အောက်တိုဘာ ၃၊ ၂၀၁၇
ကမ္ဘာတစ်ဝန်းက သတင်းများ
အာမာမုန်တိုင်း တိုက်ခတ်ပြီးနောက် နောက်ဆက်တွဲသတင်း
နယူးယောက်။ အာမာမုန်တိုင်း တိုက်ခတ်ပြီးနောက် ညီအစ်ကိုတွေရဲ့ အခြေအနေကို ဘာဘေးဒိုးစ်၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု ဌာနခွဲရုံးတွေက အောက်ပါအတိုင်း သတင်းပို့ပါတယ်။
ဘာဘေးဒိုးစ် ဌာနခွဲရုံးလက်အောက် ဘေးသင့်နယ်မြေများ—အန်ဂွီလာ၊ အင်တီဂွါ၊ ဘာမြူဒါ၊ မွန်ဆာရတ်၊ စာဘာ၊ စိန့်ယူစတေးရှပ်စ်၊ စိန့်ကစ္စ၊ နီးဗစ္စ၊ စိန့်မာတင် (ဒတ်ချ် အပိုင်)။ ဘာမြူဒါနဲ့ စိန့်မာတင်မှာ အကြီးအကျယ် ပျက်စီးဆုံးရှုံးတယ်လို့ သတင်းရပါတယ်။
ဘာမြူဒါဟာ လူဦးရေ ၁,၈၀၀ လောက်သာရှိတဲ့ ကျွန်းငယ်လေး ဖြစ်တယ်။ ရေ၊ မီး၊ လျှပ်စစ်တွေ ပြတ်တောက်နေပြီး ခန့်မှန်းခြေ အိုးအိမ် ၉၅ ရာခိုင်နှုန်း ပျက်စီးသွားတဲ့အတွက် ဘေးသင့်ဒေသ၊ အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ထားပါတယ်။ ကြေညာသူ ၁၁ ယောက်စလုံးကို အနီးနားက အင်တီဂွါကျွန်းကို ရွှေ့ပြောင်းပေးခဲ့ပြီး သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ (DRC) က ကြည့်ရှုစောင့်ရှောက်ပေးနေပါတယ်။ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သတင်းရပါတယ်။
စိန့်မာတင်ကျွန်း (ဒတ်ချ်အပိုင်ရော ပြင်သစ်အပိုင်မှာပါ) ကြေညာသူ ၇၀၀ နီးပါး ရှိတယ်။ ညီအစ်မတစ်ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ ညီအစ်ကိုတွေကို ကူညီပေးဖို့ ဘာဘေးဒိုးစ်နဲ့ ပြင်သစ်ဌာနခွဲက ညီအစ်ကိုတွေ၊ ဆေးဝါးကျွမ်းကျင်သူတွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို စိန့်မာတင်ကျွန်းကို စေလွှတ်ခဲ့တယ်။
ပြင်သစ်ဌာနခွဲရုံးလက်အောက် ထိခိုက်တဲ့ နယ်မြေများ—ဂွါဒီလု၊ မာတီနစ်၊ စိန့်ဘာသဲလမီ၊ စိန့်မာတင် (ပြင်သစ်အပိုင်)။ ဂွါဒီလုမှာရော၊ မာတီနစ်မှာပါ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သတင်းရပါတယ်။
စိန့်ဘာသဲလမီ (စိန့်ဘာတ် အတွက် ပြင်သစ်နာမည်) မှာ အကြီးအကျယ် ပျက်စီးသွားပြီး ကြေညာသူတွေနဲ့ အဆက်အသွယ် မရနိုင်ပါဘူး။ ဒါပေမဲ့ ကြေညာသူအယောက် ၃၀ စလုံးနဲ့ အဆက်အသွယ် ရပြီး နိုင်ငံတော်ခန်းမ အနည်းငယ် ပျက်စီးသွားကြောင်း တိုက်နယ်ကြီးကြပ်မှူးဆီကနေ သတင်းရရှိပါတယ်။ စိန့်ဘာသဲလမီနဲ့ စိန့်မာတင်မှာရှိတဲ့ ညီအစ်ကိုတွေအတွက် သောက်ရေ၊ အစားအစာနဲ့ တခြား ကယ်ဆယ်ရေးပစ္စည်းတွေကို အနီးနားက ဂွါဒီလုနဲ့ မာတီနစ်ကျွန်းတွေကနေ ပို့ပေးဖို့ DCR က ကြီးကြပ်ပေးခဲ့တယ်။
