မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၂၇၊ ၂၀၁၈
ကမ္ဘာတစ်ဝန်းက သတင်းများ

ပြစ်ဒဏ်စီရင်ခံရပြီး အနှစ် ၉၀ ကြာမှ အပြစ်မရှိကြောင်း ထုတ်ပြန်ခံရသူ ဆလိုဗားကီးယားမှ မာတင် ဘော

ပြစ်ဒဏ်စီရင်ခံရပြီး အနှစ် ၉၀ ကြာမှ အပြစ်မရှိကြောင်း ထုတ်ပြန်ခံရသူ ဆလိုဗားကီးယားမှ မာတင် ဘော

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်မှုနဲ့ ရာဇဝတ်မှုအဖြစ် ပြစ်ဒဏ်စီရင်ခံရသူ မာတင် ဘောကို အပြစ်မရှိကြောင်း ဆလိုဗားကီးယား တရားရုံးက ၂၀၁၅၊ စက်တင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အနှစ် ၉၀ ကြာပြီးနောက်မှ ညီအစ်ကို ဘောကို အပြစ်မရှိကြောင်း ဆုံးဖြတ်လိုက်တာကြောင့် ဆလိုဗားကီးယား တရားရုံးအမှုတွေထဲမှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်မှုနဲ့ ပြစ်ဒဏ်စီရင်ပြီး နောက်ပိုင်းမှ အပြစ်မရှိကြောင်း ထုတ်ပြန်တဲ့အမှုတွေထဲမှာ သက်တမ်းအကြာဆုံးအမှု ဖြစ်တယ်။

ရဲစွမ်းသတ္တိရှိရှိ ရပ်တည်မှုကြောင့် ပြစ်ဒဏ်စီရင်ခံရ

မာတင် ဘော အဖမ်းခံရစဉ်က ဓာတ်ပုံ။

မာတင်ဟာ ၁၉၂၀ ပြည့်နှစ်၊ အသက် ၁၇ နှစ်မှာ အပြည်ပြည်ဆိုင်ရာ ကျမ်းစာကျောင်းသား (ယခု ယေဟောဝါသက်သေ) တစ်ဦး ဖြစ်လာတယ်။ ၁၉၂၄၊ အောက်တိုဘာလမှာ စစ်မှုထမ်းဖို့ ဖိတ်ခေါ်ခံရတယ်။ ယုံကြည်ချက်ကြောင့် စစ်မှုမထမ်းနိုင်ကြောင်း၊ သစ္စာအဓိဋ္ဌာန် မဆိုနိုင်ကြောင်း ရှင်းပြခဲ့တယ်။ ဒါကြောင့် အရာရှိတွေက စိတ်ကျန်းမာရေးပြဿနာ ရှိတယ်ထင်ပြီး ဆရာဝန်နဲ့ စစ်ဆေးခဲ့တယ်။ စိတ်ကျန်းမာရေး ပြဿနာ မရှိကြောင်း၊ သူ့ရဲ့ “ဘာသာရေး ယုံကြည်ချက်ကြောင့် အထင်မှားခြင်း ဖြစ်ကြောင်း” စစ်ဆေးတွေ့ရှိရတယ်။

မာတင်မှာ စိတ်ကျန်းမာရေး ပြဿနာ မရှိတဲ့အတွက် စစ်မှုထမ်းဖို့ ငြင်းဆိုခြင်းဟာ ကြီးလေးတဲ့ရာဇဝတ်မှု ဖြစ်ကြောင်း တရားရုံးက ၁၉၂၅၊ ဧပြီ ၂ ရက်နေ့မှာ စီရင်ဆုံးဖြတ်ခဲ့တယ်။ လက်ထပ်ပြီးခါစ ဒီလူငယ်ဟာ ထောင်ဒဏ်နှစ်နှစ် ကျနိုင်တယ်၊ တစ်ယောက်တည်း တိုက်ပိတ် ခံရနိုင်တယ်၊ အစာအငတ်ထားနိုင်ခြေရှိတာတောင် တရားရုံးမှာ ရဲစွမ်းသတ္တိရှိရှိ ရင်ဆိုင်ခဲ့တယ်။ ဒါပေမဲ့ မာတင်ဟာ ထောင်ဒဏ်အပြည့် မနေခဲ့ရဘူး။ သူ့ရဲ့ အမူအကျင့်ကောင်းကြောင့် သက်ညှာမှု ရပြီး ၁၉၂၆၊ ဩဂုတ် ၁၃ ရက်နေ့မှာ ထောင်ကနေ လွတ်လာတယ်။

