၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ
JW.ORG ရဲ့ ဆယ်စုနှစ်ခရီး—အပိုင်း ၂
ညီအစ်ကိုအသင်းအပင်းကို နောက်ဆုံးရသတင်းတွေ အသိပေးခြင်း
ဒီအခန်းဆက်ရဲ့ အပိုင်း ၁ မှာတုန်းက jw.org မှာ ဗီဒီယိုနဲ့ စာအုပ်စာပေတွေကို ဒီဂျစ်တယ်ပုံစံနဲ့ ဖြန့်ချိတဲ့အကြောင်း ဖော်ပြခဲ့တယ်။ အပိုင်း ၂ မှာတော့ ယေဟောဝါသက်သေတွေအပေါ် သက်ရောက်မှုရှိတဲ့ လတ်တလော အရေးပါတဲ့ ဖြစ်ရပ်တွေအကြောင်း ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်း သိရှိဖို့ အသိပေးပုံကို ဖော်ပြပါမယ်။
အခန့်သင့် သတင်းဆောင်းပါးများ။ jw.org ဝက်ဘ်ဆိုက်ထဲက JW သတင်း အပိုင်းမှာ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေအကြောင်း ယုံကြည်စိတ်ချရတဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေကို ပုံမှန်ဖော်ပြပေးပါတယ်။ အဲဒါတွေကတော့ သဘာဝဘေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်း၊ အစိုးရရဲ့ ဆန့်ကျင်ပိတ်ပင်မှု၊ နိုင်ငံအသီးသီးမှာရှိတဲ့ ညီအစ်ကို/မတွေ မတရားထောင်ချခံရမှုတွေနဲ့ တခြားထူးခြားတဲ့ဖြစ်ရပ် နောက်ဆုံးရသတင်းတွေ ဖြစ်ပါတယ်။ ဥပမာ၊ ၂၀၁၇၊ မတ် ၂၁ ရက် ဆောင်းပါးတစ်ပုဒ်မှာ ရုရှားမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုမှု ပိတ်ပင်ခံရတော့မယ့်အကြောင်းနဲ့ ရုရှားအစိုးရ အာဏာပိုင်တွေဆီ စာရေးကြဖို့ ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးကို အသိပေးခဲ့တယ်။
အထူးသတင်း အသိပေးချက်များ။ ၂၀၁၇၊ ဇူလိုင်လမှာ အထူးသတင်းတွေကို jw.org မှာ ဦးဆုံးဖော်ပြတယ်။ JW သတင်း ကဏ္ဍမှာ ဆောင်းပါးအပြည့်အစုံအနေနဲ့ မဟုတ်ဘဲ တိုတိုတုတ်တုတ် အထူးသတင်းအနေနဲ့ ညီအစ်ကိုအသင်းအပင်းကို အသိပေးတာဖြစ်တယ်။ ဥပမာ၊ ယုံကြည်ခြင်းကြောင့် အကျဉ်းကျနေတဲ့ ညီအစ်ကို/မတွေ လွတ်မြောက်လာတဲ့အခါ အသိပေးတယ်။ ၂၀၂၀၊ ဒီဇင်ဘာ ၃၁ မှာ ညီအစ်ကို ဖေလစ် မာခမ်မဒီယေ့ဗ် ရုရှားအကျဉ်းထောင်ကနေ လွတ်လာပြီး ဇနီးဖြစ်သူ ယေ့ဂျီနီးယားနဲ့ ပြန်လည်ပေါင်းစည်းတဲ့အကြောင်း ဖော်ပြခဲ့တယ်။ ကပ်ရောဂါကာလအတွင်း အထူးသတင်း အသိပေးချက်ကိုသုံးပြီး အွန်လိုင်း အစည်းအဝေးကြီး အစီအစဉ်ပိုင်းတွေ ကြေညာခဲ့တယ်။ အစည်းအဝေးတွေကို လူကိုယ်တိုင် ပြန်တက်ရောက်နိုင်တဲ့အကြောင်း၊ အများရှေ့ သက်သေခံခြင်းလုပ်ငန်းမှာ ပြန်ပါဝင်နိုင်တဲ့အကြောင်းစတဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထူးခြားတဲ့ ဆုံးဖြတ်ချက်တွေ အသိပေးဖို့လည်း အသုံးပြုခဲ့တယ်။ အထူးသတင်း အတော်များများကတော့ ကမ္ဘာ့ဒေသတစ်ခုမှာဖြစ်တဲ့ ထူးခြားတဲ့ဖြစ်ရပ် ဖြစ်ပြီးတာနဲ့ နာရီပိုင်းအတွင်းမှာတင်တဲ့ သတင်းတွေဖြစ်ပါတယ်။ ဥပမာ၊ တောင်ကိုရီးယား နိုင်ငံဟာ အရပ်ဘက်အစားထိုးလုပ်ငန်း ရွေးချယ်ခွင့် မပေးတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ၂၀၁၈၊ ဇွန်လမှာ သမိုင်းဝင် ဆုံးဖြတ်ချက် ထုတ်ပြန်ကြေညာခဲ့တယ်။ အဲဒီလိုကြေညာပြီး မကြာခင်မှာပဲ အထူးသတင်း ထုတ်ခဲ့တယ်။
အုပ်ချုပ်ရေးအဖွဲ့ဆီက နောက်ဆုံးရသတင်းများ။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်းမှာ အားပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ jw.org မှာ အုပ်ချုပ်ရေးအဖွဲ့ဆီက နောက်ဆုံးရသတင်းကို ၂၀၂၀၊ မတ်လ ၁၈ ရက်မှာ ဦးဆုံးတင်ခဲ့တယ်။ နောက်ဆုံးရသတင်းတွေနဲ့ပတ်သက်ပြီး ညီအစ်မတစ်ယောက် ဒီလိုပြောခဲ့တယ်– “အဲဒီသတင်းတွေက မိတ်ဆွေတစ်ယောက် ကိုယ့်ကို နေမှကောင်းရဲ့လားဆိုပြီး လာကြည့်သလို ခံစားရတယ်။ နောက်ဆုံးရသတင်းတွေသာ မရှိခဲ့ရင် ဒီကပ်ရောဂါကာလကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာ စဉ်းစားလို့ မရနိုင်ဘူး။ သတင်းတွေ အမြဲပဲ အချိန်ကိုက် ရခဲ့တယ်။” အတော်များများလည်း အဲဒီညီမလိုပဲ ခံစားကြရတယ်။ အခုအထိဆိုရင် အချိန်ကိုက်တင်ပေးခဲ့တဲ့ နောက်ဆုံးရသတင်း ၂၈ ခု ရှိပါပြီ။
လောကကြီးမှာ စိတ်ဝမ်းကွဲပြားမှုတွေ ပိုတိုးများလာပြီး ထူးခြားတဲ့ ဖြစ်ရပ်တွေ မြန်မြန်ဆန်ဆန် ဖြစ်ပျက်နေတဲ့အတွက် ယုံကြည်စိတ်ချရတဲ့ သတင်းတွေရဖို့ ပိုပြီးခက်လာတယ်။ ဒါပေမဲ့ ညီအစ်ကိုတွေဟာ အချိန်ကိုက်၊ တိကျမှန်ကန်တဲ့ သတင်းတွေကို jw.org ကနေ ရရှိနေကြလို့ ကျွန်တော်တို့ ဝမ်းသာတယ်။ အဲ့ဒါက ကျွန်တော်တို့တစ်ဦးချင်းစီ ယေဟောဝါဘုရားကို “တည်ငြိမ်စွာ ယုံကြည်ကိုးစား” ဖို့ ထောက်ကူပေးပါတယ်။—ဟေရှာယ ၃၀:၁၅။
လစဉ် ကူးယူတဲ့ ဗီဒီယိုများ
လတိုင်း နေ့စဉ် ဝင်ကြည့်သူများ
ကမ္ဘာချီ စာရေးတဲ့ ကင်ပိန်း ကြေညာချက်၊ မတ်လ ၂၀၁၇
ပထမဆုံး အုပ်ချုပ်ရေးအဖွဲ့ဆီက နောက်ဆုံးရသတင်း တင်ခြင်း၊ မတ်လ ၂၀၂၀
အစည်းအဝေးတွေကို လူကိုယ်တိုင် ပြန်တက်ရောက်ဖို့ ကြေညာချက်၊ မတ်လ ၂၀၂၂
အများရှေ့ သက်သေခံခြင်း ပြန်လုပ်ဖို့ ကြေညာချက်၊ ဇွန် ၂၀၂၂
အစည်းအဝေးကြီး အစီအစဉ်ပိုင်းတွေ တင်ခြင်း၊ ဇွန် မှ သြဂုတ်၊ ၂၀၂၂