မာတိကာဆီ ကျော်သွား

အောက်တိုဘာ ၁၁၊ ၂၀၁၉
ကမ္ဘာတစ်ဝန်းက သတင်းများ

၂၀၁၉ နှစ်ပတ်လည်အစည်းအဝေး အကျဉ်းချုပ်

၂၀၁၉ နှစ်ပတ်လည်အစည်းအဝေး အကျဉ်းချုပ်

၂၀၁၉၊ အောက်တိုဘာ ၅ ရက်၊ စနေနေ့မှာ ပင်စီဗေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်းက အမေရိကန်၊ နယူးယောက်၊ နယူးဘာ့ခ်က ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးခန်းမမှာ နှစ်ပတ်လည် လုပ်ငန်းအစည်းအဝေးကို ကျင်းပခဲ့တယ်။ အဲဒီအစည်းအဝေးပြီးနောက် အုပ်ချုပ်ရေးအဖွဲ့က ချိတ်ဆက်ထားတဲ့ နေရာတွေအပါအဝင် တက်ရောက်သူ ၂၀,၆၇၉ ယောက်ကို တည်ဆောက်မှုဖြစ်စေတဲ့ ဘုရားရေးရာအစီအစဉ် တင်ဆက်ခဲ့တယ်။ အစီအစဉ်တစ်ခုစီရဲ့ အကျဉ်းချုပ်ကို အောက်မှာ ဖော်ပြထားတယ်။ a

“ခင်ဗျားတို့မှာ ခရစ်တော်ဆိုတဲ့ ခေါင်းဆောင် တစ်ယောက်ပဲ ရှိတယ်”

အစီအစဉ်သဘာပတိဖြစ်သူ ညီအစ်ကို ဂဲရစ်လော့ရှ်က မဿဲ ၂၃:၁၀ အပေါ်အခြေခံထားတဲ့ အဖွင့်ဟောပြောချက်ကို တင်ဆက်ခဲ့တယ်။ ဒီဟောပြောချက်က ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဟာ ဘယ်လူသားမှမဟုတ်ဘဲ ယေရှုခရစ် ဖြစ်ကြောင်း သတိရစေတယ်။

ယေဟောဝါ အသုံးပြုတဲ့ ကျွန်တော်တို့ရဲ့ ကယ်ဆယ်ရေးလုပ်ငန်း

ညီအစ်ကို စတီဗင်လတ်က ရက်ရောသူဖြစ်ဖို့ အရေးကြီးကြောင်း ရှင်းပြခဲ့တယ်။ ရက်ရောမှု ပြနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ ကယ်ဆယ်ရေးလုပ်ငန်းကို ထောက်မတာပါပဲ။ ၂၀၁၈ နဲ့ ၂၀၁၉ လုပ်ငန်းတော်နှစ်တွေအတွင်း သဘာဝဘေးတွေကြောင့် ဖြစ်ခဲ့တဲ့ ထိခိုက်ပျက်စီးမှုတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းအကြောင်း အကျဉ်းချုပ်ကို ညီအစ်ကိုလတ် တင်ပြခဲ့တယ်။ သဘာဝဘေးဒဏ် ခံခဲ့ရတဲ့ ညီအစ်ကို၊ ညီအစ်မ ၉၀၀,၀၀၀ ကျော်ရှိတယ်။ နိုင်ငံတော်ခန်းမ ၇၀၀ ကျော်နဲ့ ညီအစ်ကိုတွေရဲ့ နေအိမ် ၁၅,၀၀၀ ဟာ အနည်းငယ် ထိခိုက် ဒါမှမဟုတ် ပျက်စီးသွားခဲ့တယ်။ ယေဟောဝါသက်သေတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းအတွက် ဒေါ်လာ ၄၉.၅ သန်း အသုံးပြုခဲ့တယ်။