ECHR ရဲ့ ဆုံးဖြတ်ချက်ကြောင့် အပြစ်မရှိကြောင်း နိုင်ငံတော်က ထုတ်ပြန်ပေး

ညီအစ်ကို ဘောဟာ ၁၉၈၅၊ ဇန်နဝါရီ ၇ ရက်နေ့မှာ သေဆုံးသွားပါတယ်။ ကျန်ရစ်သူမိသားစုက သူ့မှာ အပြစ်မရှိကြောင်း ထုတ်ပြန်ပေးဖို့ ၂၀၀၄ ခုနှစ်တုန်းက တရားရုံးကို တောင်းဆိုခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ခုနစ်နှစ်ကြာပြီးနောက် အမှုကို ပြန်စစ်ဆေးပေးဖို့ ဗရာတီစလာဗာမြို့ တရားရုံး ၁ ကို တောင်းဆိုခဲ့တယ်။ အကြောင်းကတော့ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ ပဋိညာဉ်စာတမ်းက ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်ခြင်းကို ထောက်ခံကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံး (ECHR) က ဘာရတ်ရန်နဲ့ အာမေးနီးယား အမှုကို စီရင်ဆုံးဖြတ်တဲ့အတွက်ပါပဲ။ ညီအစ်ကို မာတင်မှာ အပြစ်မရှိကြောင်း ထုတ်ပြန်ဖို့ ခိုင်လုံတဲ့ တရားဥပဒေ အခြေခံအကြောင်းရင်း ရှိပေမဲ့ ပြည်တွင်းတရားရုံးတွေက အပြစ်မရှိကြောင်း အပြီးသတ် ဆုံးဖြတ်ချက်ကို မထုတ်ပြန်ပေးကြဘူး။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့ နောက်ထပ်အမှု ပေါ်လာပြီး အခြေအနေ ပြောင်းလဲသွားပြန်တယ်။

အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်– ဗာ့ဂျဒါ အမှု

မာတင် ဘောလို့ပဲ ယေဟောဝါသက်သေတစ်ဦးဖြစ်သူ အင်မရိချ် ဗာ့ဂျဒါလည်း စစ်မှုထမ်းဖို့ ငြင်းဆိုသူ ဖြစ်တယ်။ ကွန်မြူနစ်အုပ်ချုပ်ချိန်အတွင်း ၁၉၅၉ နဲ့ ၁၉၆၁ ခုနှစ်မှာ ပြစ်ဒဏ်ချမှတ်ခံရတယ်။ ၂၀၁၄၊ မတ် ၁၃ ရက်နေ့မှာ ဆလိုဗက်သမ္မတနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ချက်ကိုစလိုဗက် ဥပဒေ အမှတ် ၁၁၉/၁၉၉၀ ကို အခြေခံပြီး အပြစ်မရှိကြောင်း ထုတ်ပြန်ပေးသင့်တယ်လို့ စီရင်ချက်ချခဲ့တယ်။ ကွန်မြူနစ်အုပ်ချုပ်ချိန်အတွင်း မတရား ပြစ်ဒဏ်ချမှတ်ခံရသူတွေကို ရည်စူးပြီး အဲဒီဥပဒေ ထုတ်ပြန်ထားတာ ဖြစ်တယ်။ အင်မရိချ် ဗာ့ဂျဒါရဲ့အမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံး စီရင်ချက်ချချိန်မှာ ဆလိုဗားကီးယားနိုင်ငံဟာ ဘာရတ်ရန်အမှု ECHR ဆုံးဖြတ်ချက်ကို လိုက်နာသင့်ကြောင်း ဦးဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့တယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်မှုနဲ့ ရာဇဝတ်သားတွေအဖြစ် ဆုံးဖြတ်စီရင်ခံရသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ဒါမှမဟုတ် လျော်ကြေးပေးဖို့ ဖော်ပြခဲ့တယ်။

ဗာ့ဂျဒါ ရဲ့အမှုမှာ အပြုသဘောပါတဲ့ ဆုံးဖြတ်ချက်ကြောင့် မိသားစုဝင်တွေက မာတင် ဘောရဲ့ အမှုကို ဗရာတီစလာဗာမြို့ တရားရုံး ၁ မှာ ပြန်တင်ခဲ့တယ်။ တရားရုံးက အမှုကို လက်ခံပြီး တရားရုံးရဲ့ ယခင်ဆုံးဖြတ်ချက်ကို ၂၀၁၅၊ စက်တင်ဘာ ၁၈ ရက်နေ့မှာ ပြင်ဆင်ပေးခဲ့တယ်။ ဒါကြောင့် မာတင် ဘောဟာ ပြစ်ဒဏ်ခံရပြီး အနှစ် ၉၀၊ သေဆုံးပြီး အနှစ် ၃၀ ကြာမှ အပြစ်မရှိကြောင်း ထုတ်ပြန်ကြေညာခံခဲ့ရတယ်။

ECHR ရဲ့ ဘာရတ်ရန်အမှု ဆုံးဖြတ်ချက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးရဲ့ ဗာ့ဂျဒါအမှု ဆုံးဖြတ်ချက်တွေကြောင့် နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့ မတရားမှုကို ပြင်ဆင်ပေးနိုင်ခဲ့တယ်။ ၁၉၄၈-၁၉၈၉ ခုနှစ်အတွင်း ပြစ်ဒဏ်စီရင်ခံခဲ့ရသူ ယေဟောဝါသက်သေ ၅၁ ယောက်ကိုလည်း ဆလိုဗားကီးယား တရားရုံးတွေက အပြစ်မရှိကြောင်း ထုတ်ပြန်ကြေညာပေးပြီးပါပြီ။