ဩဂုတ် ၃၁၊ ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ
၂၀၂၀ လုပ်ငန်းတော်နှစ်ရဲ့ သတင်းကဏ္ဍ ပေါ်လွင်ချက်များ
၂၀၂၀ လုပ်ငန်းတော်နှစ်အတွင်း ဘုရားရေးရာ လုပ်ငန်းဆောင်တာတွေမှာ မကြုံစဖူး အခက်အခဲတွေကို ယေဟောဝါသက်သေတွေ ကြုံရကြတယ်။ ဒါပေမဲ့ အခက်အခဲတွေကြားမှာ သစ္စာစောင့်သိမှုနဲ့ စည်းလုံးမှုကို ထိန်းသိမ်းဖို့ ညီအစ်ကို/မတွေ စိတ်ပိုင်းဖြတ်ထားကြောင်း ပေါ်လွင်ထင်ရှားလာတယ်။
ကိုဗစ်–၁၉ ကပ်ရောဂါကို အကြောင်းပြုပြီး နှစ်ပေါင်းများစွာအတွင်း လူသားတွေ မကြုံတွေ့ဖူးတဲ့ ပြဿနာတွေ ကမ္ဘာတစ်ဝန်းမှာ ပေါ်ပေါက်လာတယ်။
ကပ်ရောဂါကာလအတွင်း ယေဟောဝါသက်သေတွေလည်း အခြေအနေအရ ပြုပြင်ပြောင်းလဲ လုပ်ဆောင်ကြတယ်။ အတူစုဝေးဝတ်ပြုဖို့၊ အချင်းချင်း အားပေးဖို့၊ သတင်းကောင်း ဟောပြောဖို့ နည်းလမ်းသစ်တွေကို ရှာတွေ့ခဲ့ကြတယ်။
အလွန်ထူးခြားတဲ့ ဒီနှစ်ရဲ့ ‘သတင်းကောင်း’ တချို့ကို ဖော်ပြပေးလိုက်ပါတယ်။—ပညာအလိမ္မာ ၁၅:၃၀။
ကျမ်းစာထုတ်ဝေမှုများ
ဒီလုပ်ငန်းတော်နှစ်အတွင်း အဖွဲ့အစည်းက ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကို တစ်အုပ်လုံးဖြစ်စေ၊ အပိုင်းလိုက်ဖြစ်စေ ဘာသာစကား ၃၆ မျိုးနဲ့ ထုတ်ဝေခဲ့တယ်။ ကိုဗစ်–၁၉ ကန့်သတ်မှုတွေကြောင့် ကျမ်းစာတွေကို ဗီဒီယို ချိတ်ဆက်မှုနဲ့ ကျင်းပတဲ့ အစည်းအဝေးတွေမှာ အီလက်ထရွန်နစ်ပုံစံနဲ့ ထုတ်ဝေခဲ့ရတယ်။ အခုဆို ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို တစ်အုပ်လုံးဖြစ်စေ၊ အပိုင်းလိုက်ကိုဖြစ်စေ ဘာသာစကား ၁၉၃ မျိုးနဲ့ ရနိုင်ပါပြီ။
အုပ်ချုပ်ရေးအဖွဲ့ဆီက နောက်ဆုံးရသတင်းများ
၂၀၂၀၊ မတ်လ ၁၈ ကစပြီး အုပ်ချုပ်ရေး အဖွဲ့ဝင်တွေဟာ ကပ်ရောဂါနဲ့ပတ်သက်တဲ့ လစဉ်ထုတ် ဗီဒီယို အစီအစဉ်ကို jw.org နဲ့ JW Library app မှာ တင်ဆက်ကြတယ်။
ဦးဆုံး ဗီဒီယိုမှာ ညီအစ်ကို စတီဗင်လက်က ကပ်ဘေးကြောင့် စိတ်ပျက်ရပေမဲ့ “နောက်ဆုံးကာလရဲ့ အဆုံးပိုင်းမှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်ဆိုတာ အထင်အရှား ဖော်ပြတယ်။ နောက်ဆုံးကာလရဲ့ နောက်ဆုံးနေ့ မရောက်ခင် အဆုံးပိုင်းလေးမှာ အသက်ရှင်နေရတာ သံသယဖြစ်စရာ မရှိပါဘူး” လို့ ပြောတယ်။
အခြေအနေတွေ ဆိုးနေပေမဲ့ “ယေဟောဝါရဲ့ လူမျိုးကတော့ ထိတ်ထိတ်ပျာပျာ ဖြစ်ဖို့ မလိုပါဘူး” လို့ ညီအစ်ကိုလက် ပြောတယ်။
နောက်ဆုံးရသတင်း ဗီဒီယိုတိုင်းမှာ ကမ္ဘာတစ်ဝန်းက အားရှိစရာ တွေ့ကြုံမှုတွေ ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညွှန်ကြားချက်ကို လိုက်နာခြင်းက ပညာရှိရာရောက်ကြောင်း အဲဒီတွေ့ကြုံမှုတွေက ဖော်ပြတယ်။ ကပ်ရောဂါ ကာကွယ်ဖို့ အခြေအနေအရ ပညာရှိရှိ တုံ့ပြန်ကြတဲ့အတွက် တာဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ ချီးမွမ်းစကားတွေလည်း ကြားခဲ့ရတယ်။
