မာတိကာဆီ ကျော်သွား

ညီအစ်ကို မီဂဲလ် စယ်လဗာနဲ့ ဇနီး မိုနီကာတို့က JW သတင်းမှာ ကွန်စတန်တင် ဘဇာနို့ဗ်အကြောင်း ဖတ်နေ

ဧပြီ ၉၊ ၂၀၂၁
ကမ္ဘာတစ်ဝန်းက သတင်းများ

JW သတင်းဆောင်းပါးတွေက ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ညီအစ်ကို/မတွေကို အားတက်စည်းလုံးစေ

JW သတင်းဆောင်းပါးတွေက ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ညီအစ်ကို/မတွေကို အားတက်စည်းလုံးစေ

နှိပ်စက်ညှဉ်းပန်းခံရတဲ့ ညီအစ်ကို/မတွေအကြောင်း ပါတဲ့ JW သတင်းဆောင်းပါးတွေက ကျွန်တော်တို့ကို ခံနိုင်ရည် ရှိစေတယ်။ ကိုယ်ရေးအကျဉ်းကတစ်ဆင့် သူတို့အကြောင်း သိရတယ်။ တွေ့ကြုံမှုနဲ့ မှတ်ချက်တွေက သူတို့ ဝမ်းမြောက်ဝမ်းသာ ခံရပ်နေကြောင်း စိတ်ချစေတယ်၊ အားတက်ပြီး စည်းလုံးစေတယ်။ ဒီဆောင်းပါးတွေကြောင့် ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေ အကျိုးခံစားနေရကြောင်း အောက်ပါတွေ့ကြုံမှုတွေက ဖော်ပြတယ်။

လက်ရှိ လုပ်နိုင်တာကို အာရုံစိုက်ပါ

ပေါ်တူဂီက အထူးရှေ့ဆောင် ညီအစ်ကို မီဂဲလ် စယ်လဗာနဲ့ ဇနီး မိုနီကာ (အထက်ပုံ) တို့ဟာ ကပ်ရောဂါကြောင့် ကျွန်တော်တို့လိုပဲ ဘဝပုံစံ ကမောက်ကမ ဖြစ်ပြီး စိတ်ပန်းလူပန်း ဖြစ်တဲ့အခါတွေ ရှိတယ်။ ဒါပေမဲ့ ကွန်စတန်တင် ဘဇာနို့ဗ်အကြောင်း JW သတင်းကြောင့် အားရှိသွားကြတယ်။ ညီအစ်ကို ဘဇာနို့ဗ်ဟာ ကျမ်းစာ ဖတ်ချင်ပေမဲ့ ထောင်မှာ ကျမ်းစာ မရနိုင်ဘူး။ စိတ်ဓာတ်ကျဖို့ နေနေသာသာ မှတ်မိသမျှ ကျမ်းချက်တွေ ချရေးပြီး ကိုယ်ပိုင် “ကျမ်းစာ” လုပ်တယ်။ ဒီကနေ မီဂဲလ်နဲ့ မိုနီကာတို့ အရေးကြီး သင်ခန်းစာ သင်ယူခဲ့ရတယ်။ “ကပ်ရောဂါကာလအတွင်း ကိုယ်မလုပ်နိုင်တာတွေကို အာရုံစိုက်နေမဲ့အစား အိမ်မှာပဲ နေရခိုက် လုပ်နိုင်တာတွေကို အာရုံစိုက်တယ်” လို့ မီဂဲလ် ပြောတယ်။

ဒါ့အပြင် မီဂဲလ်နဲ့ မိုနီကာတို့က နေ့တိုင်း ကျမ်းစာဖတ်တာ၊ တွေးတောဆင်ခြင်တာကို ပိုလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ “ဖတ်ထားမှတ်ထားတာတွေကို ပြန်မှတ်မိအောင် ယေဟောဝါ ကူညီပေးမှာ သေချာတယ်” လို့ မိုနီကာ ပြောတယ်။ “အခုလို ကပ်ရောဂါကာလ ‘အိမ်မှာပဲ နေရချိန်’ မှာ တခြားသူကို အားပေးဖို့၊ ယေဟောဝါကို ချီးမွမ်းသီချင်းဆိုဖို့၊ ပိုအဓိပ္ပာယ်ရှိရှိ ဆုတောင်းတတ်ဖို့ အခွင့်အရေး ဖြစ်မှန်း ညီအစ်ကို ဘဇာနို့ဗ်ရဲ့ တွေ့ကြုံမှုက သင်ပေးတယ်။”

နှိပ်စက်ညှဉ်းပန်းခံရမှာ ကြောက်တဲ့စိတ်ကို အနိုင်ယူပါ

ညီအစ်မ ခရစ္စတင်း မူဟီမာ အီထောင်က ရုရှားက နှိပ်စက်ညှဉ်းပန်းခံရတဲ့ ညီအစ်ကိုတွေအကြောင်း ဖတ်နေ

