မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၁၄၊ ၂၀၁၉
ကမ္ဘာတစ်ဝန်းက သတင်းများ

ဩစတြီးယားနဲ့ ဂျာမနီမှာ အာရဗီစကားပြောသူတွေအတွက် အထူးကင်ပိန်း ပြုလုပ်

ဩစတြီးယားနဲ့ ဂျာမနီမှာ အာရဗီစကားပြောသူတွေအတွက် အထူးကင်ပိန်း ပြုလုပ်

ဩစတြီးယားနဲ့ ဂျာမနီမှာ ၂၀၁၉၊ ဩဂုတ် ၃၁ ကနေ အောက်တိုဘာ ၂၆ အထိ ကင်ပိန်းတစ်ခု ပြုလုပ်ခဲ့တယ်။ အာရဗီစကားပြောသူတွေကို ကျမ်းစာအကြောင်းဟောပြောတဲ့ အဲဒီကင်ပိန်းမှာ ဆယ့်ကိုးနိုင်ငံက ညီအစ်ကို၊ ညီအစ်မတွေ ပါဝင်ခဲ့ကြတယ်။ ဒီအထူးကင်ပိန်းကာလအတွင်း ယေဟောဝါသက်သေ ၁,၇၈၂ ယောက်ဟာ ကျမ်းစာပညာပေးလုပ်ငန်းအတွက် ၄၀,၇၂၄ နာရီ အသုံးပြုခဲ့ကြတယ်။ ဗီဒီယိုပြသမှု ၄,၄၈၃ ကြိမ်ရှိခဲ့ပြီး ကျမ်းစာအခြေပြုစာပေ ၂၄,၇၆၉ စောင် ဝေငှခဲ့ကြတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဩစတြီးယားနဲ့ ဂျာမနီကို ဒုက္ခသည် တစ်သန်းကျော် ဝင်ရောက်ခဲ့ပြီး အများစုက အာရဗီစကားပြော နိုင်ငံတွေက ဖြစ်တယ်။ ဒုက္ခသည်အများစုဟာ နှစ်သိမ့်မှုပေးတဲ့ ကျမ်းစာသတင်းတရားကို တစ်ခါမှ မကြားဖူးဘူး။ ကနေဒါ၊ အမေရိကန်နဲ့ တခြား ဥရောပနိုင်ငံကလာတဲ့ ညီအစ်ကို၊ ညီအစ်မတွေဟာ ဩစတြီးယားနဲ့ ဂျာမနီမှာရှိတဲ့ အာရဗီစကားပြောလယ်ကွင်းမှာ အမှုဆောင်နေတဲ့ ကြေညာသူ ၁,၁၀၈ ယောက်ကို ကူညီပေးခဲ့တယ်။ သူတို့ဟာ ဘာလင်၊ ကိုလုံး၊ ဒရက်စ်ဒန်၊ ဖရန့်ဖတ်၊ ဂရပ်၊ ဟမ်ဘာ့ဂ်၊ ဗီယင်နာ စတဲ့ အထင်ကရမြို့ကြီးတွေ အပါအဝင် နယ်မြေ ၂၄ ခုမှာ အတူဟောပြောခဲ့ကြတယ်။

“ဒီကင်ပိန်းက ကျွန်တော်တို့အတွက် ဒီလောက်အထိ အကျိုးရှိမယ်လို့ မထင်ထားဘူး။ တခြားနိုင်ငံကလာတဲ့ ညီအစ်ကို၊ ညီအစ်မတွေက ကျွန်တော်တို့ကို အားတက်စေတယ်။ သူတို့ရဲ့အကူအညီအတွက် သိပ်ကျေးဇူးတင်တယ်။ ဒီအထူးကင်ပိန်းမှာ ပါဝင်ခွင့်ရလို့ ကျွန်တော်တို့ တကယ် ကျေးဇူးတင်ကြတယ်” လို့ ဒေသခံ ညီအစ်ကိုတစ်ယောက်က ပြောတယ်။

အာရဗီစကားပြော နိုင်ငံတစ်နိုင်ငံက လူငယ်တစ်ဦးဟာ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတစ်ခုကို တက်ပြီးနောက် ညီအစ်ကိုတစ်ယောက်နားလာပြီး စိတ်လှုပ်ရှားစွာနဲ့ “ဂျာမန်လို မဟာဘာရဲ့ အဓိပ္ပာယ်ကို သိလား” လို့ မေးတယ်။

ညီအစ်ကိုက “လီဘာ (မေတ္တာ)” လို့ ပြန်ဖြေလိုက်တယ်။

လူငယ်က “ဟုတ်တယ်။ မေတ္တာကို ဒီနေရာမှာ လုပ်ရပ်နဲ့ တွေ့လိုက်ရတယ်။ ခင်ဗျားတို့က သိပ်ကြင်နာတယ်။ လူတိုင်းက ကျွန်တော့်ကို ကြိုဆိုတယ်၊ လက်ဆွဲနှုတ်ဆက်တယ်။ နိုင်ငံအမျိုးမျိုးက လာတဲ့လူတွေ တစ်ယောက်ကိုတစ်ယောက် လေးလေးစားစား ဆက်ဆံတာ တွေ့ရတယ်။ လူတိုင်းသာ ဒီလိုမျိုးဆိုရင် ကမ္ဘာကြီးက ပိုကောင်းလာမှာ သေချာတယ်” လို့ ပြောတယ်။

အမျိုးသား နောက်တစ်ယောက်ကလည်း ယေဟောဝါသက်သေတွေအကြောင်း ဒီလို ပြောတယ်– “လူတွေနဲ့ ဘယ်လို ဆက်ဆံရမယ်ဆိုတာကို ခင်ဗျားတို့ သိတယ်။ ခင်ဗျားတို့က ကမ္ဘာပေါ်မှာ အကောင်းဆုံးလူတွေပဲ။”

အာရဗီစကားပြော တိုင်းပြည်ကနေ ဂျာမနီကို ပြောင်းလာတာ တစ်နှစ်လောက် ရှိနေပြီဖြစ်တဲ့ မောင်နှံစုံက ညီအစ်ကိုတွေကို လက်ဖက်ရည်သောက်ဖို့ အိမ်ထဲ ဖိတ်ခေါ်လိုက်တယ်။ ညီအစ်ကိုတွေက လာရတဲ့အကြောင်းရင်းကို ရှင်းပြတဲ့အခါ ဇနီးဖြစ်သူက “ရှင်တို့က ယေဟောဝါသက်သေတွေလား” လို့မေးတယ်။ ညီအစ်ကိုတွေက ဟုတ်တယ်လို့ ဖြေလိုက်တဲ့အခါ ဇနီးဖြစ်သူက “မယုံနိုင်စရာပဲ။ ရှင်တို့ကို လိုက်ရှာနေတာ လနဲ့ချီ ရှိပြီ။ ဘူတာရုံမှာတောင် ကျွန်မ သွားရှာသေးတယ်။ အခု ရှင်တို့က ဒီကိုရောက်လာတယ်။ ကျွန်မဆီ ရောက်လာတယ်။ ဘုရား ပို့လိုက်တာပဲ” လို့ ပြောတယ်။

“လူမျိုးတကာ” ကို ကျမ်းစာမှာပါတဲ့ မျှော်လင့်ချက်သတင်းတရားအကြောင်း ဟောပြောဖို့ ဒီအထူးကင်ပိန်းမှာ ထက်ထက်သန်သန် ပါဝင်ခဲ့ကြတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို ယေဟောဝါ တကယ် ကောင်းချီးပေးခဲ့တယ်။—မဿဲ ၂၈:၁၉