတ်တိုင်တစ်ခုအနေနဲ့ ဘာသာစကား ၁,၀၀၀ ပြည့်သွားပါပြီ

ယေဟောဝါသက်သေတွေရဲ့ JW.ORG ဝက်ဘ်ဆိုက်မှာ သမိုင်းမှတ်တိုင်တစ်ခုအနေနဲ့ ဘာသာစကား ၁,၀၀၀ ပြည့်သွားပါပြီ

လူမျိုးတကာကို ယေရှုရဲ့ နောက်လိုက် ဖြစ်စေဖို့ ကြိုးစားရာမှာ သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ပြီ ဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့က ဝမ်းမြောက်စွာ ကြေညာလိုက်ပါတယ်။ အခု JW.ORG မှာ ဆောင်းပါးတွေ၊ ဗီဒီယိုတွေ၊ အသံဖိုင်တွေကို လက်သင်္ကေတပြစကား ၁၀၀ အပါအဝင် ဘာသာစကား ၁,၀၀၀ နဲ့ ရနိုင်ပါပြီ။

၂၀၁၀၊ ဩဂုတ်လမှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဆမ်မြူအယ် ဟာ့ဒ်က ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာ ကို အီတလီ လက်သင်္ကေတပြစကား (jw.org မှာရနိုင်) နဲ့ ထုတ်ဝေနေစဉ်

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဂဲရစ် လော့ရှ် ဒီလို ပြောတယ်– “စာပေတွေကို ကျွန်တော်တို့ ဘာသာပြန်ခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ အနှစ် ၁၅၀ လောက်ကတည်းက ဘာသာပြန်အလုပ် စခဲ့တာပါ။ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး ကျွန်တော်တို့ရဲ့ ဘာသာပြန်လုပ်ငန်း အကြီးအကျယ် တိုးတက်လာတယ်။” အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဂျက်ဖရီ ဂျက်ဆင်ကလည်း ဒီလို ပြောတယ်– “၂၀၁၃ ဇန်နဝါရီလမှာ ဘာသာစကား ၅၀၈ မျိုးနဲ့ ရနိုင်ခဲ့တယ်။ အဲဒီလောက် ရဖို့ နှစ်တစ်ရာကျော်လောက် ကြာခဲ့တယ်။ ဒါပေမဲ့ ၇ နှစ်အတွင်းမှာပဲ နှစ်ဆနီးပါး တိုးသွားပြီး ဘာသာစကား ၁,၀၀၀ နဲ့ ဘာသာပြန် ထုတ်လုပ်နိုင်ခဲ့တာကတော့ တကယ့် ထူးခြားမှုပါပဲ။”

jw.org ဝက်ဘ်ဆိုက်မှာ ဗီဒီယိုတွေ၊ စာပေတွေကို ဘာသာစကား ၁,၀၀၀ နဲ့ ကူးယူနိုင်တယ်။ ဘာသာစကား ၈၂၁ မျိုးနဲ့ တင်ထားတာတွေကိုတော့ ကူးယူနိုင်ရုံသာမက ဝက်ဘ်ဆိုက် ပင်မစာမျက်နှာနဲ့ တခြားစာမျက်နှာတွေကနေပါ ရှာဖွေလေ့လာ ဖွင့်ကြည့်နိုင်တယ်။ တစ်ကမ္ဘာလုံးမှာ ဘာသာစကား အများဆုံးနဲ့ တင်ထားတဲ့ ဝက်ဘ်ဆိုက်ပါပဲ။ ဘာသာပြန်အကြောင်းအရာ အများစုကို ကမ္ဘာတစ်ဝန်းက ဘာသာပြန်ရုံးခွဲ ၃၅၀ မှာ သေသေချာချာ လေ့ကျင့်ထားတဲ့ စေတနာ့ဝန်ထမ်းတွေက ဘာသာပြန် လုပ်ဆောင်နေတာ ဖြစ်တယ်။