ဒီဟောပြောချက်မှာ ကယ်ဆယ်ရေးလုပ်ငန်းကနေ အကျိုးခံစားရတဲ့ ကြေညာသူတွေရဲ့ ကျေးဇူးတင်စကားတွေပါတဲ့ ဗီဒီယိုတွေ ပါဝင်တယ်။

‘ဘုရားသခင် ထောက်မပေးနေတယ်။ အခုပဲ တည်ဆောက်ကြစို့’ | ဗီဒီယို

ယေဟောဝါသက်သေတွေဟာ ကမ္ဘာတစ်ဝန်းလုံးက အဆောက်အဦ ၈၀,၀၀၀ နီးပါးကို ပြုပြင်ထိန်းသိမ်းပေးတဲ့အကြောင်း ဒီဗီဒီယိုက ရှင်းပြတယ်။ ဝတ်ပြုရေးနဲ့သက်ဆိုင်တဲ့ အဆောက်အဦတွေကို ထိန်းသိမ်းပုံ၊ ပြုပြင်မွမ်းမံပုံ၊ ဆောက်လုပ်ပုံအကြောင်းလည်း ဆွေးနွေးခဲ့တယ်။

မြေနေရာတွေနဲ့ပတ်သက်တဲ့ သမိုင်းမှတ်တမ်း | ဗီဒီယို

အမေရိကန် ဌာနခွဲနဲ့ ကမ္ဘာ့ဌာနချုပ်အတွက် မြေနေရာတွေကို ရွေးချယ်ဝယ်ယူခဲ့တဲ့ ဟိုးတုန်းက ညီအစ်ကို သုံးဦးရဲ့ လူတွေ့မေးမြန်းခန်းကို ကြည့်ရှုခဲ့ကြတယ်။ သူတို့ကတော့ ညီအစ်ကို မက်စ် လာဆန်၊ ညီအစ်ကို ဂျော့ချ် ကို့ချ်၊ ညီအစ်ကို ဂေးလ်ဘာ့တ် နာဇာရော့ဖ် တို့ဖြစ်ကြတယ်။ ညီအစ်ကို သုံးယောက်စလုံးက ဒီမြေနေရာတွေကို ရရှိနိုင်ဖို့ ယေဟောဝါ ဘယ်လို ကူညီပေးခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတဲ့အကြောင်း ပြောပြခဲ့ကြတယ်။

ဆောက်လုပ်ရေးစီမံကိန်းအသစ်တစ်ခု စီစဉ်နေ | ဗီဒီယို

ယေဟောဝါသက်သေတွေဟာ မီဒီယာ ထုတ်လွှင့်မှုဌာနတွေကို တစ်နေရာတည်းမှာ တစ်ပေါင်းတစ်စည်းရှိနိုင်ဖို့ နယူးယောက်ပြည်နယ်၊ ရာမာဖိုမြို့မှာ အဆောက်အဦအသစ် ဆောက်လုပ်မယ့်အကြောင်း ဒီဗီဒီယိုမှာ ကြေညာခဲ့တယ်။ အဲဒီနေရာက နယူးယောက်ပြည်နယ်၊ ဝေါဝစ်ကမ္ဘာ့ဌာနချုပ်နဲ့ နှစ်မိုင် (၃ ကီလိုမီတာ) လောက်မှာရှိတယ်။ ၂၀၂၂ မှာ စဆောက်ပြီး ၂၀၂၆ ဒီဇင်ဘာမှာ ပြီးစီးဖို့ ပန်းတိုင်ရှိတယ်။ အလုပ်အများဆုံးအချိန်မှာ တစ်ရက်ကို လုပ်အားပေး ၁,၅၀၀ လောက် လိုအပ်လိမ့်မယ်။

နယူးယောက်ပြည်နယ်၊ ရာမာဖိုမြို့မှာ ဆောက်လုပ်မယ့် ဗေသလအဆောက်အဦအသစ် ပုံစံ။ စတူဒီယိုအခန်း၊ ရုံးခန်း၊ လူနေခန်းနဲ့ ဧည့်သည် လည်ပတ်တဲ့နေရာတွေ ပါဝင်