တစ်မူထူးတဲ့ သတိရအောက်မေ့ပွဲ
သခင့်ညစာစားပွဲ ကျင်းပဖို့ ယေဟောဝါသက်သေတွေ နှစ်စဉ် စုဆုံခဲ့ကြတယ်။ ဒီနှစ်မှာတော့ နေရာအများစုမှာ အတူ မစုဆုံနိုင်ကြဘူး၊ စုဆုံခွင့်လည်း မရှိဘူး။ ဒါကြောင့် တစ်ဦးစီအလိုက်ဖြစ်စေ၊ မိသားစုအလိုက်ဖြစ်စေ အောက်မေ့ရာပွဲ အထိမ်းအမှတ်တွေကို ရယူ၊ ကိုယ်တိုင် လုပ်ယူကြပြီး အောက်မေ့ပွဲ ဟောပြောချက်ကို ဗီဒီယို ချိတ်ဆက်ပြီး ကြည့်ရှုခဲ့ကြတယ်။
တချို့နေရာတွေမှာတော့ ဗီဒီယို ချိတ်ဆက်လို့ မရနိုင်ကြဘူး။ အာဖရိကတစ်ခွင်မှာ ရှိတဲ့ ဌာနခွဲ ၁၁ ခုမှာ အဲဒီအတိုင်း ဖြစ်ခဲ့တယ်။ အောက်မေ့ရာပွဲ အစီအစဉ်ကို ရုပ်မြင်သံကြားနဲ့ ရေဒီယို အသံလွှင့်ရုံတွေကတစ်ဆင့် ထုတ်လွှင့်ဖို့ စီစဉ်ခဲ့ကြတယ်။ ဒီလိုထုတ်လွှင့်မှုကြောင့် ကြေညာသူ ၄၀၇, ၀၀၀ ကျော်သာမက အရေအတွက် အတိအကျ မသိရတဲ့ စိတ်ဝင်စားသူလည်း ကြည့်ရှုခွင့် ရကြတယ်။
ရုပ်မြင်သံကြားနဲ့ ရေဒီယို အသံလွှင့်ဌာနတွေကို သုံးပြီး ပြုလုပ်တဲ့ အစည်းအဝေးများ
ရုပ်မြင်သံကြားနဲ့ ရေဒီယို အသံလွှင့်ရုံတွေကတစ်ဆင့် အောက်မေ့ရာပွဲ အစီအစဉ်ကို ထုတ်လွှင့်သလိုမျိုး အသင်းတော် အစည်းအဝေးတွေကို ထုတ်လွှင့်ပေးဖို့ ဌာနခွဲတချို့ကို အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုပေးတယ်။ ဒါကြောင့် ငွေကြေး မတတ်နိုင်တဲ့ နိုင်ငံတွေမှာရှိတဲ့ ကြေညာသူတွေဟာ ပတ်စဉ် အသင်းတော် အစည်းအဝေး အစီအစဉ်တွေကို ရေဒီယိုနဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်မှုကနေ ကြည့်ရှုနားထောင်နိုင်ကြပြီ။ လောလောဆယ်အထိ အာဖရိက၊ ဥရောပ၊ မြောက်အမေရိက၊ တောင်အမေရိကတစ်ခွင်မှာ ရှိတဲ့ ဌာနခွဲ ၂၃ ခုက ဒီအစီအစဉ်ကို အသုံးပြုနေပါတယ်။
ကယ်ဆယ်ရေး ကော်မတီ
ကိုဗစ်–၁၉ ကပ်ရောဂါကြောင့် ညီအစ်ကို ညီအစ်မ အတော်များများဟာ စားဝတ်နေရေးအတွက် မနည်း ရုန်းကန်နေကြရတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်းမှာ ကယ်ဆယ်ရေး ကော်မတီ ၄၀၀ ကျော်ကို ဖွဲ့စည်းပြီး အခြေခံ လိုအပ်ရာတွေ မဖြည့်ဆည်းပေးနိုင်တဲ့ ဒေသရှိ ကြေညာသူတွေကို ကူညီပေးတယ်။ ၂၀၂၀ လုပ်ငန်းတော်နှစ်အတွင်း ကြေညာသူ ၃၃၀, ၀၀၀ ကျော်အတွက် ကိုဗစ်–၁၉ ကယ်ဆယ်ရေး ပစ္စည်းတွေ ကူညီပေးဖို့ အမေရိကန် ဒေါ်လာ ၁၈ သန်းကျော်ကို အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုပေးခဲ့တယ်။
ကြိုတင်ရိုက်ကူးထားတဲ့ ခရိုင်အစည်းအဝေး ဗီဒီယိုများ
