မာတိကာဆီ ကျော်သွား

မာလာဝီ ရေကန်၊ ကနူးလှေ ပေါ်မှာ ညီအစ်ကိုတစ်ယောက် အသင်းတော် အစည်းအဝေး ဗီဒီယိုဖိုင်တွေ ကူးယူနေ

ဒီဇင်ဘာ ၂၉၊ ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

ဝေးလံတဲ့ ဒေသမှာ ရှိတဲ့ ညီအစ်ကိုတွေဟာ အစည်းအဝေးတွေ ကျင်းပနိုင်ဖို့ တီထွင်ကြိုးစားခဲ့ကြ

ဝေးလံတဲ့ ဒေသမှာ ရှိတဲ့ ညီအစ်ကိုတွေဟာ အစည်းအဝေးတွေ ကျင်းပနိုင်ဖို့ တီထွင်ကြိုးစားခဲ့ကြ

ကပ်ရောဂါကာလအတွင်း အစည်းအဝေးတွေ ဆက်ကျင်းပနိုင်ဖို့ ကမ္ဘာတစ်ဝန်းက အသင်းတော်တွေဟာ နည်းပညာအမျိုးမျိုးကို အသုံးပြုနေကြတယ်။ ဒါပေမဲ့ အင်တာနက် မရတဲ့ ဝေးလံတဲ့ ဒေသက ညီအစ်ကိုတွေဟာ ကိုဗစ် ၁၉ ကန့်သတ်ချက်တွေနဲ့အညီ အစည်းအဝေးတွေ ကျင်းပနိုင်ဖို့ ပိုကြိုးစားကြရတယ်။ အာဖရိကတိုက်က ဥပမာတချို့ကို ကြည့်ပါ။

မာလာဝီ

အင်တာနက် မရှိလို့ ညီအစ်ကို ညီအစ်မများစွာဟာ Zoom အစီအစဉ်ကို မသုံးနိုင်ကြဘူး။ အပတ်တိုင်း မာလာဝီ ဌာနခွဲက အစည်းအဝေး ဗီဒီယိုဖိုင်တွေကို တယ်လီဖုန်းကနေတစ်ဆင့် အသင်းတော် အကြီးအကဲတွေဆီ ပို့ပေးတယ်။ အကြီးအကဲတွေက အသင်းတော် ကြေညာသူတွေဆီ ပြန်ဖြန့်ပေးတယ်။

ဒါပေမဲ့ မာလာဝီ မြောက်ပိုင်းဒေသ မာလာဝီရေကန်အနီး တောင်တန်းထူထပ်တဲ့ ဒေသမှာ ရှိတဲ့ ချာအိုအသင်းတော်က ကြေညာသူ ၂၈ ယောက်အတွက်တော့ အခက်အခဲ ဖြစ်နေတယ်။ တောင်တန်းတွေ ကာရံထားလို့ လိုင်းမကောင်းဘူး။ ဒါကြောင့် အကြီးအကဲ တစ်ယောက်က ဖုန်းလိုင်းကောင်းတဲ့ နေရာကို ကီလိုမီတာများစွာ သွားရတယ်။ ပြီးနောက် တောင်တန်းတွေကို ဖြတ်ပြန်လာပြီး ညီအစ်ကို ညီအစ်မတွေကို ကြိုးမဲ့စနစ် (wireless Bluetooth) နဲ့ ဗီဒီယို ဖိုင်တွေ ပြန်ကူးပေးရတယ်။

မကြာသေးခင်က အိမ်နဲ့ မဝေးတဲ့ မာလာဝီ ရေကန်မှာ ဖုန်းလိုင်းဆွဲအား ကောင်းတဲ့နေရာ တွေ့ခဲ့လို့ အကြီးအကဲတွေ သိပ်၀မ်းသာကြတယ်။ တောင်တန်းတွေ ဖြတ်စရာ မလိုတော့ဘဲ ကနူးလှေပေါ်ကနေတစ်ဆင့် ဗီဒီယိုတွေ ကူးယူနိုင်ပြီ။ ဒါက အကြီးအကဲတွေအတွက် ခရီးသွားချိန် အများကြီး သက်သာစေတယ်။

