မာတိကာဆီ ကျော်သွား

(ဝဲ) အိမ်နဲ့ နိုင်ငံတော်ခန်းမတို့မှာ ပုံမှန် ထိတွေ့နေရတဲ့ မျက်နှာပြင်တွေ သန့်ရှင်းအောင် လုပ်ဆောင်တာက ကိုယ့်ကိုကိုယ် ကာကွယ်ရာရောက်တယ်။ (အလယ်) ရောဂါဖြစ်ပွားနေတဲ့ ဒေသတချို့မှာ ကြေညာသူတွေက တယ်လီဖုန်း သက်သေခံခြင်းတို့လို ဟောပြောခြင်းနည်းလမ်းကို သုံးပြီး အမှုဆောင်နိုင်တယ်။ (ယာ) ရောဂါကူးစက်မှု ပြင်းထန်တဲ့ဒေသတွေမှာ အကြီးအကဲတွေက ဒေသအခြေအနေပေါ် မူတည်ပြီး အစည်းအဝေး အသံသွင်းထားတာကို နားထောင်/ကြည့်ရှုနိုင်အောင် စီစဉ်နိုင်တယ်

မတ် ၃၊ ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးအချက်အလက်နဲ့ တုံ့ပြန်မှု

ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးအချက်အလက်နဲ့ တုံ့ပြန်မှု

ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်က နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ပြန့်ပွားမှုကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ကျမ်းစာကြိုဟောချက်အရ ကပ်ရောဂါဟာ နောက်ဆုံးကာလရဲ့ ထူးခြားတဲ့ အသွင်အပြင်တစ်ခု ဖြစ်တယ်။ (လုကာ ၂၁:၁၁) ရောဂါ ကူးစက်ပြန့်ပွားတဲ့အခါ ကိုယ်တိုင်နဲ့ တခြားသူတွေကို ကာကွယ်ဖို့ လုပ်ဆောင်တာက ပညာရှိရာရောက်တယ်။—ပညာအလိမ္မာ ၂၂:၃

ရောဂါဖြစ်ပွားရာ ဒေသတွေမှာ ရှိတဲ့ ညီအစ်ကို/မတွေရဲ့ အခြေအနေကို သိချင်သူတွေ ရှိတယ်။ COVID-19 ဖြစ်ပွားမှုကြောင့် အီတလီ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ တခြားနိုင်ငံက ဌာနခွဲတွေ၊ အသင်းတော်တွေမှာ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှု မဖြစ်မနေ လုပ်ခဲ့ရတယ်။ ဌာနခွဲ လည်ပတ်ကြည့်ရှုရေးကို ရပ်ဆိုင်းထားရတယ်။ ပြင်ပ ဧည့်သည်တွေကို လက်မခံတော့ဘူး။ တချို့နိုင်ငံမှာ အစိုးရက လူစုလူဝေး ပွဲလမ်းသဘင်တွေ ကျင်းပခွင့် မပြုတော့ဘူး။ ဒါကြောင့် ဌာနခွဲက စည်းဝေးပွဲတွေကို ဖျက်သိမ်းလိုက်ရတယ်။ ဒါ့အပြင် တချို့ဒေသမှာ အသင်းတော်တွေက အမှုဆောင်၊ အစည်းအဝေးတွေအတွက် အစီအစဉ် ပြောင်းခဲ့ရတယ်။ ဒီလို အဆင်မပြေမှုတွေကြား ညီအစ်ကိုတွေဟာ ဘုရားရေးရာဘက် သန်စွမ်းအောင် ကိုယ်တိုင် ကြိုးစားနေရုံမက အချင်းချင်းကိုလည်း အားပေးနေပါတယ်။—ယုဒ ၂၀၊ ၂၁

ဒီအခြေအနေမျိုးမှာ အောက်ပါမူတွေဟာ အထောက်အကူပြုကြောင်း ညီအစ်ကိုတွေ တွေ့ရှိကြတယ်။ ကိုယ့်ဒေသမှာ ရောဂါဖြစ်ပွားနေရင် ဒီအချက်တွေက ကိုယ်တိုင်နဲ့ မိသားစုအတွက်လည်း အထောက်အကူ ဖြစ်စေနိုင်တယ်။