ကင်မရွန်းမှာ မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်နေတဲ့ ညီအစ်မ ခရစ္စတင်း မူဟီမာ အီထောင်က လွန်ခဲ့တဲ့နှစ်တွေတုန်းက နှိပ်စက်ညှဉ်းပန်းခြင်းအကြောင်း ဖတ်ရင် သိပ်ကြောက်တယ်လို့ ပြောတယ်။ အခုတော့ ရှုမြင်ပုံ ပြောင်းသွားပါပြီ။ သူအခုလို ပြောပြတယ်။ “နှိပ်စက်ညှဉ်းပန်းမှုကို သစ္စာရှိရှိ ခံရပ်ခဲ့ကြတဲ့ ညီအစ်ကို/မတွေအကြောင်း JW သတင်းတွေမှာ ဖတ်ရတော့ ကျွန်မ အတွေးပြောင်းသွားတယ်။ အသက်ကြီးကြီး ငယ်ငယ် သူတို့ရဲ့ သဘောထား၊ သတ်သတ်မှတ်မှတ် ဆုတောင်းချက်၊ အပြုံးမျက်နှာ၊ နှိပ်စက်ညှဉ်းပန်းမှုအတွက် ကြိုတင်ပြင်ဆင်ပုံတွေက ယေဟောဝါကို ပိုသိကျွမ်းအောင် လုပ်ဖို့ ကျွန်မကို လှုံ့ဆော်ပေးတယ်။ ဘုရားကို ဘယ်လောက် ချစ်လာသလဲဆိုရင် နှိပ်စက်ညှဉ်းပန်းခြင်းကို သတ္တိရှိရှိ ခံရပ်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်ယောင်လို့ ရတဲ့အထိပါပဲ။ ကျွန်မ အပြုံးမပျက်ဘူး၊ ဆုတောင်းတယ်၊ ယေဟောဝါအကြောင်း တွေးတောဆင်ခြင်တယ်လို့ မြင်ယောင်နေမိတယ်။”

ယုံကြည်ခြင်းကို ခုခံကာကွယ်ဖို့ ပြင်ဆင်ထားပါ

ညီအစ်ကို ယူလီယံ နစ္စတာနဲ့ ဇနီး ဝါနာတို့ ယုံကြည်ခြင်းကို ခုခံပြောဆိုနေတဲ့ ညီအစ်ကိုတွေအကြောင်း JW သတင်းဆောင်းပါးတွေကို ဆွေးနွေးနေ

ရိုမေးနီးယားက ညီအစ်ကို ယူလီယံ နစ္စတာနဲ့ ဇနီး ဝါနာတို့ဟာ ညီအစ်ကို အနာတိုလီ တိုကရိဗ် တရားရုံးမှာ ယုံကြည်ခြင်းအတွက် ခုခံချေပပြောဆိုခဲ့ပုံကို လေးစားသွားတယ်။ သူ အေးဆေးတည်ငြိမ်တယ်၊ လေးစားမှု ရှိတယ်၊ သမာဓိ ဆက်ထိန်းဖို့ အခိုင်အမာ ဆုံးဖြတ်ထားတယ်။ သူ့စံနမူနာက တရားရုံးမှာ ကိုယ့်ရဲ့ ယုံကြည်ခြင်းကို ဘယ်လို ချေပပြောဆိုမလဲဆိုတာ စဉ်းစားထားဖို့ ယူလီယံနဲ့ ဝါနာတို့ကို လှုံ့ဆော်ပေးတယ်။ “မိသားစု ဝတ်ပြုမှုမှာ တရားသူကြီးရှေ့ ရပ်ပြီး ယုံကြည်ခြင်းအတွက် ထုချေပြောဆိုနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်ယောင်ကြည့်တယ်။ သူ့လို ပါးနပ်မှု၊ လေးစားမှုနဲ့ ပြောဖို့ မလွယ်ဘူး။ မိသားစု ဝတ်ပြုမှုအပြီးမှာ ညီအစ်ကို/မတွေနဲ့ ပိုရင်းနှီးလာတယ်။ ယုံကြည်ခြင်းကို ခုခံပြောဆိုတတ်အောင် အသင့်ပြင်ထားဖို့၊ ယေဟောဝါသက်သေ ဖြစ်ရတာ ဘာကြောင့် ဂုဏ်ယူစရာကောင်းသလဲဆိုတာ အမှတ်ရဖို့ အရေးကြီးတယ်” လို့ ဝါနာပြောတယ်။