လျှောက်လွှာတင်နိုင်တဲ့ နည်းစနစ်အသစ် | ဗီဒီယို

၂၀၂၀ ဇန်နဝါရီက စပြီး အမှုဆောင်လုပ်ငန်း တိုးချဲ့လိုတဲ့ ကြေညာသူတွေဟာ jw.org ဝက်ဘ်ဆိုက်ကတစ်ဆင့် အကြီးအကဲတွေကို လျှောက်လွှာတင်နိုင်ကြောင်း ဒီဗီဒီယိုမှာ ရှင်းပြထားတယ်။

JW.ORG ဝက်ဘ်ဆိုက်က အသံဖိုင်တွေကို ဖွင့်နိုင်တဲ့ နည်းလမ်းအသစ်

jw.org ဝက်ဘ်ဆိုက်မှာ အသံဖိုင်တချို့ကို Amazon Alexa ဒါမှမဟုတ် Google Assistant နဲ့ ဖွင့်နိုင်ပါပြီ။

မြောက်ဘက်ကလာတဲ့ တိုက်ခိုက်မှု

ညီအစ်ကို ဒေးဗစ် စပလိန်းက ယောလ အခန်းကြီး ၂ မှာပါတဲ့ ကျိုင်းကောင်အုပ်အကြောင်း ကြိုဟောချက်ကို ပိုနားလည်ရအောင် ရှင်းပြတယ်။ ဒီရှင်းပြချက်အသစ်ကို ကင်းမျှော်စင်မှာ လေ့လာကြမယ်။

မဿဲကျမ်းကနေ တမန်တော်ကျမ်းအထိ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း (လေ့လာရန် ကျမ်း)

လေ့လာရန် ကျမ်းစာနဲ့ ကျမ်းစာကို လေ့လာရန်

ညီအစ်ကို ဆယ်မြူအယ် ဟာ့ဒ်က အွန်လိုင်းမှာ ဖတ်နိုင်တဲ့ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း (လေ့လာရန် ကျမ်း) ရဲ့အကျိုးကျေးဇူးတွေကို ပေါ်လွင်စေတယ်။ အဲဒီနောက် မဿဲကျမ်းကနေ တမန်တော်ကျမ်းအထိ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း (လေ့လာရန် ကျမ်း) ကို ပုံနှိပ်စာအုပ် ပုံစံနဲ့ ထုတ်ဝေလိုက်တယ်။ အဲဒီပုံနှိပ်စာအုပ်ကို ရချင်တဲ့ ကြေညာသူတွေက မိမိအသင်းတော်ကနေ တောင်းဆိုနိုင်တယ်။

လုပ်စရာအလုပ်ရှိ

ခရစ်ယာန်စစ်တွေအတွက် သတင်းကောင်းဟောပြောခြင်းဟာ အရေးအကြီးဆုံး တာဝန်ဖြစ်တယ်လို့ ညီအစ်ကို အန်တိုနီမောရစ် အလေးအနက် ဖော်ပြခဲ့တယ်။ ဟောပြောခြင်းလုပ်ငန်းကို ဖွဲ့စည်းစီစဉ်ဖို့၊ ယေဟောဝါရဲ့လူတွေ အချိန်တန်အစာ စားနိုင်ဖို့ ဝတ်ပြုရေးနဲ့သက်ဆိုင်တဲ့ လုပ်ငန်းမှန်သမျှက အုပ်ချုပ်ရေးအဖွဲ့ကို ထောက်ကူပေးတယ်။ ညီအစ်ကိုမောရစ်က ၁၉၇၆၊ နိုဝင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်ထဲက အားရှိစရာ စကားတွေကို ဒီလိုကိုးကားခဲ့တယ်- “ကြီးစွာသောဒုက္ခ ရောက်လာတာနဲ့ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းမှာ ခါတိုင်းထက် အလုပ်များနေသင့်တယ်။ ဘယ်သူမှ မထင်မမှတ်တဲ့ အချိန်မှာ သခင်ယေရှု ရောက်ရှိလိမ့်မယ်။ အဲဒီအချိန်ဟာ ဘုရားလူမျိုးတွေအတွက် အလုပ်အများဆုံးအချိန်လည်းဖြစ်လို့ သူတို့တောင် အံ့ဩမိမယ်။”

