မာတိကာဆီ ကျော်သွား

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

၂၀၂၄ ခုနှစ်၊ သြဂုတ်လမှာ ဘာသာစကား ခုနစ်မျိုးနဲ့ ကျမ်းစာထုတ်ဝေ

၂၀၂၄ ခုနှစ်၊ သြဂုတ်လမှာ ဘာသာစကား ခုနစ်မျိုးနဲ့ ကျမ်းစာထုတ်ဝေ

အီဘင်ဒါ

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂ ရက်မှာ အင်ဂိုလာ ဌာနခွဲကော်မတီဝင် ညီအစ်ကို ကာလို ဟိုထလာအိုက အီဘင်ဒါဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာ အပြင် ကမ္ဘာဦး၊ ရုသ၊ ဧသတာ၊ ယောနကျမ်းတို့ကို ထုတ်ဝေလိုက်ပါတယ်။ အင်ဂိုလာနိုင်ငံ၊ ခါဘင်ဒါမြို့မှာ ကျင်းပတဲ့ ‘သတင်းကောင်း ဟောပါ’ ၂၀၂၄ ခရိုင်အစည်းအဝေး ပထမရက်မှာ ထုတ်ဝေတာပါ။ တက်ရောက်သူ ၉၅၃ ယောက်က ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာအုပ် ရရှိကြတယ်။ ခရစ်ယာန်ဂရိကျမ်းစာ နဲ့ ဟီဘရူး ကျမ်းစောင်တွေကို jw.org နဲ့ JW Library အက်ပ်ကနေလည်း ချက်ချင်း ကူးယူနိုင်ခဲ့တယ်။

အင်ဂိုလာနိုင်ငံမှာ အီဘင်ဒါစကားပြောသူ ၇၁၆,၀၀၀ ကျော် နေထိုင်ပါတယ်။ ဒီထုတ်ဝေမှုဟာ အီဘင်ဒါစကားနဲ့ရတဲ့ ပထမဆုံး ဘာသာပြန်ကျမ်းပါ။ အီဘင်ဒါ စကားပြော အသင်းတော် ၁၃ ခုနဲ့ အုပ်စုတစ်စုက ညီအစ်ကို/မ ၃၃၅ ယောက်ဟာ မိခင်ဘာသာစကားနဲ့ ကျမ်းစာ ရပြီဖြစ်လို့ ဝမ်းသာနေကြပါတယ်။

ဇင်ဘာဘွေ လက်သင်္ကေတပြ ဘာသာစကား

၂၀၂၄ ခုနှစ်၊ သြဂုတ် ၉ ရက်၊ ဇင်ဘာဘွေနိုင်ငံ၊ ဟာရာရီမြို့မှာ ကျင်းပတဲ့ ‘သတင်းကောင်း ဟောပါ’ ၂၀၂၄ ခရိုင်အစည်းအဝေးမှာ ဌာနခွဲကော်မတီဝင် ညီအစ်ကို အယ်နဂျီ မာထန်ဒါက ဇင်ဘာဘွေ လက်သင်္ကေတပြ ဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာကို ထုတ်ဝေလိုက်တယ်။ တက်ရောက်သူ စုစုပေါင်း ၄၀၅ ယောက် ရှိတယ်။ ဒီထုတ်ဝေမှုကို jw.org နဲ့ JW Library Sign Language အက်ပ်ကနေ ချက်ချင်း ကူးယူနိုင်ခဲ့တယ်။

၂၀၂၁ ခုနှစ်မှာ ဇင်ဘာဘွေ လက်သင်္ကေတပြ ဘာသာစကားနဲ့ မဿဲကျမ်း ထုတ်ဝေတယ်။ အဲဒီနောက်ပိုင်း ခရစ်ယာန် ဂရိကျမ်းစာထဲက တခြားကျမ်းစောင်တွေကိုလည်း တစ်ခုပြီးတစ်ခု ထုတ်ဝေခဲ့တယ်။ ဇင်ဘာဘွေ လက်သင်္ကေတပြ ဘာသာစကား အသုံးပြုသူ ခန့်မှန်းခြေ တစ်သန်းလောက် ရှိတယ်။ ဇင်ဘာဘွေနိုင်ငံက လက်သင်္ကေတပြ အသင်းတော် ၁၁ ခုနဲ့ အုပ်စု ၁၁ ခုမှာ ညီအစ်ကို/မ ၃၇၇ ယောက် အမှုဆောင်နေပါတယ်။

ဘူလ်ဂေးရီးယား ဘာသာစကား

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၁ ရက်၊ ဘူလ်ဂေးရီးယားနိုင်ငံ၊ ဆိုဖီယာမြို့မှာ ကျင်းပတဲ့ ‘သတင်းကောင်း ဟောပါ’ ၂၀၂၄ အထူးအစည်းအဝေးကြီးမှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို မာ့ခ် ဆန်ဒါစန်က ဘူလ်ဂေးရီးယား ဘာသာစကားနဲ့ တည်းဖြတ်ထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း အကြောင်း ကြေညာတယ်။ အစည်းအဝေးကြီး နောက်ဆုံးဟောပြောချက်မှာ မဿဲ၊ မာကု၊ လုကာကျမ်းကို ထုတ်ဝေလိုက်တယ်။ တက်ရောက်သူ စုစုပေါင်း ၅,၄၁၈ ယောက် ရှိတယ်။ ကျမ်းစောင်သုံးခုစလုံးကို jw.org နဲ့ JW Library အက်ပ်ကနေ ချက်ချင်း ကူးယူနိုင်ခဲ့တယ်။

