မာတိကာဆီ ကျော်သွား

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၅ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ ကမ္ဘာတစ်ဝန်း ဘာသာစကားဆယ်မျိုးနဲ့ ကျမ်းစာထုတ်ဝေ

၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ ကမ္ဘာတစ်ဝန်း ဘာသာစကားဆယ်မျိုးနဲ့ ကျမ်းစာထုတ်ဝေ

မာလာဝီ လက်သင်္ကေတပြစကား

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅ ရက်မှာ မာလာဝီဌာနခွဲကော်မတီဝင် ညီအစ်ကို ကိုလင်း ကာဆန်က မာလာဝီ လက်သင်္ကေတပြစကားနဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာကို ထုတ်ဝေလိုက်ပါတယ်။ မာလာဝီနိုင်ငံ၊ လီလောင်ဝေးမြို့မှာ ကျင်းပတဲ့ ‘သတင်းကောင်း ဟောပါ’ ၂၀၂၄ ခရိုင်အစည်းအဝေးကြီး ပထမနေ့၊ တက်ရောက်သူ ၃၃၁ ယောက်ရှေ့ ထုတ်ဝေခဲ့တာပါ။ jw.org နဲ့ JW Library Sign Language အက်ပ်ကနေ ချက်ချင်း ကူးယူနိုင်ခဲ့တယ်။

ဒါဟာ နားမကြား ၄၀၀,၀၀၀ ကျော် အသုံးပြုတဲ့ မာလာဝီ လက်သင်္ကေတပြစကားနဲ့ ရတဲ့ ဦးဆုံး ခရစ်ယာန် ဂရိကျမ်းစာပါ။ လက်ရှိမှာ ညီအစ်ကို၊ ညီအစ်မ ၆၀၀ ကျော်ဟာ မာလာဝီနိုင်ငံတစ်ဝန်းက လက်သင်္ကေတပြ အသင်းတော် ၁၆ ခုနဲ့ အုပ်စု ၈ ခုမှာ အမှုဆောင်နေကြပါတယ်။

စီဘင်ဘာ

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၉ ရက်မှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဂေ့ချ် ဖလီဂါလ်က စီဘင်ဘာစကားနဲ့ ပြန်လည်တည်းဖြတ်ထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ထုတ်ဝေလိုက်တယ်။ ဇမ်ဘီယာနိုင်ငံ၊ နဒိုလာမြို့က လယ်ဗီ မွာနာဝါဆာ အားကစားကွင်းမှာ ကျင်းပတဲ့ ‘သတင်းကောင်း ဟောပါ’ ၂၀၂၄ ခရိုင်အစည်းအဝေးကြီး ပထမနေ့မှာ ထုတ်ဝေခဲ့တာပါ။ တက်ရောက်သူ စုစုပေါင်း ၂၃,၃၃၆ ယောက်ရှိတယ်။ နောက်ထပ် အစည်းအဝေးကြီးခန်းမ ၅ နေရာမှာလည်း ၅,၉၂၀ ယောက် ဗီဒီယိုနဲ့ ချိတ်ဆက်ပြီး တက်ရောက်တယ်။ တက်ရောက်သူအားလုံး ကမ္ဘာသစ်ဘာသာပြန်ကျမ်း ပုံနှိပ်ကျမ်းစာအုပ် ကိုယ်စီ ရရှိခဲ့ကြတယ်။ ဒီဂျစ်တယ်ပုံစံနဲ့လည်း ချက်ချင်း ကူးယူနိုင်ခဲ့တယ်။ ရုသ၊ ၁ ယောဟန်၊ ၂ ယောဟန်၊ ၃ ယောဟန်ရဲ့ အသံဖိုင်တွေကိုပါ ရရှိကြတယ်။

စီဘင်ဘာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ၂၀၀၈ ခုနှစ်မှာ ဦးဆုံး ထုတ်ဝေခဲ့တာပါ။ ဇမ်ဘီယာနိုင်ငံမှာ စီဘင်ဘာစကားပြောသူ ခန့်မှန်းခြေ လေးသန်းရှိတယ်။ နိုင်ငံအနှံ့က အသင်းတော်ပေါင်း ၁,၈၅၆ ခုနဲ့ အုပ်စု ၈ ခုမှာ စီဘင်ဘာစကားပြော ညီအစ်ကို၊ ညီအစ်မ ၁၃၁,၃၅၁ ယောက် အမှုဆောင်နေကြပါတယ်။

