မာတိကာဆီ ကျော်သွား

ညီအစ်ကို အလက်ဆန်ဒါ အူရ်ဆု

ဒီဇင်ဘာ ၄၊ ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

အသက် ၈၀ အရွယ် ညီအစ်ကို အလက်ဆန်ဒါ အူရ်ဆုရဲ့ ခံနိုင်ရည် မှတ်တမ်း

အသက် ၈၀ အရွယ် ညီအစ်ကို အလက်ဆန်ဒါ အူရ်ဆုရဲ့ ခံနိုင်ရည် မှတ်တမ်း

“ကျွန်တော်တို့ကို ယေဟောဝါ ဂရုစိုက်စောင့်ရှောက်ခဲ့သလို နောင်လည်း ဆက်စောင့်ရှောက်ပေးမှာ သေချာတယ်။”

၂၀၁၈၊ နိုဝင်ဘာ ၁၅ ရက်နေ့ ညနေစောင်းအချိန်မှာပါ။ ခရိုင်းမီးယား၊ ဂျန်ကွိုင်မြို့က အသက် ၇၈ နှစ်အရွယ် ညီအစ်ကို အလက်ဆန်ဒါ အူရ်ဆုဟာ သားဖြစ်သူ ဗစ်တာကို ကြိုဖို့ အိမ်ရှေ့ဘက် ထွက်လာတယ်။ ခြံတံခါး ခပ်လှမ်းလှမ်းက မီးအလင်းရောင်ကြောင့် အံ့သြသွားတယ်။ “ရပ်လိုက်၊ ရဲတွေ ဝိုင်းထားတယ်” ဆိုတဲ့ အော်သံ ကြားလိုက်ရတယ်။

တစ်ယောက်ယောက် နောက်နေတယ် ထင်ပေမဲ့ အခြေအနေကို အလက်ဆန်ဒါ ချက်ချင်း ရိပ်မိသွားတယ်။ မျက်နှာဖုံးစွပ်ထားသူတစ်ယောက် လက်မောင်းကို လာဖမ်းချုပ်ပြီး လက်နောက်ပြန် ချုပ်ထားလိုက်တယ်။ နောက်တစ်ယောက်က မျက်နှာကို လက်သီးနဲ့ ထိုးတယ်။ ဖယ်ဒရယ် လုံခြုံရေးဌာန အဖွဲ့ဝင် ခြောက်ယောက်က စက်သေနတ် ကိုင်ထားပြီး အလက်ဆန်ဒါနဲ့ ဗစ်တာရဲ့ ကိုယ်မှာ ရှာဖွေစစ်ဆေးတယ်။ ပြီးတဲ့နောက် တစ်အိမ်လုံး မွှေနှောက်ရှာဖွေတယ်။

ရဲတွေ ဝင်လာချိန်မှာ အလက်ဆန်ဒါရဲ့ ဇနီး နီနာ မီးဖိုချောင်မှာ ရှိနေတယ်။ နီနာရဲ့ ဖုန်းကို ဆွဲလုပြီး ဘာတွေ ကြည့်သလဲဆိုပြီး မေးတယ်။ အကြာကြီး မွှေနှောက်ရှာဖွေကြပေမဲ့ ရုရှားထုတ်ပြန်တဲ့ အစွန်းရောက်စာပေ စာရင်းဝင်တဲ့ စာပေတစ်ခုမှ ရှာမတွေ့ဘူး။

၂၀၂၀ ခုနှစ်၊ ညီအစ်ကို အလက်ဆန်ဒါ အူရ်ဆုနဲ့ ဇနီး နီနာ

အသက်ကြီး ညီအစ်ကို အဖမ်းတော့ မခံရဘူး။ အလက်ဆန်ဒါနဲ့ ရုရှား၊ ခရိုင်းမီးယားမှာရှိတဲ့ သက်သေခံတွေဟာ ရဲတွေ အချိန်မရွေး လာဖမ်းနိုင်မှန်း သိထားကြတယ်။ ဒီစမ်းသပ်မှုကို ခံရပ်နိုင်ဖို့ အလက်ဆန်ဒါဟာ သစ္စာရှိရှိ ခံရပ်ခဲ့တဲ့ မိသားစုဝင်တွေရဲ့ စံနမူနာကောင်းအပြင် ဆိုဗီယက် အုပ်ချုပ်မှုအောက် နှိပ်စက်ညှဉ်းဆဲခံခဲ့ချိန် ကိုယ်တွေ့ ကြုံခဲ့ရတာတွေကို ပြန်တွေးတောဆင်ခြင်တယ်။