မိုဇမ်ဘစ်

မိုဇမ်ဘစ် အနောက်မြောက်ပိုင်း ဝေးလံတဲ့ ဒေသက အသင်းတော်တွေဆီ လည်ပတ်တဲ့အခါ ဒေသခံ တိုက်နယ် ကြီးကြပ်မှူးတွေဟာ ဖုန်းကနေတစ်ဆင့် ဟောပြောချက်တွေ ပေးကြတယ်။ ဖုန်းတစ်လုံးကနေ ဖုန်းအများကြီးကို တစ်ပြိုင်နက် ချိတ်ဆက်ခေါ်ဆိုလို့ မရတဲ့အတွက် တိုက်နယ်ကြီးကြပ်မှူးတွေက ရှေ့မှာ ဖုန်းတွေ အများကြီး ချထားပြီး ဟောပြောချက် ပေးတာ အထူးအဆန်း မဟုတ်တော့ပါဘူး။ ဖုန်းတစ်လုံးစီက အသင်းတော်မှာ ရှိတဲ့ အိမ်ထောင်စု တစ်စုအတွက် ဖြစ်တယ်။

တိုက်နယ်ကြီးကြပ်မှူး ညီအစ်ကို အာလက် ကဇာဝီက ဖုန်းကနေတစ်ဆင့် ဟောပြောချက် ပေးနေ။ ဖုန်းတစ်လုံးစီက အသင်းတော်မှာ ရှိတဲ့ အိမ်ထောင်စု တစ်စုအတွက် ချိတ်ဆက်ထား

ကြေညာသူတချို့ဟာ တကယ့်ကို ဝေးလံတဲ့ ဒေသတွေမှာ နေထိုင်ပြီး အနီးတစ်ဝိုက်မှာ ဖုန်းလိုင်း မရှိဘူး။ ဒါကြောင့် အစည်းအဝေးချိန် ရောက်ပြီဆိုရင် ချုံပုတ်တွေ ဖြတ်ပြီး ဖုန်းလိုင်းမိတဲ့နေရာထိ သွားရတယ်။ လိုင်းမိတဲ့နေရာ ရောက်ပြီဆိုရင် အဲ့ဒီမှာ ထိုင်ပြီး အစည်းအဝေး အစီအစဉ်ကို နားထောင်ကြတယ်။

ဒေသခံ တိုက်နယ်ကြီးကြပ်မှူး ညီအစ်ကို ယိုဟနီး ဗီညိုက “ညီအစ်ကို ညီအစ်မ များစွာဟာ အစည်းအဝေး အစီအစဉ်တွေကနေ အကျိုးရဖို့ သိပ်အားစိုက်ကြတယ်” လို့ ပြောတယ်။ ဒါကြောင့် သူတို့ဟာ သီးခြား ဖြစ်နေတာတောင် ဘုရားရေးရာမှာ ဆက်ပြီး ခိုင်မြဲနေကြတယ်။ တိုက်နယ်ကြီးကြပ်မှူး ညီအစ်ကို ကားလို့စ် ကော်တာဇီယို ကလည်း “ညီအစ်ကို ညီအစ်မတွေနဲ့အတူ ခန်းမမှာ အစည်းအဝေး တက်ရသလိုပဲ။ မှတ်ချက်တွေ ပေး၊ သီချင်းတွေ အတူဆိုကြတယ်။ ဒီကပ်ရောဂါကာလမှာ ယေဟောဝါဘုရားက မိမိလူမျိုးကို လိုအပ်တဲ့ ကျမ်းစာလမ်းညွှန်မှုတွေ ဆက်ပေးနေတာကို ကျွန်တော်တို့ မြင်နေရတယ်” လို့ ပြောတယ်။—ယောဟန် ၂၁:၁၇