ခီချဲ

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၉ ရက်မှာ ဗဟိုအမေရိက ဌာနခွဲကော်မတီဝင် ညီအစ်ကို ဟိုစေး ထောရက်စ်က ခီချဲဘာသာစကားနဲ့ မဿဲကျမ်းကို ထုတ်ဝေလိုက်တယ်။ ဂွါတီမာလာနိုင်ငံ၊ ဆန် လူးကတ်စ် ဆာကာတယ်ပဲကဲမြို့မှာ ကျင်းပတဲ့ ‘သတင်းကောင်း ဟောပါ’ ၂၀၂၄ ခရိုင်အစည်းအဝေးကြီးမှာ ထုတ်ဝေခဲ့တာပါ။ တက်ရောက်သူ ၄၀၅ ယောက်စလုံး ပုံနှိပ်ကျမ်းစာ ရရှိကြတယ်။ jw.org နဲ့ JW Library အက်ပ်ကနေလည်း ချက်ချင်း ကူးယူနိုင်ခဲ့တယ်။

ခန့်မှန်းခြေအရ ခီချဲစကားပြောသူ တစ်သန်းကျော် ရှိပြီး အများစုက ဂွါတီမာလာနိုင်ငံမှာ နေထိုင်ကြတယ်။ ပထမဆုံး ခီချဲစကားပြော အသင်းတော်ကို ၂၀၁၀ ခုနှစ်မှာ တည်ထောင်ခဲ့တယ်။ ဒီနေ့အချိန်မှာ နိုင်ငံတစ်ဝန်းက အသင်းတော် ၁၆ ခုမှာ ညီအစ်ကို၊ ညီအစ်မ ၃၈၇ ယောက် အမှုဆောင်နေကြပါတယ်။

ချူအာဘို၊ မာခူဝါ မီထို၊ မာခူဝါ ရှီရီမာ၊ နဆန်ဂါ (မိုဇမ်ဘစ်)၊ ဖင်းဘီ၊ တေဝေ၊ ချွာ

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၈ ရက်မှာ မိုဇမ်ဘစ်နိုင်ငံ၊ မာပူတိုမြို့က အားကစားကွင်း (Estádio Nacional do Zimpeto) မှာ အထူးအစည်းအဝေးကြီးတစ်ခု ကျင်းပခဲ့ပါတယ်။ လူကိုယ်တိုင် တက်ရောက်သူ ၂၆,၀၂၅ ယောက် ရှိတယ်။ နောက်ထပ် ၁၆ နေရာကနေလည်း ဗီဒီယိုနဲ့ ချိတ်ဆက်တက်ရောက်သူ ၆၄,၅၇၀ ယောက် ရှိတယ်။

အထူးအစည်းအဝေးမှာ ညီအစ်ကို ဖလီဂါလ်က ဘာသာပြန်ကျမ်း အတော်များများကို တစ်ပြိုင်တည်း ထုတ်ဝေခဲ့တယ်။ မာခူဝါ မီထိုစကား၊ မာခူဝါ ရှီရီမာစကား၊ နဆန်ဂါ (မိုဇမ်ဘစ်) စကားနဲ့ မဿဲကျမ်းကို ထုတ်ဝေတယ်။ ချူအာဘိုစကား၊ ဖင်းဘီစကား၊ တေဝေစကားနဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစောင်ကို ထုတ်ဝေတယ်။ ချွာဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း တစ်အုပ်လုံးကို ထုတ်ဝေခဲ့ပါတယ်။

ဒီထုတ်ဝေမှုတွေကြောင့် အခုဆိုရင် ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို တစ်အုပ်လုံးဖြစ်စေ၊ အပိုင်းလိုက်ဖြစ်စေ ဘာသာစကားပေါင်း ၃၀၀ နဲ့ ရရှိနေပါပြီ။