  • ထိတ်ထိတ်ပျာပျာ မဖြစ်ပါနဲ့။ ကပ်ရောဂါတွေကို သတိထားတာ၊ ကြိုတင်ကာကွယ်တာ ကောင်းပါတယ်။ ဒါပေမဲ့ ကြောက်လန့်တကြား မဟုတ်ဘဲ အချက်အလက်အမှန်တွေပေါ် မူတည်ပြီး တုံ့ပြန်သင့်တယ်။—ပညာအလိမ္မာ ၁၄:၁၅။ ဟေရှာယ ၃၀:၁၅

  • အစိုးရ အကြံပြုချက်၊ ညွှန်ကြားချက်တွေကို လိုက်နာပါ။ ဒေသခံ အာဏာပိုင်တွေက လူထုကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှု၊ ကန့်သတ်မှုတွေ ထုတ်ပြန်လေ့ရှိတယ်။ မျက်စိဖွင့် နားဖွင့်ထားပါ။ အစိုးရ ညွှန်ကြားချက်တွေကို လိုက်နာပါ။—ရောမ ၁၃:၁

  • တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ။ လက်ကို ဆပ်ပြာနဲ့ ပုံမှန် ဆေးဖို့၊ အရက်ပျံပါတဲ့ လက်သန့်စင်ဆေးရည် သုံးဖို့ သိပ်အရေးကြီးတယ်။ အိမ်နဲ့ နိုင်ငံတော်ခန်းမတို့မှာ ပုံမှန် ထိတွေ့နေရတဲ့ မျက်နှာပြင်တွေကို သန့်ရှင်းရေး လုပ်သင့်တယ်။ ဒါ့အပြင် ဒီလိုအခြေအနေမှာ လက်ဆွဲ နှုတ်ဆက်တာကို ဆေးပညာရှင်တွေ အားမပေးဘူး။ ရောဂါ ကူးစက်ပြန့်ပွားစေနိုင်လို့ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လူထုအတွက် ထပ်ဆင့်အကြံပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

  • တခြားသူကို ချစ်ကြောင်း ပြပါ။ အစည်းအဝေးတက်ဖို့၊ အမှုဆောင်ထွက်ဖို့ အရေးကြီးတာ မှန်ပေမဲ့ ဖျားနေတယ်ဆိုရင် တခြားသူဆီ မကူးအောင် အိမ်မှာ အနားယူတာ အကောင်းဆုံးပါပဲ။ ဒါဟာ ညီအစ်ကို/မတွေနဲ့ အိမ်နီးချင်းတွေကို ချစ်ကြောင်း၊ ကာကွယ်ပေးကြောင်း ပြရာရောက်တယ်။—မဿဲ ၂၂:၃၉

  • အသင်းတော်ရဲ့ ယာယီ အစီအစဉ် အပြောင်းအလဲတွေကို လိုက်နာပါ။ ရောဂါဖြစ်ပွားရာ ဒေသတွေမှာ ဌာနခွဲရုံးက အသင်းတော် အစည်းအဝေး၊ စည်းဝေးပွဲ၊ တခြား ဘုရားရေးရာ အခါသမယတွေကို အခိုက်အတန့် ရပ်ဆိုင်းထားနိုင်တယ်။ COVID-19 ဗိုင်းရပ်စ် ဖြစ်ပွားမှု ပြင်းထန်တဲ့ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယားရဲ့ ဒေသတချို့မှာ အဲဒီအတိုင်း လုပ်ဆောင်ကြတယ်။ ဒေသအခြေအနေပေါ် မူတည်ပြီး အစည်းအဝေး အသံသွင်းထားတာကို ကြေညာသူတွေ အိမ်ကနေ ကြည့်ရှုနိုင်အောင် အကြီးအကဲတွေ စီစဉ်ပေးနိုင်တယ်။ ကြေညာသူတွေလည်း ဖုန်း၊ မက်ဆေ့ချ်၊ အီးမေးလ်နဲ့ သက်သေခံတာ ဒါမှမဟုတ် စာရေး သက်သေခံတာတွေ လုပ်နိုင်ပါတယ်။