ဒိုမီနီကန်သမ္မတနိုင်ငံ ဌာနခွဲရုံး နယ်မြေမှာလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဌာနခွဲကော်မတီက နိုင်ငံအတွင်းရှိ ကြေညာသူ ၃၈,၀၀၀ အတွက် DRC ငါးဖွဲ့ ဖွဲ့ပေးခဲ့တယ်။ အာမာမုန်တိုင်း မဝင်ခင်ရက်အနည်းငယ်မှာ တိုက်နယ်ကြီးကြပ်မှူးတွေ၊ အသင်းတော် အကြီးအကဲတွေက ကြေညာသူအားလုံးဆီ လည်ပတ်ပြီး ယောက်တိုင်း ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းခဲ့ကြတယ်။ အကြီးအကဲတွေက ရေလွှမ်းမိုးနိုင်ခြေရှိတဲ့ မြောက်ဘက်ကမ်းခြေဒေသက ကြေညာသူ ၁,၂၇၃ ယောက်ကို လုံခြုံတဲ့နေရာဆီ ရွှေ့ပြောင်းပေးခဲ့တယ်။ သိပ်စိတ်မချရတဲ့ နေအိမ်တွေမှာ နေထိုင်တဲ့ ကြေညာသူ ၂,၀၆၈ ယောက်ကိုလည်း နိုင်ငံတော်ခန်းမတွေ၊ ပိုလုံခြုံ စိတ်ချရတဲ့ သက်သေခံဆွေမျိုး အိမ်တွေမှာ ပြောင်းရွှေ့နေဖို့ ညွှန်ကြားခဲ့ကြတယ်။
မကြာသေးခင်က ဆောက်လုပ်ပြီးစီးခဲ့တဲ့ နိုင်ငံတော်ခန်းမတွေ အနည်းငယ် ပျက်စီးခဲ့တယ်။ သက်သေခံ မိသားစုငါးစုရဲ့ အိမ်တွေ ပျက်စီးသွားတယ်။ ဒေသခံအသင်းတော် ဒါမှမဟုတ် DRC ရဲ့ ဦးစီးမှုနဲ့ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ အသက်သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။
အမေရိကန်ပြည်ထောင်စု ဌာနခွဲရုံးလက်အောက် ထိခိုက်တဲ့ နယ်မြေများ—ဘာမြူဒါ၊ ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ ပွာတိုရီကို၊ တာ့ခ်နှင့် ကေးကို့စ်ကျွန်းစု၊ ဗာဂျင်ကျွန်းစု (ဗြိတိန်)၊ ဗာဂျင်ကျွန်းစု (ယူအက်စ်)။ ညီအစ်ကိုတစ်ယောက်၊ ညီအစ်မတစ်ယောက် သေဆုံးသွားကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ် သေဆုံးတဲ့သတင်း မရရှိပါဘူး။ ၆ ယောက် ထိခိုက်ဒဏ်ရာ ရပြီး ညီအစ်ကို/မ အယောက် ၃,၀၀၀ ကျော်ကို ရွှေ့ပြောင်းခဲ့ရကြောင်း ဌာနခွဲရုံးက သတင်းရရှိပါတယ်။ ဖလော်ရီဒါ အလယ်ပိုင်းနဲ့ ဂျော်ဂျီယာက ညီအစ်ကို/မများစွာက နေအိမ်စွန့်ပြေးလာတဲ့ ညီအစ်ကို/မတွေကို ခေါ်ထားကြပါတယ်။