ဘူလ်ဂေးရီးယားဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကို ၂၀၀၉ ခုနှစ်မှာ ဦးဆုံးထုတ်ဝေခဲ့တာပါ။ ဒီနေ့အချိန်မှာတော့ ဘူလ်ဂေးရီးယားနိုင်ငံက အသင်းတော် ၅၇ ခုမှာ ညီအစ်ကို/မ ၃,၀၀၀ နီးပါး အမှုဆောင်နေကြပါတယ်။

အာဂျာ

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၆ ရက်၊ ဘီနင်နိုင်ငံ၊ ဂျာခိုတိုမီမြို့မှာ ကျင်းပတဲ့ ‘သတင်းကောင်း ဟောပါ’ ၂၀၂၄ ခရိုင်အစည်းအဝေးမှာ အနောက်အာဖရိကဌာနခွဲ ကော်မတီဝင် ညီအစ်ကို ဘိုအီ စီလဗင်က အာဂျာဘာသာစကားနဲ့ မဿဲကျမ်းနဲ့ မာကုကျမ်းကို ထုတ်ဝေလိုက်ပါတယ်။ လူကိုယ်တိုင် တက်ရောက်သူ ၆၃၁ ယောက် ရှိတယ်။ ဘီနင်နိုင်ငံ၊ အဘိုမီ ကာလဗီမြို့က အစည်းအဝေးကြီးခန်းမမှာလည်း ဗီဒီယိုနဲ့ချိတ်ဆက် တက်ရောက်သူ ၄၃၅ ယောက် ရှိတယ်။ ကျမ်းနှစ်စောင်စလုံးကို jw.org နဲ့ JW Library အက်ပ်ကနေ ချက်ချင်း ကူးယူနိုင်ခဲ့တယ်။

ဘီနင်နိုင်ငံနဲ့ တိုဂိုနိုင်ငံမှာ အာဂျာစကားပြောသူ ၁.၂ သန်းကျော် နေထိုင်တယ်။ အာဂျာဘာသာစကားနဲ့ ခရစ်ယာန် ဂရိကျမ်းစာ ဘာသာပြန်ကျမ်းနှစ်အုပ် ရှိပြီးသားပါ။ ဒါပေမဲ့ ဒီကျမ်းစာနှစ်အုပ်စလုံးဟာ ရဖို့ခက်ပြီး အသုံးအနှုန်းတွေကလည်း နားလည်ရခက်တယ်။ ဒါ့အပြင် ဘုရားသခင့် ကိုယ်ပိုင်နာမည်ဖြစ်တဲ့ ယေဟောဝါကိုလည်း ထုတ်ပယ်ထားကြတယ်။ ဒီနေ့၊ ဘီနင်နိုင်ငံက အာဂျာစကားပြော အသင်းတော် ၂၅ ခု၊ အုပ်စု တစ်ခုနဲ့ တိုဂိုနိုင်ငံက အာဂျာစကားပြော အသင်းတော် ၁၂ ခု၊ အုပ်စု နှစ်ခုမှာ ညီအစ်ကို/မ ၁,၃၀၀ ခန့် အမှုဆောင်နေကြပါတယ်။ ဘုရားသခင့် နာမတော်ကို နေရာမှန်မှာ ပြန်ထည့်ထားတဲ့၊ နားလည်ဖို့ လွယ်ကူတဲ့ ဘာသာပြန်ကျမ်း လက်ဝယ်ပိုင်ဆိုင်ရလို့ အားလုံး ဝမ်းသာနေကြတယ်။

ကင်ညာရဝမ်ဒါ

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၆ ရက်မှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဂျက်ဖရီ ဝင်ဒါက ကင်ညာရဝမ်ဒါ ဘာသာစကားနဲ့ တည်းဖြတ်ထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ထုတ်ဝေလိုက်တယ်။ ရဝမ်ဒါနိုင်ငံ၊ ကီဂါလီမြို့မှာ ကျင်းပတဲ့ ‘သတင်းကောင်း ဟောပါ’ ၂၀၂၄ ခရိုင်အစည်းအဝေးမှာ ထုတ်ဝေတာပါ။ လူကိုယ်တိုင် တက်ရောက်သူ ၉,၉၀၈ ယောက် ရှိတယ်။ အစည်းအဝေးကြီး ကျင်းပတဲ့ နောက်နှစ်နေရာကနေလည်း ဗီဒီယိုနဲ့ချိတ်ဆက် တက်ရောက်သူ ၁,၁၄၁ ယောက် ရှိတယ်။ တက်ရောက်သူတိုင်း ပုံနှိပ်ကျမ်းစာ ရရှိကြတယ်။ ကင်ညာရဝမ်ဒါ စကားနဲ့ တည်းဖြတ်ထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို အသံဖိုင်နဲ့ကော ဒီဂျစ်တယ်ပုံစံနဲ့ပါ jw.org နဲ့ JW Library အက်ပ်ကနေ ချက်ချင်း ကူးယူနိုင်ခဲ့တယ်။

