မာတိကာဆီ ကျော်သွား

ဂွါဒီလုကို လာကြမယ့် နိုင်ငံတကာက ဧည့်သည်တွေကို ကြိုဆိုဖို့ ညီအစ်ကို/မတွေ ပြင်ဆင်နေကြစဉ်

၂၀၂၄ ခုနှစ်၊ ဇွန် ၃ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

“သတင်းကောင်း ဟောပါ” ၂၀၂၄ အထူးအစည်းအဝေးကြီးကို ဂွါဒီလုကနေ စတင်ကျင်းပ

“သတင်းကောင်း ဟောပါ” ၂၀၂၄ အထူးအစည်းအဝေးကြီးကို ဂွါဒီလုကနေ စတင်ကျင်းပ

“သတင်းကောင်းဟောပါ” ဦးဆုံးအထူးအစည်းအဝေးကြီးကို ဘေမဟော့၊ ဂွါဒီလုမှာရှိတဲ့ ဗယ်လိုဒရုမ် အမေဒေ ဒီထရို အားကစားကွင်းမှာ ၂၀၂၄ ခုနှစ်၊ ဇွန် ၇ ရက်ကနေ ၉ ရက်အထိ ကျင်းပသွားပါမယ်။ ၂၀၂၀ မှာကျင်းပဖို့ စီစဉ်ခဲ့တဲ့ အထူးအစည်းအဝေးကြီးတွေကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖျက်သိမ်းလိုက်ရပြီးနောက်ပိုင်း ဦးဆုံးပြန်ကျင်းပတဲ့ အထူးအစည်းအဝေးကြီးပါ။ ၂၀၂၄ ခုနှစ်၊ ဇွန်လကနေ အောက်တိုဘာလအတွင်း အထူးအစည်းအဝေးကြီး ၁၅ ခု ကျင်းပသွားပါမယ်။ a

အထူးအစည်းအဝေးကြီးတွေကို တက်ရောက်ဖို့ နိုင်ငံအသီးသီးက ညီအစ်ကို/မတွေကို ဖိတ်ခေါ်ထားပါတယ်။ အစီအစဉ်အများစုကို ဘာသာစကား အတော်များများနဲ့ ကျင်းပသွားပါမယ်။ ဥပမာ၊ ဂွါဒီလု အထူးအစည်းအဝေးကြီး အစီအစဉ်မှာ အင်္ဂလိပ်၊ ပြင်သစ်၊ ဂွါဒီလု ကရီအောလ်၊ စပိန် ဘာသာစကားတွေနဲ့ တစ်ပြိုင်တည်း တင်ဆက်သွားပါမယ်။

ဂွါဒီလုကို လာကြမယ့် နိုင်ငံတကာက ဧည့်သည်တွေကို ကြိုဆိုဖို့ ညီအစ်ကို/မတွေ ပြင်ဆင်နေကြစဉ်

ဘယ်– အစည်းအဝေးကြီးကို လာရောက်ကြမယ့် ဧည့်သည်တွေကို ကြိုဆိုဖို့ မိသားစုတစ်စုက ကတ်တွေ ပြင်ဆင်နေကြစဉ်။ ညာ– ဂွါဒီလု အထူးအစည်းအဝေးကြီး အမှတ်တံဆိပ်ပါတဲ့ လက်ကိုင်ပဝါတွေကို ညီအစ်မတွေ ပြင်ဆင်နေကြစဉ်။

နိုင်ငံတကာက ဧည့်သည်တွေ လာရောက်မှာဖြစ်လို့ အများကြီး ပြင်ဆင်ဖို့လိုတယ်။ ဥပမာ၊ ဂွါဒီလုမှာ ညီအစ်ကို/မ ၈,၅၄၆ ယောက်ရှိတယ်။ အဲဒီထဲက တစ်ဝက်ကျော်ဟာ ၁၁ နိုင်ငံကနေ ရောက်လာကြမယ့် ညီအစ်ကို/မ ၁,၅၀၀ အတွက် ပြင်ဆင်ပေးတဲ့နေရာမှာ ပါဝင်ကူညီပေးခဲ့ကြတယ်။ ခင်ပွန်းသည်နဲ့အတူ လုပ်အားပေးခဲ့တဲ့ ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “ကျွန်မအသက်တာမှာ ဒါက အကောင်းဆုံးနှစ်တစ်နှစ်ပဲ။ အမြဲ အမှတ်ရနေမှာပါ။ ညီအစ်ကို/မတွေနဲ့အတူ အချိန်အတော်ကြာ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ခဲ့ရတော့ ကမ္ဘာသစ်အသက်တာဟာ ဘယ်လိုမျိုးလဲဆိုတာ သဘောပေါက်လာတယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်းဝင်ဖြစ်ရတာ သိပ်ဂုဏ်ယူတယ်။”

နောက်ထပ် ကျင်းပဖို့ ကျန်နေသေးတဲ့ “သတင်းကောင်းဟောပါ” အထူးအစည်းအဝေးကြီးတွေကလည်း ဘုရားလူမျိုးကို စည်းလုံးစေမယ်၊ ကောင်းကင်ဘုံစံဖခင် ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းမှု ဖြစ်စေမယ်ဆိုတာကို ကမ္ဘာချီညီအစ်ကို အသင်းအပင်းလိုပဲ ကျွန်တော်တို့လည်း ယုံကြည်စိတ်ချပါတယ်။—ဖိလိပ္ပိ ၁:၂၇

a အထူးအစည်းအဝေးကြီးတွေကို အောက်ပါနေရာတွေမှာ ကျင်းပပါမယ်– ဆိုဖီယာမြို့၊ ဘူလ်ဂေးရီးယား။ စန်တီယေဂိုမြို့၊ ချီလီ#၁။ စန်တီယေဂိုမြို့၊ ချီလီ#၂။ ပရော့ဂ်မြို့၊ ချက်ပြည်သူ့သမ္မတနိုင်ငံ။ စန်တို ဒိုမင်ဂိုမြို့၊ ဒိုမီနီကန် ပြည်သူ့သမ္မတနိုင်ငံ။ ဆူဗာမြို့၊ ဖီဂျီကျွန်း။ ဟဲလ်စင်ကီမြို့၊ ဖင်လန်။ လီအွန်မြို့၊ ပြင်သစ်။ ဘေမဟော့၊ ဂွါဒီလု။ ဘူဒါပက်စ်မြို့၊ ဟန်ဂေရီ။ ရေကဗစ်၊ အိုက်စလန်။ အာဆွန်စီယွန်မြို့၊ ပါရာဂွေး။ ဇူးရစ်မြို့၊ ဆွစ်ဇာလန်။ ဖီလဒဲလ်ဖီးယားမြို့။ အမေရိကန်ပြည်ထောင်စု။ တမ်ပါမြို့၊ အမေရိကန်ပြည်ထောင်စု။