၁၉၄၉၊ ဇူလိုင် ၆ ရက်မှာ ဆိုဗီယက် စစ်သားတွေ ညကြီးအချိန်မတော် အိမ်ထဲ ဝင်ရောက်ရှာဖွေတုန်းက အလက်ဆန်ဒါ ကိုးနှစ်သားပဲ ရှိသေးတယ်။ ပစ္စည်းတွေကို ဧည့်ခန်းကြမ်းပြင်ပေါ် ပစ်ချပြီး အထုတ်ပြင်ကြလို့ ပြောတယ်။ “စစ်သားတွေအလစ်မှာ အမေက ကျမ်းစာစာပေတွေကို ကျွန်တော်တို့ပစ္စည်းတွေကြားထဲ ရောပြီး ဖွက်လိုက်တယ်။ ဘုရားသခင့်စောင်းတော် စာအုပ်လည်း ပါတယ်” လို့ အလက်ဆန်ဒါ ပြောတယ်။ စစ်သားတွေက တစ်မိသားစုလုံးကို ဘူတာရုံ ခေါ်သွားတယ်။

နေရာသစ် ဆိုက်ဘေးရီးယားဆီ ဦးတည်ခုတ်မောင်းနေတဲ့ ရထားပေါ်မှာ အလက်ဆန်ဒါ မိသားစုနဲ့ တခြား သက်သေခံတွေဟာ ဘုရားနိုင်ငံတော်သီချင်းတွေ သတ္တိရှိရှိ သီဆိုကြတယ်။ ၁၉၄၉ နဲ့ ၁၉၅၁ ခုနှစ်အတွင်း ဆိုက်ဘေးရီးယားကို ပြည်နှင်ခံရတဲ့ ညီအစ်ကို/မ ထောင်နဲ့ချီထဲမှာ သူတို့လည်း ပါတယ်။

၁၉၅၀ ပြည့်လွန်နှစ်တွေအတွင်း ဆိုက်ဘေးရီးယားက ညီအစ်ကိုတွေဟာ ယာတောတွေမှာ လျှို့ဝှက် စုဝေးခဲ့ရတယ်။ တချို့က အစည်းအဝေး တက်နိုင်ဖို့ ၁၃ မိုင်ကျော် ခြေကျင်လျှောက်ခဲ့ရတယ်။

သစ္စာရှိ မိသားစုဝင်တွေဆီကနေ အလက်ဆန်ဒါ ခွန်အားရခဲ့တယ်။ အဘေး မာကာ၊ အဘိုး မာ့စင်၊ အဘိုးလေး ဗလာဒီမာ၊ အဖေ ပြူဒါတို့ဟာ တည်ကြည် ခံရပ်ခဲ့ကြသူတွေ ဖြစ်တယ်။

ဝဲဘက်ပုံ၊ လက်ယာရစ်သို့- ညီအစ်ကို အလက်ဆန်ဒါ အူရ်ဆု သား ဗစ်တာကို ချီထား။ ဇနီး နီနာ၊ မိခင် နာဒဇ်ဒါ၊ ဖခင် ပြူဒါ (အလက်ဆန်ဒါရဲ့ သမီး) ဒိုင်နာကို ချီထား။ ယာဘက်ပုံ- အလက်ဆန်ဒါ အဘိုး မာ့စင်ရဲ့ ညီ ဗလာဒီမာ အူရ်ဆု။ ဗလာဒီမာနဲ့ မာ့စင်တို့ ထောင်ထဲမှာ သစ္စာရှိစွာ သေဆုံး

အလက်ဆန်ဒါရဲ့ ဖခင်ဟာ ၁၉၄၄ မှာ စစ်မှုမထမ်းလို့ ထောင်ဆယ်နှစ် ကျခဲ့တယ်။ ခါးရိုး အက်ပြီး လမ်းမလျှောက်နိုင်တော့လို့ သုံးနှစ်အကြာမှာ ထောင်က လွတ်လာတယ်။ ဖခင်က ဒါဝိဒ်၊ ဂေါလျတ်၊ ဒါဝိဒ်နဲ့ မိတ်ဆွေ ယောနသန်အကြောင်း ပြောပြတာကို အလက်ဆန်ဒါ အမှတ်ရနေတယ်။

“အဘိုးလေး ဗလာဒီမာဟာ WBBR ရေဒီယို ထုတ်လွှင့်မှုကို အမြဲ နားထောင်တယ်။ ကျမ်းစာစာပေတွေ လက်ခံတယ်။ အဲဒီတုန်းက ရေဒီယို ဆောင်ထားခွင့် မရှိဘူး။ ဒါကြောင့် မြေအောက်ခန်းငယ်တစ်ခု ဆောက်ပြီး သူနဲ့ စိတ်ဝင်စားသူတချို့ ရေဒီယို ထုတ်လွှင့်မှုကို နားထောင်ကြတယ်။”