“ဒီလောက် ဘာသာစကား အများကြီးနဲ့ ဘာသာပြန်၊ ထုတ်ဝေဖို့ဆိုတာ အခက်အခဲ အများကြီး ရှိတယ်” လို့ အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ဝေါဝစ် ကမ္ဘာ့ဌာနချုပ်မှာ ရှိတဲ့ ဘာသာပြန်လုပ်ငန်းဌာန ကြီးကြပ်မှူး ညီအစ်ကို အိုင်းဇက် မာရေးက ပြောပြတယ်။ “လူသုံးနည်းတဲ့ ဘာသာစကားကို ဘာသာပြန်ချင်ပေမဲ့ အဲဒီဘာသာစကားမှာ အက္ခရာစကားလုံးတွေ မရှိဘူး။ ဒါကြောင့် နှစ်တွေတစ်လျှောက်မှာ ကျွန်တော်တို့ဟာ စကားလုံးတွေ ထွင်ခဲ့ရပြီး ရာနဲ့ချီတဲ့ ဘာသာစကားတွေနဲ့ စာပေတွေ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့တယ်။ အဲဒီလိုပဲ jw.org မှာ ဘာသာစကားများစွာနဲ့ စာပေတွေ ရနိုင်ဖို့ အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရတယ်။ တကယ်တော့ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ သာသာစကား ၁,၀၀၀ ထဲက ဘာသာစကား အတော်များများမှာ စာပေတွေ မရှိကြဘူး။”

MEPS ပရိုဂရမ် ရေးဆွဲတဲ့ ဌာနရဲ့ ကြီးကြပ်ရေးမှူး ညီအစ်ကို ကလိုက် မာတင် ဒီလို ပြောတယ်– “အခက်အခဲတစ်ခုက ဆောင်းပါးတစ်ခုကို ရေးနည်းမတူ၊ အက္ခရာစကားလုံး မတူတဲ့ ဘာသာစကားရာချီနဲ့ ဝက်ဆိုက်တစ်ခုတည်းမှာ ဘယ်လို ဖော်ပြမလဲ ဆိုတာပဲ။ ဥပမာ၊ ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ဘာသာစကား ၂၁ မျိုးဆိုရင် ညာဘက်ကနေ ဘယ်ဘယ်ကို ရေးတယ်။ လက်သင်္ကေတပြစကား ၁၀၀ ကို နားမကြားသူတွေ အလွယ်တကူ ရှာဖွေအသုံးပြုနိုင်အောင် အထူးဒီဇိုင်း ဖန်တီးပေးရတယ်။”

စီးပွားရေး ဝက်ဘ်ဆိုက်တွေကတော့ ငွေကြေးအကျိုးအမြတ် အများကြီး ရနိုင်တဲ့ ဘာသာစကားနဲ့ပဲ ဘာသာပြန်ကြတယ်။ ယေဟောဝါသက်သေတွေကတော့ ငွေကြေးအကျိုးအမြတ် ရချင်လို့ ဘာသာပြန်တာ မဟုတ်ဘူး။ ရိုးရှင်းပြီး နှစ်သက်ဖွယ်ကောင်းတဲ့ နည်းနဲ့ နားထောင်ချင်သူတိုင်းဆီ ကျမ်းစာသတင်းတရား ရောက်ရှိဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတာ ဖြစ်တယ်။

‘လူမျိုးတကာကို တပည့် ဖြစ်စေဖို့’ ကျွန်တော်တို့ရဲ့ ကြိုးစားမှုတွေကို ကောင်းချီးပေးနေတဲ့ ယေဟောဝါကို ချီးမွမ်းဂုဏ်တင်ပါတယ်။ ဒီအလုပ်ပြီးပြီလို့ ယေဟောဝါ ပြောမယ့်အချိန်အထိ နေရာအနှံ့မှာရှိတဲ့ စိတ်ရိုးဖြောင့်သူတွေကို နိုင်ငံတော်သတင်း ဟောပြောဖို့ လိုအပ်တဲ့ ခွန်အားနဲ့ အထောက်အပံ့တွေ ဘုရား ဆက်ဖြည့်ဆည်းပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—မဿဲ ၂၈:၁၉၊ ၂၀