၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ
အရှေ့အာဖရိက ဌာနခွဲနယ်မြေမှာ အစည်းအဝေးခန်းမ ဆောက်လုပ်ရေးစီမံကိန်း လုပ်ဆောင်တာ နှစ်ဆယ့်ငါးနှစ် ရှိပြီ
အစည်းအဝေးခန်းမ အလုံး ၁,၀၀၀ နီးပါး ဆောက်လုပ်ပြီးစီး
အရှေ့အာဖရိက ဌာနခွဲနယ်မြေမှာ အစည်းအဝေးခန်းမ ဆောက်လုပ်တဲ့ အထူးစီမံကိန်း စခဲ့တာ ၂၀၂၄ ခုနှစ်မှာဆိုရင် ၂၅ နှစ် ပြည့်ပါပြီ။ အရှေ့အာဖရိက ဌာနခွဲနယ်မြေထဲမှာ ကင်ညာ၊ တောင်ဆူဒန်၊ ဆူဒန်နဲ့ တန်ဇန်းနီးယားနိုင်ငံ ပါဝင်တယ်။
၁၉၉၉ ခုနှစ်မှာ အုပ်ချုပ်ရေးအဖွဲ့က ဆင်းရဲချို့တဲ့နိုင်ငံတွေအတွက် အစည်းအဝေးခန်းမ ဆောက်ပေးတဲ့ အစီအစဉ် a (LWLR) ကို ခွင့်ပြုပေးလိုက်တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံ ၈၈ နိုင်ငံမှာ အစည်းအဝေးခန်းမတွေ ဆောက်လုပ်ရေး အရှိန်မြင့်လာတယ်။ ဒီအစီအစဉ်ကြောင့် ငွေကြေးဖူလုံတဲ့နိုင်ငံတွေက ပိုလျှံနေတဲ့ အလှူငွေတွေကို ငွေကြေးအကန့်အသတ်ရှိတဲ့နိုင်ငံတွေမှာ အသုံးပြုခွင့် ရသွားတယ်။ (၂ ကောရိန္သု ၈:၁၃-၁၅) ဒါ့အပြင် အစည်းအဝေးခန်းမ ဆောက်လုပ်ရေး အတွေ့အကြုံရှိသူတွေဟာ တခြားနိုင်ငံတွေကို သွားပြီး ဒေသခံညီအစ်ကို၊ ညီအစ်မတွေကို လေ့ကျင့်ပေးကြတယ်။ လေ့ကျင့်မှု ရပြီးတာနဲ့ ဒေသခံညီအစ်ကိုတွေဟာ ကိုယ့်ဒေသမှာ ဆောက်လုပ်ရေးလုပ်ငန်း ဆက်လုပ်ဆောင်ကြတယ်။ အရှေ့အာဖရိကနယ်မြေမှာ အစည်းအဝေးခန်းမ ဆက်လက် ဆောက်လုပ်နေတာဟာ ဒီအစီအစဉ် အောင်မြင်နေတယ်ဆိုတဲ့ သာဓကပါပဲ။
၁၉၉၉ ခုနှစ်တုန်းက အရှေ့အာဖရိက ဌာနခွဲနယ်မြေမှာ ကြေညာသူ ၂၃,၀၀၀ ကျော်ရှိပေမဲ့ အစည်းအဝေးခန်းမ ၅၁ လုံးပဲ ရှိတယ်။ အသင်းတော် အများစုဟာ လဟာပြင်တွေမှာ၊ အိမ်တွေမှာ၊ တခြားနေရာတွေမှာ အစည်းအဝေး ကျင်းပကြရတယ်။ LWLR အစီအစဉ် မစခင်တုန်းကဆိုရင် သစ်တိုင်၊ ရွှံ့မြေ၊ သွပ်၊ နွားချေးနဲ့ ပြာရောထားတဲ့ ပစ္စည်း စသဖြင့် ဒေသမှာရနိုင်တဲ့ ပစ္စည်းတွေနဲ့ပဲ အစည်းအဝေးခန်းမတွေကို ဆောက်လုပ်ခဲ့ရတာ။ ကင်ညာနိုင်ငံ၊ အမ်ဘူမြို့၊ ကင်းပို့စ် အသင်းတော်က ညီအစ်မ နန်စီ ရူအီသာက အရင် အစည်းအဝေးခန်းမအကြောင်း ဒီလိုပြောပြတယ်– “ကျွန်မတို့ရဲ့ အစည်းအဝေးခန်းမအဟောင်းကို သွပ်နဲ့ ဆောက်ထားတာ။ ရာသီဥတု ပူတဲ့အချိန်ဆိုရင် မီးဖိုထဲ ရောက်နေသလိုပဲ။ မိုးရွာတဲ့ အချိန်ဆိုရင်လည်း ဆူညံနေလို့ ဘာဟောသလဲ မကြားရပြန်ဘူး။ အခုတော့ နံရံကို သွပ်နဲ့ ဆောက်ထားတာ မဟုတ်တော့လို့ သိပ်ပျော်တာပဲ။ ကောင်းကောင်း နားထောင်နိုင်ပြီဆိုတော့ အစီအစဉ်ကနေ အကျိုးအပြည့်အဝရတယ်။ ရပ်ကွက်ထဲမှာလည်း သက်သေခံချက်ကောင်း ဖြစ်နေပြီ။”
အရှေ့အာဖရိကမှာ LWLR အစီအစဉ်နဲ့ ဆောက်ခဲ့တဲ့ ပထမဆုံး အစည်းအဝေးခန်းမကတော့ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့မှာပါ။ ၂၅ နှစ်ကျော်ကာလအတွင်း ဌာနခွဲနယ်မြေအတွင်းမှာ အစည်းအဝေးခန်းမ ၅၁ လုံးကနေ ၁,၀၀၀ နီးပါးအထိ တိုးများလာပါပြီ။
အရှေ့အာဖရိက ဌာနခွဲနယ်မြေအတွင်းမှာ နိုင်ငံတော်သတင်းကောင်းအကြောင်း လေ့လာသင်ယူချင်တဲ့သူ တိုးများလာတဲ့အတွက် အစည်းအဝေးခန်းမတွေ ဆက်ပြီး လိုအပ်နေပါတယ်။ အရှေ့အာဖရိက ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနက လက်ထောက်ကြီးကြပ်မှူး ညီအစ်ကို တိမောသေ စတီဖင် ဒီလို ပြောတယ်– “၂၀၂၄ ခုနှစ်အထိ အစည်းအဝေးခန်းမအသစ် ၁၂၆ လုံး ဆောက်လုပ်ဖို့၊ ခန်းမ အလုံး ၂၀၀ ကျော်ကို ပြုပြင်ထိန်းသိမ်းသိမ်းဖို့ လိုနေပါတယ်။ နောက်ငါးနှစ်အတွင်းမှာ နောက်ထပ် အစည်းအဝေးခန်းမတွေ အများကြီး ထပ်လိုဦးမယ်လို့ ခန့်မှန်းရပါတယ်။”
အရှေ့အာဖရိကနဲ့ ကမ္ဘာတစ်ဝန်းက ညီအစ်ကို ညီအစ်မတွေရဲ့ လိုအပ်ရာကို ဖြည့်ဆည်းပေးဖို့ ကိုယ်ကျိုးစွန့်ပြီး ကြိုးစားကူညီပေးမှုတွေအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ အစည်းအဝေးခန်းမတွေဟာ စင်ကြယ်တဲ့ဝတ်ပြုရေးကို ထွန်းကားပျံ့နှံ့စေပြီး ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းမှု ဖြစ်စေတဲ့အတွက် ဒီဆောက်လုပ်ရေးလုပ်ငန်းကို ဘုရား ဆက်ကောင်းချီးပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ဟေရှာယ ၂:၃။
a ဆင်းရဲချို့တဲ့နိုင်ငံတွေအတွက် အစည်းအဝေးခန်းမ ဆောက်ပေးတဲ့ အစီအစဉ် နေရာမှာ ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနနဲ့ ၂၀၁၄ ခုနှစ်မှာ အစားထိုးလိုက်ပါတယ်။