၁၉၄၀ ပြည့်လွန်နှစ်တွေမှာ “စိတ်ဝင်စားသူတစ်ယောက်” က မြေအောက်ခန်းနေရာကို သတင်းပေးလိုက်တယ်။ အဘိုးလေးနဲ့ အဘိုး အဖမ်းခံရပြီး နေအိမ်ကနေ မိုင် ၅၀ လောက်ဝေးတဲ့ ယူကရိန်းအနောက်ပိုင်း ခိုတင်မှာ ထောင်ကျသွားတယ်။

“အဖွားက ခြေကျင်လျှောက်ပြီး ထောင်ဝင်စာ သွားတွေ့တယ်။ သူတို့ ဘယ်လောက် ယုံကြည်ခြင်း ခိုင်ခံ့သလဲဆိုရင် အရိုက်ခံထားရတာတောင် ပြုံးပြုံးပျော်ပျော်ပဲလို့ အဖွား ပြန်ပြောပြတယ်။” အဘိုးလေးနဲ့ အဘိုး ထောင်ထဲမှာပဲ ဆုံးသွားရှာတယ်။

“သူတို့ ဘာတွေ ကြုံခဲ့ရလို့ ဘယ်လိုများ သေဆုံးသွားလဲ၊ ဘယ်မှာ မြှုပ်လိုက်ကြသလဲ ကျွန်တော်တို့ ဘာမှ မသိရဘူး။ ဒါပေမဲ့ သေတဲ့အထိ ယေဟောဝါကို သစ္စာရှိသွားကြမှန်း သိရလို့ အားရှိတယ်” ဆိုပြီး အလက်ဆန်ဒါ ပြောတယ်။

အလက်ဆန်ဒါ မိသားစုဝင်တွေရဲ့ သစ္စာရှိမှု၊ ဆိုက်ဘေးရီးယားမှာ ကိုယ်တွေ့ ကြုံခဲ့ရတာတွေက လက်ရှိ နှိပ်စက်ညှဉ်းဆဲမှုကို ခံနိုင်စေတယ်။ “ကလေးဘဝကတည်းက ရှာဖွေစစ်ဆေးတာတွေ ကြုံနေကျဆိုတော့ မဆန်းတော့ဘူး။ ကျွန်တော်တို့ကို ယေဟောဝါ ဂရုစိုက်စောင့်ရှောက်ခဲ့သလို နောင်လည်း ဆက်စောင့်ရှောက်ပေးမှာ သေချာတယ်” လို့ သူ ပြောတယ်။

“နေ့တိုင်း ကျမ်းစာ လေ့လာတယ်၊ တွေးတောဆင်ခြင်တယ်။ အစည်းအဝေးတွေ ပုံမှန်တက်တယ်။ ညီအစ်ကို/မတွေနဲ့ အမြဲ ဆက်သွယ်ပြောဆိုတယ်။ ဒါတွေကလည်း ကျွန်တော့်ကို ခံနိုင်ရည် ရှိစေတယ်။”

နှိပ်စက်ခံရတဲ့ ညီအစ်ကိုတွေရဲ့ အမှုကြားနာစစ်ဆေးခြင်းအကြောင်း အမြဲ ဖတ်တယ်။ သူတို့ရဲ့ သတ္တိက အားရှိစေတယ်။ “တရားရုံးမှာ ညီအစ်ကိုတွေရဲ့ ပြောဆိုချက်တွေကို ဖတ်တယ်။ သူတို့ရဲ့ ရဲရင့်မှုက ‘ခင်ဗျားတို့ကို ဘုရင်ခံတွေ၊ ဘုရင်တွေရှေ့ ပို့ဆောင်ကြလိမ့်မယ်။ ဒီနည်းနဲ့ သူတို့ကိုရော လူမျိုးခြားတွေကိုပါ သက်သေခံခွင့် ရလိမ့်မယ်’ ဆိုတဲ့ ယေရှုရဲ့ ကြိုဟောချက် ပြည့်စုံစေတယ်။”—မဿဲ ၁၀:၁၈

ညီအစ်ကို/မတွေဟာ ယေဟောဝါဘုရားရဲ့ ထောက်မမှုကြောင့် ဆက်ခံရပ်နေကြပါတယ်။ ဆက်ပျော်ရွှင်အောင်မြင်နေကြပါတယ်။ “[ယေဟောဝါ] ဆီ ခိုလှုံသူတွေကတော့ ဝမ်းမြောက်လိမ့်မယ်။ အစဉ်အမြဲ ရွှင်လန်းစွာ သီချင်းဆိုလိမ့်မယ်” ဆိုတဲ့ ကျမ်းစကား မှန်ကန်ကြောင်း သက်သေထူနေကြပါတယ်။—ဆာလံ ၅:၁၁