ခရိုင်အစည်းအဝေး အစီအစဉ်ကို ပထမဆုံးအကြိမ်အဖြစ် အိမ်ကနေ ကြည့်ရှုကြတယ်။ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ အကူတွေရဲ့ ဟောပြောချက်အားလုံးကို ကြိုတင်ရိုက်ကူးပြီးနောက် အဲဒီဗီဒီယိုတွေကို ဘာသာစကား ၅၀၀ ကျော်နဲ့ ပြန်ဆိုတယ်။ ခရိုင်အစည်းအဝေး အစီအစဉ်တွေကို ကြေညာသူတွေကော စိတ်ဝင်စားသူတွေပါ မိမိတို့နေအိမ်ကနေ ဘေးကင်းကင်းနဲ့ ကြည့်ရှုနိုင်ဖို့အတွက် jw.org နဲ့ JW Library app တို့မှာ တင်ပေးထားပါတယ်။
ညှဉ်းပန်းနှိပ်စက်မှု ကြုံနေရဆဲ
နိုင်ငံတချို့မှာရှိတဲ့ ညီအစ်ကို/မတွေဟာ ကပ်ရောဂါဘေးအပြင် ပြင်းထန်လာတဲ့ နှိပ်စက်ညှဉ်းပန်းမှုကိုပါ ကြုံတွေ့နေရတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ရုရှားနိုင်ငံက ရာနဲ့ချီတဲ့ သက်သေခံတွေရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းကြတယ်၊ ဖမ်းဆီးခဲ့ကြတယ်။ လောလောဆယ် ရုရှားက ညီအစ်ကို/မ ၄၂ ယောက်၊ ခရိုင်းမီးယားမှာ ညီအစ်ကို ၂ ယောက် ထောင်ကျနေတယ်။ ၂၀၁၇ မှာ ရုရှားတရားရုံးချုပ် စီရင်ဆုံးဖြတ်ချက် ချပြီးချိန်ကစပြီး ညီအစ်ကိုတွေရဲ့ အိမ် ၁,၀၀၀ ကျော် ဝင်ရောက်စီးနင်းခံခဲ့ရပြီ။
ထောင်ကျနေတဲ့ သက်သေခံ အရေအတွက် အများဆုံးနိုင်ငံကတော့ အီရီထရီးယားပါ။ လောလောဆယ် ၅၂ ယောက် ထောင်ကျနေပါတယ်။ ပေါ်လိုစ် အီယာဆူ၊ အိုင်းဇက် မိုဂိုစ်၊ နိဂီဒီ တက်ကလီမာရီယမ်တို့ဟာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့အတွက် ၁၉၉၄၊ စက်တင်ဘာ ၁၇ ကစပြီး ထောင်ကျနေကြတယ်။ ညီအစ်ကို/မ ၂၆ ယောက်ဆိုရင် ထောင်ကျနေတာ ဆယ်နှစ်ကျော်ပြီ။
ထောင်ကျနေတဲ့ ညီအစ်ကို၊ ညီအစ်မတွေအားလုံး ဆက်ပြီး ရဲစွမ်းသတ္တိရှိဖို့ ဆုတောင်းပေးနေပါတယ်။ ဆင်းရဲဒုက္ခတွေကို ခံရပ်ခြင်းအားဖြင့် သစ္စာစောင့်သိကြောင်း သက်သေထူနေကြမှန်း ကျွန်တော်တို့ သိပါတယ်။—ဗျာဒိတ် ၂:၁၀။
သစ္စာရှိရှိ ခံရပ်ခြင်း
ပြီးခဲ့တဲ့ လုပ်ငန်းတော်နှစ်အတွင်း ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေဟာ နည်းမျိုးစုံ သုံးပြီး ဟောပြောကြ၊ အချင်းချင်း အားပေးကြရုံမက အုပ်ချုပ်ရေးအဖွဲ့နဲ့ အစိုးရ အာဏာပိုင်တွေရဲ့ လမ်းညွှန်ချက်တွေကို ဂရုတစိုက် လိုက်နာခြင်းအားဖြင့် ယေဟောဝါအပေါ် သစ္စာစောင့်သိကြောင်း တင်ပြနေကြပါတယ်။
ညီအစ်ကို/မတွေဟာ ဖန်ဆင်းရှင်ကို ချစ်ကြောင်း ဘုရားတရား ကိုင်းရှိုင်းတဲ့ လုပ်ရပ်တွေနဲ့ တင်ပြနေကြတယ်။ သူတို့ရဲ့သစ္စာစောင့်သိမှုက ရှေ့မှာ ကြုံရမယ့် ပိုကြီးမားတဲ့ စမ်းသပ်မှုတွေကို ခံရပ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။—ယာကုပ် ၁:၁၊၂။