ဖလော်ရီဒါ၊ ဖော့တ် လော်ဒါဒယ် ဘာသာပြန်ရုံးခွဲ (RTO) က ညီအစ်ကို/မတွေဟာ ဝက်စ်ပမ်းဘိချ် စည်းဝေးပွဲခန်းမကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီမှာ ရက်အနည်းငယ် နေခဲ့ကြတယ်။ RTO ရုံးခွဲမှာ ရေပြတ်သွားပြီး ရက်အတော်ကြာတဲ့အထိ လျှပ်စစ်နဲ့ အင်တာနက် ပြတ်တောက်သွားတယ်။ အခု ပုံမှန် ပြန်လည်ပတ်နေပါပြီ။
ဖလော်ရီဒါ၊ ပမ်းကို့စ် သင်တန်းကျောင်း အဆောက်အအုံမှာ SKE တက်ရောက်နေတဲ့ ကျောင်းသူ/သားတွေ အပါအဝင် တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးများ သင်တန်းကို တက်ရောက်နေသူ အားလုံးလည်း ရွှေ့ပြောင်းခဲ့ကြရတယ်။ အဆောက်အအုံမှာ ကျန်ရစ်ခဲ့တဲ့ အယောက် ၂၀ ဟာ ဘေးကင်းခဲ့ပါတယ်။ လျှပ်စစ် ပြတ်တောက်ခဲ့ပေမဲ့ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးတာ မရှိခဲ့ပါဘူး။
ညီအစ်ကို/မတွေ ဘေးကင်းပြီး အချိန်မီ အကူအညီရဖို့ လုပ်ငန်းတော်ဌာနလက်အောက်မှာရှိတဲ့ သဘာဝဘေး ကယ်ဆယ်ရေးဌာနနဲ့ ဒေသခံ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်ပေးနေပါတယ်။
အဓိက ဘေးသင့်တဲ့ ဒေသမှာ အစားအစာနဲ့ သောက်ရေ ရရှိစေဖို့ အမေရိကန်ပြည်ထောင်စုမှာ ကယ်ဆယ်ရေးစင်တာတွေ ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် ပွာတိုရီကို မှာရှိတဲ့ DRC က ကျွန်းတွေမှာ နေထိုင်တဲ့ ညီအစ်ကို/မတွေအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေပါတယ်။
ကရစ်ဘီယံကျွန်းမှာ အိမ် ၆၁ လုံး အနည်းငယ် ပျက်စီးခဲ့ပြီး အိမ် ၅၅ လုံးကတော့ ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်။ နိုင်ငံတော်ခန်းမ နှစ်လုံးလည်း အတော်လေး ပျက်စီးသွားပါတယ်။
ဌာနခွဲရုံးနဲ့ ကမ္ဘာ့ဌာနချုပ်က ညီအစ်ကိုတွေဟာ ညီအစ်ကို/မတွေကို ကူညီပေးဖို့ ဖလော်ရီဒါနဲ့ ကျွန်းတွေဆီ သွားခဲ့ကြပါတယ်။ ဆက်ပြီးလည်း ဆန်းစစ်ကူညီပေးနေကြပါတယ်။
အာမာမုန်တိုင်းဘေးသင့်သူတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းမှာ ကြိုးစားပါဝင်နေသူတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။—ရောမ ၁၅:၅။ ၂ ကောရိန္သု ၁:၃၊ ၄၊ ၇။ ၈:၁၄။
Media Contacts:
International: David A. Semonian, Office of Public Information, +1-845-524-3000
Barbados: John Medford, +1-246-438-0655
Dominican Republic: Josué Féliz, +1-809-595-4007
France: Guy Canonici, +33-2-32-25-55-55