၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ
လူကိုယ်တိုင်တက်ရောက်တဲ့ တိုက်နယ်စည်းဝေးပွဲတွေနဲ့ ကျမ်းစာသင်တန်းတွေ ပြန်လည်စတင်
သုံးနှစ်နီးပါးလောက် ရပ်နားပြီးနောက် ၂၀၂၃၊ ဇန်နဝါရီလမှာ လူကိုယ်တိုင်တက်ရောက်တဲ့ တိုက်နယ်စည်းဝေးပွဲတွေကို ကမ္ဘာတစ်ဝန်း ပြန်လည်စတင်ခဲ့တယ်။ တစ်ချိန်တည်းမှာ လူကိုယ်တိုင်တက်ရောက်တဲ့ ကျမ်းစာသင်တန်းတွေကိုလည်း နိုင်ငံအတော်များများမှာ ပြန်လည်ကျင်းပနေပါပြီ။ ယေဟောဝါဘုရားက ဒီအထူးသမယတွေအပေါ် ကောင်းချီးပေးနေပါတယ်။
မက္ကဆီကိုနိုင်ငံ၊ တဘက်စကိုပြည်နယ်၊ ဗီလယ်ဟေးမို့စာမြို့မှာ ကြေညာသူ ၂၀၀ လောက်က တိုက်နယ်စည်းဝေးပွဲမတိုင်ခင် စည်းဝေးပွဲခန်းမကို သန့်ရှင်းရေး လုပ်ကြတယ်။ တချို့ဆိုရင် အဲဒီကိုရောက်ဖို့ ခြောက်နာရီတောင် လာရတယ်။ ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “ညီအစ်ကို/မတွေ စုစုရုံးရုံးနဲ့မတွေ့ရတာ အတော်ကြာနေပြီလေ။ အခုလို လုပ်အားပေးခွင့်ရတာကို လက်လွတ်ခံလို့ ဘယ်ဖြစ်မလဲ။”
အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်၊ ခရောင်းဗဲ တိုက်နယ်စည်းဝေးပွဲမှာ ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “အစီအစဉ်တောင် မစသေးဘူး။ ပျော်လွန်းလို့ ရောက်ကတည်းက ငိုနေတာ ယူလာတဲ့တစ်ရှူးအားလုံးလည်း ကုန်ပြီ။ ဒီစည်းဝေးပွဲ တက်ရတဲ့အခွင့်အရေးကို ဘာနဲ့မှ မလဲနိုင်ဘူး။”
ဌာနခွဲနယ်မြေ အတော်များများက ကျောင်းသားတွေဟာ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း၊ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးများအတွက် သင်တန်းတွေကို လူကိုယ်တိုင်တက်ရောက်ခွင့်ရလို့ သိပ်ပျော်ကြတယ်။ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ပမ်ကို့စ်က သင်တန်းပို့ချသူ ညီအစ်ကို ဂျိုဗန်နီ ကာဘီဇက်စ် အခုလိုပြောတယ်– “လူကိုယ်တိုင်တက်ရောက်တဲ့ ကျမ်းစာသင်တန်းတွေ ပြန်စမယ် ကြားရတော့ စိတ်လှုပ်ရှားသွားတာပဲဗျာ။ ယေဟောဝါအလိုတော်ဆောင်ဖို့ ဉာဏ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ ဆက်ကပ်အပ်နှံထားတဲ့ သင်တန်းပို့ချသူတွေ၊ ကျောင်းသားတွေ၊ စေတနာ့ဝန်ထမ်းတွေအားလုံး ဒီနေရာမှာ ဆုံဆည်းကြတာဆိုတော့ ပျော်ဖို့သိပ်ကောင်းတယ်။”
၂၀၂၃၊ ဇန်နဝါရီလမှာ ညီအစ်မ ဆာတိုကို နာကာတာဟာ ခင်ပွန်းနဲ့အတူ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးများအတွက် သင်တန်းကို တက်ရောက်ခဲ့တယ်။ သူ ဒီလိုပြောတယ်– “ကပ်ရောဂါကာလအတွင်း အစည်းအဝေးတွေ၊ ရှေ့ဆောင်ကျောင်းတွေကို Zoom နဲ့ တက်နိုင်တာ ကောင်းပါတယ်။ ဒါပေမဲ့ ညီအစ်ကို/မတွေနဲ့ ကောင်းကောင်း စကားပြောလို့ မရဘူး၊ သူတို့ရဲ့ရယ်မောသံ၊ သီချင်းဆိုသံတွေ ကြားဖို့လည်း မလွယ်ဘူး။ ဒါကြောင့် လူကိုယ်တိုင်တက်ရောက်နိုင်တဲ့ ဒီသင်တန်းဟာ မေတ္တာအပြည့်နဲ့ ယေဟောဝါဘုရား ပေးလာတဲ့ ဆုလက်ဆောင်ပါပဲ။ ကျွန်မတို့ ကျောင်းသူကျောင်းသားတွေ အတူတူ စကားပြောကြ၊ ရယ်ကြမောကြ၊ ပျော်ပျော်ရွှင်ရွှင် သီချင်းဆိုကြ၊ တစ်ခါတလေလည်း အတူတူ ငိုကြတာပေါ့။ ယေဟောဝါဘုရားနဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ကျွန်မ ကျေးဇူးတင်လိုက်တာ။”
ယေဟောဝါဘုရားကို ဝတ်ပြုဖို့၊ ဘုရားသွန်သင်ပေးတာကို နားထောင်ဖို့ အတူစုရုံးနေကြတဲ့ လူမျိုးတော်ကိုကြည့်ပြီး ဘုရားသခင် ပီတိဖြစ်မှာ သေချာပါတယ်။ ကျွန်တော်တို့လည်း ဘုရင်ဒါဝိဒ်ရဲ့ဒီစကားတွေကို ပဲ့တင်ထပ်ကြတယ်– “လူစုလူဝေးကြီးအလယ်မှာ ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းမယ်။ လူအုပ်အလယ်မှာ ချီးမွမ်းမယ်။”—ဆာလံ ၃၅:၁၈။