ဘာကြောက်စရာရှိလို့လဲ

ယေရှု ကြိုဟောခဲ့သလို ဘုရားလူတွေဟာ ‘လူအားလုံး’ ရဲ့ အမုန်းခံရမယ်ဆိုတာ ကြိုသိထားကြတယ်လို့ ညီအစ်ကို မာ့ခ်ဆန်ဒါစန် ရှင်းပြခဲ့တယ်။ (မဿဲ ၂၄:၉) ဒါပေမဲ့ လူကို မဟုတ်ဘဲ ယေဟောဝါကိုပဲ ကြောက်ရွံ့ဖို့ ညီအစ်ကို ဆန်ဒါစန် အားပေးခဲ့တယ်။—ဆာလံ ၁၁၁:၁၀

ရုရှားက ညီအစ်ကို၊ ညီအစ်မတွေဟာ နှိပ်စက်ညှဉ်းပန်းခံရမှာကို မကြောက်ဖို့ ဘာလုပ်ခဲ့တဲ့အကြောင်း နှလုံးထိမိတဲ့ ဗီဒီယိုတစ်ခု တင်ဆက်ခဲ့တယ်။ ဒီဟောပြောချက်နဲ့ ဗီဒီယိုဟာ တခြားညီအစ်ကို၊ ညီအစ်မတွေကိုလည်း ထပ်တူစိတ်ဓာတ်မျိုး မွေးမြူဖို့ ခွန်အားပေးတယ်။

တကယ်ပဲ တည်ငြိမ်နေသလား

ညီအစ်ကို ဂျက်ဖရီဂျက်ဆင်က ခရစ်ယာန်ဂရိကျမ်းချက်တွေမှာပါတဲ့ “တည်ငြိမ်” လို့ အဓိပ္ပာယ်ရှိတဲ့ စကားလုံးရဲ့ သက်ဆိုင်ပုံကို ရှင်းပြတယ်။ ဒီနောက်ဆုံးကာလမှာ “အပြည့်အဝ သတိရှိကြ” (စာသားအရ “အပြည့်အဝ စိတ်တည်ငြိမ်”) ဖို့ အရေးကြီးကြောင်း အလေးအနက် ဖော်ပြတယ်။—၁ ပေတရု ၁:၁၃

ဒီအလုပ်ကို လုပ်ကြမလား

ညီအစ်ကို ကဲနက် ကွတ်က ၂၀၂၀ အတွက် နှစ်ချုပ်ကျမ်းချက်၊ မဿဲ ၂၈:၁၉ ကို ကြေညာခဲ့တယ်။ ‘ဒါကြောင့် သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ နှစ်ခြင်းပေးကြပါ။’ စိတ်နှလုံးရိုးဖြောင့်သူတွေ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံဖို့ ကူညီပေးရမယ့်အကြောင်း အလေးအနက် ဖော်ပြတယ်။

ယေဟောဝါနဲ့ ပိုရင်းနှီးစေတဲ့ နှစ်ပတ်လည်အစည်းအဝေးလိုမျိုး အစီအစဉ်တွေက အမှုဆောင်လုပ်ငန်းမှာ အင်တိုက်အားတိုက် ဆက်ပါဝင်နေစေဖို့ လှုံ့ဆော်ပေးတယ်။

a ၂၀၂၀၊ ဇန်နဝါရီကျရင် jw.org ဝက်ဘ်ဆိုက်မှာ နှစ်ပတ်လည်အစည်းအဝေး အစီအစဉ် အစအဆုံးကို တင်ပေးမှာဖြစ်တယ်။