ကိုယ့်ဆုတောင်းချက် ဘယ်လောက် အဓိပ္ပာယ် ပြည့်ဝသလဲ ဆန်းစစ်ပါ

မဒါဂတ်စကာမှာနေတဲ့ ညီအစ်မ အန်နာ ရာဗိုဂျရီစန်က JW သတင်းဆောင်းပါးသစ်တွေကို ဖတ်နေ

မဒါဂတ်စကာက ညီအစ်မ အန်နာ ရာဗိုဂျရီစန်ကတော့ ကိုယ့်ဆုတောင်းချက်ကို ပြန်ဆန်းစစ်ချင်စိတ် ပေါ်လာတယ်။ ညီအစ်ကို ဂျိုဗီဒွန် ဘိုဘိုဂျိုနို့ဗ်ရဲ့ တွေ့ကြုံမှုကို ဖတ်ပြီးတဲ့နောက် အခုလို ပြောတယ်။ “တစ်နေ့တစ်နေ့ လုပ်စရာတွေ များလွန်းလို့ ဆုတောင် ဖြောင့်ဖြောင့် မတောင်းနိုင်အောင်ပဲ။ အချိန်ယူ စဉ်းစားမနေဘဲ တောင်းနေကျအတိုင်း ပြီးစလွယ် ရွတ်လိုက်မိတယ်” လို့ အန်နာ ပြောတယ်။ ဂျိုဗီဒွန်ရဲ့ ပုံသက်သေကို တွေးတောဆင်ခြင်ပြီးတဲ့နောက် သူ့နေရာမှာ နေကြည့်တယ်။ ‘ငါသာ စမ်းသပ်ခံရရင် သူ့လို သတ်သတ်မှတ်မှတ် ဆုတောင်းနိုင်ပါ့မလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်တယ်။ “ဆုမတောင်းခင် ယေဟောဝါကို ဘာတွေ ပြောမလဲဆိုတာ အချိန်ပေး စဉ်းစားဖို့ သင်ပေးတယ်။ ဒီတွေ့ကြုံမှုတွေအတွက် သိပ်ကျေးဇူးတင်တယ်။”

ညီအစ်ကို/မတွေကို ထောက်ထားစာနာစိတ် ပိုထားနိုင်ဖို့ ကြိုးစားပါ

ညီအစ်ကို ရူဗင် ကာတာရီနိုနဲ့ ဇနီး အန်ဒရေယာတို့ဟာ ယုံကြည်ချက်ကြောင့် ရုံးတင်စစ်ဆေးခံနေရတဲ့ ရုရှားက မောင်နှံအကြောင်း ဖတ်နေ

ပေါ်တူဂီက မှန်မှန်ရှေ့ဆောင် ညီအစ်ကို ရူဗင် ကာတာရီနိုနဲ့ ဇနီး အန်ဒရေယာတို့လည်း ညီအစ်ကို/မတွေနဲ့ ပိုရင်းနှီးလာတယ်။ “အရင်တုန်းက တခြားနိုင်ငံမှာ ညီအစ်ကိုတွေ နှိပ်စက်ညှဉ်းဆဲခံရတယ်ဆိုတာ ကြားပေမဲ့ သူတို့ဘဝ သူတို့အကြောင်း၊ ဘာအခက်အခဲတွေ သူတို့ ကြုံခဲ့ရကြောင်း မသိဘူး။ အခုတော့ ဒီဆောင်းပါးတွေကြောင့် သူတို့အကြောင်း သိလာပြီ။ သူတို့အတွက် သတ်သတ်မှတ်မှတ် ဆုတောင်းပေးနိုင်ပြီ။ ဒါက သူတို့နဲ့ ပိုရင်းနှီးစေတယ်။ ကိုယ့်ဆုတောင်းချက်တွေ အကျိုးရှိတယ်လို့ ခံစားရစေတယ်” ဆိုပြီး ရူဗင် ပြောတယ်။

ကိုယ်ပိုင်လေ့လာမှု အလွန် အရေးကြီး

ညီအစ်မ စီစီးလျာ ကာဒိုစိုက JW သတင်းတွေကို ကိုယ်ပိုင်လေ့လာမှုမှာ ထည့်လေ့လာ

ပေါ်တူဂီက မှန်မှန်ရှေ့ဆောင် ညီအစ်မ စီစီးလျာ ကာဒိုစိုက “ညီအစ်ကို/မတွေ ကြုံတွေ့ခဲ့ရတာကြောင့် အခုဆို ကိုယ်ပိုင်လေ့လာမှုကို ပိုတန်ဖိုးထားတတ်လာပြီ။ ကျမ်းစာကို ပိုလေ့လာတဲ့အခါ ယေဟောဝါကို ပိုယုံကြည်စိတ်ချလာတယ်။ ပိုချစ်လာတယ်။ ကြောက်စိတ်နည်းအောင် ကူညီပေးတယ်။ ယေဟောဝါကို အားကိုးနေသရွေ့ ကြောက်စိတ်ကို အနိုင်ယူလို့ ရမှန်း ကျွန်မ သိလာတယ်” လို့ ပြောတယ်။

ရဲစွမ်းသတ္တိ ရှိပြီး ယုံကြည်ခြင်း ခိုင်မာကြတဲ့ ခေတ်သစ် စံနမူနာရှင်တွေအကြောင်း jw.org မှာဖော်ပြပေးလို့ သိပ်ကျေးဇူးတင်တယ်။ ဒီမှတ်တမ်းတွေက ‘ယေဟောဝါဟာ ကူညီမစရှင် ဖြစ်တဲ့အတွက် ငါ ဘာကိုမှ မကြောက်ဘူးလို့ ရဲရဲဝံ့ဝံ့ ပြောနိုင်ဖို့’ ကူညီပေးတယ်။—ဟီဘရူး ၁၃:၆