ရဝမ်ဒါနိုင်ငံမှာ ကင်ညာရဝမ်ဒါ စကားပြောသူ ၁၃ သန်းကျော် နေထိုင်တယ်။ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ တန်ဇန်းနီးယား၊ ယူဂန္ဓာနဲ့ တခြားနိုင်ငံတွေမှာလည်း နေထိုင်ကြတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ကင်ညာရဝမ်ဒါစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ဦးဆုံးထုတ်ဝေခဲ့တာပါ။ လက်ရှိ ရဝမ်ဒါနိုင်ငံက ကင်ညာရဝမ်ဒါစကားပြော အသင်းတော် ၆၃၄ ခုမှာ ညီအစ်ကို/မပေါင်း ၃၅,၅၀၀ ကျော် အမှုဆောင်နေကြပါတယ်။

စင်ဟာလာ

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၆ ရက်၊ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာ ကျင်းပတဲ့ ‘သတင်းကောင်း ဟောပါ’ ၂၀၂၄ ခရိုင်အစည်းအဝေးမှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဒေးဗစ် စပလိန်းက ပရိသတ် ၄,၂၇၃ ယောက်ရှေ့မှာ စင်ဟာလာ ဘာသာစကားနဲ့ တည်းဖြတ်ထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ထုတ်ဝေလိုက်တယ်။ သီရိလင်္ကာနိုင်ငံ၊ ချီလောမြို့မှာ ကျင်းပနေတဲ့ ခရိုင်အစည်းအဝေးကနေလည်း ဗီဒီယိုနဲ့ချိတ်ဆက် တက်ရောက်သူ ၁,၀၄၅ ယောက် ရှိတယ်။ စင်ဟာလာစကားနဲ့ ပုံနှိပ်ထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို တက်ရောက်သူတိုင်း ရရှိကြတယ်။ ဒီဂျစ်တယ်ပုံစံနဲ့လည်း jw.org နဲ့ JW Library အက်ပ်ကနေ ချက်ချင်း ကူးယူနိုင်ခဲ့တယ်။

ယေဟောဝါသက်သေတွေက စင်ဟာလာစကားနဲ့ ကျမ်းစာအခြေပြုစာပေတွေ ဘာသာပြန်လာတာ ၇၅ နှစ် ကျော်ပြီ။ အခု စင်ဟာလာစကားပြောသူ ၁၅ သန်း ရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ စင်ဟာလာ စကားပြော အသင်းတော် ၆၂ ခုရှိပြီး ညီအစ်ကို/မ ၄,၈၀၈ ယောက် ရှိပါတယ်။

ဝေါ်လီရှန်

၂၀၂၄ ခုနှစ်၊ သြဂုတ် ၃၀ ရက်၊ ‘သတင်းကောင်း ဟောပါ’ ၂၀၂၄ ခရိုင်အစည်းအဝေးမှာ နယူး ကယ်လီဒိုးနီးယား ဌာနခွဲအဖွဲ့ဝင် ညီအစ်ကို မာတင် ဒီကိုးဆက်က ဝေါ်လီရှန် ဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း တစ်အုပ်လုံးကို ထုတ်ဝေလိုက်ပါတယ်။ အစည်းအဝေးကြီး အစီအစဉ်ကို နယူး ကယ်လီဒိုးနီးယားနိုင်ငံ၊ နိုမီယာမြို့မှာကော ဝေါလစ္စနှင့် ဖူတူနာကျွန်းစုက မာလာအီရွာမှာပါ ကျင်းပတယ်။ နေရာ တစ်ခုနဲ့ တစ်ခုကို ဗီဒီယိုနဲ့ ချိတ်ဆက်ထားပါတယ်။ တက်ရောက်သူ ၃၁၇ ယောက်လုံး ပုံနှိပ်ထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ရရှိကြတယ်။ ဒီဂျစ်တယ်ပုံစံနဲ့လည်း jw.org နဲ့ JW Library အက်ပ်ကနေ ချက်ချင်း ကူးယူနိုင်ခဲ့တယ်။

၂၀၁၈ ခုနှစ်မှာ ဝေါ်လီရှန်စကားနဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာ ထုတ်ဝေခဲ့တယ်။ နယူး ကယ်လီဒိုးနီးယားနိုင်ငံနဲ့ ဝေါလစ္စနှင့် ဖူတူနာကျွန်းစုက ညီအစ်ကို/မ ၁၅၃ ယောက်က ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို သုံးပြီး ဝေါ်လီရှန် စကားပြောသူ ၃၅,၀၀၀ ကျော်ကို သတင်းကောင်း ဟောပြောဖို့ စိတ်လှုပ်ရှားနေကြပြီ။