မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဧပြီ ၁၊ မော်စကိုမှာ ကျင်းပတဲ့ သတင်းညီလာခံ။ ယေဟောဝါသက်သေများ ဆိုက်ဘေးရီးယားသို့ ရထားနဲ့ နယ်နှင်ခံရတဲ့ အနှစ် ၇၀ ပြည့် အထိမ်းအမှတ်ပါ

ဧပြီ ၃၀၊ ၂၀၂၁
ကမ္ဘာတစ်ဝန်းက သတင်းများ

အနှစ်ချုပ် | ဆိုဗီယက်ခေတ် ယေဟောဝါသက်သေများ ဆိုက်ဘေးရီးယားသို့ နယ်နှင်ခံရခြင်း အနှစ် ၇၀ ပြည့် အထိမ်းအမှတ် ညီလာခံကို မော်လ်ဒိုဗာ၊ ရုရှားနဲ့ ယူကရိန်းတို့မှာလည်း ကျင်းပ

အနှစ်ချုပ် | ဆိုဗီယက်ခေတ် ယေဟောဝါသက်သေများ ဆိုက်ဘေးရီးယားသို့ နယ်နှင်ခံရခြင်း အနှစ် ၇၀ ပြည့် အထိမ်းအမှတ် ညီလာခံကို မော်လ်ဒိုဗာ၊ ရုရှားနဲ့ ယူကရိန်းတို့မှာလည်း ကျင်းပ

မြောက်ပိုင်း စစ်ဆင်ရေးလို့ ခေါ်တဲ့ ၁၉၅၁ ခုနှစ်မှာ ဆိုဗီယက် အစိုးရက ယေဟောဝါသက်သေ ၉,၇၉၃ ဦးကို ရထားပေါ် တင်ပြီး ဆိုက်ဘေးရီးယားသို့ နယ်နှင်လိုက်ခြင်း အနှစ် ၇၀ ပြည့် အထိမ်းအမှတ် သတင်းညီလာခံတစ်ရပ်ကို မော်လ်ဒိုဗာ၊ ရုရှားနဲ့ ယူကရိန်းတို့မှာ ဗီဒီယို ချိတ်ဆက်ပြီး ကျင်းပခဲ့ကြတယ်။

တက်ရောက်သူတွေကို မြောက်ပိုင်း စစ်ဆင်ရေးအကြောင်း ဖော်ပြထားတဲ့ 1951deport.org ဝက်ဘ်ဆိုက်ကို ဝင်ရောက်လေ့လာကြည့်ဖို့ တိုက်တွန်းတယ်။ ယေဟောဝါသက်သေတွေ တင်ထားတဲ့ အဲဒီဝက်ဘ်ဆိုက်ကို အင်္ဂလိပ်၊ ရုရှား၊ ယူကရိန်း ဘာသာစကားနဲ့ ရနိုင်ပါတယ်။ မြောက်ပိုင်း စစ်ဆင်ရေး သမိုင်းကြောင်းနဲ့ နယ်နှင်ခံရခြင်းအကြောင်းတွေကို ဆန်းစစ်ထားတယ်။

ဧပြီ ၁ | မော်လ်ဒိုဗာမှာ ကျင်းပတဲ့ ညီလာခံ

အဲလီကူရပ်စို ပြည်နယ် ဘာလ်တီ တက္ကသိုလ်က ဒေါက်တာ လစ်ဒီယာ ပဒူရီအက်က “၁၉၅၁ မှာ USSR နယ်နှင်ဒဏ်ပေးတာက ကွန်မြူနစ်ဝါဒကို ဘာသာရေးအမြင်တွေ လွှမ်းသွားမှာ စိုးရိမ်လို့ပဲ” ဆိုပြီး ပြောတယ်။

၂၀၂၁ ဧပြီ ၁၊ မော်လ်ဒိုဗာမှာ ကျင်းပတဲ့ ညီလာခံကို ဗီဒီယိုချိတ်ဆက် ကျင်းပစဉ် ညီအစ်ကို ဗစ်တာ ဒေါန်နီချန်ကိုက (ဘယ်ထိပ်) စကားပြောနေ

သမိုင်း တက္ကသိုလ်ရဲ့ သိပ္ပံသုတေသီ ဒေါက်တာ နီကိုလိုင် ဖူစတာက “မြောက်ပိုင်း စစ်ဆင်ရေး မအောင်မြင်ခဲ့ပါဘူး။ . .  ယေဟောဝါသက်သေအဖွဲ့အစည်း ပျက်စီးမသွားဘူး။ ယေဟောဝါသက်သေတွေ ဟောပြောနေဆဲပဲ။ အရင်ကထက်တောင် ရဲစွမ်းသတ္တိ ပိုရှိလာတယ်” လို့ ပြောတယ်။

သမိုင်းတက္ကသိုလ်ရဲ့ သိပ္ပံသုတေသီ၊ ညီလာခံ သဘာပတိ ဒေါက်တာ ဗာဂျီလူ ဘာလယ်ဒါနိုက သူ လူတွေ့မေးမြန်းခဲ့တဲ့ နယ်နှင်ခံတွေရဲ့ ထူးခြားချက်တွေကို ပြောပြတယ်။ “အကောင်းမြင်စိတ် ရှိကြမှန်း သူတို့မျက်ဝန်းမှာ ပေါ်နေလို့ ကျွန်တော် အံ့အားသင့်ခဲ့ရတယ်။ ဆိုဗီယက်ခေတ်မှာ ခံခဲ့ရတာတွေကြောင့် နာကြည်းနေတာမျိုး မရှိဘူး။”

မော်လ်ဒိုဗာ ဌာနခွဲမှာ ရှိတဲ့ ညီအစ်ကို ဗစ်တာ ဒေါန်နီချန်ကိုက ရုရှားမှာ ရှိတဲ့ ယေဟောဝါသက်သေတွေဟာ ဆိုဗီယက်ခေတ်မှာလိုမျိုး နှိပ်စက်ညှဉ်းပန်းခံနေရပြန်ပြီလို့ ပြောတယ်။ “အခုထိ သင်ခန်းစာ မရကြသေးတာ ဝမ်းနည်းစရာပဲ။ ၂၀၁၇၊ နွေရာသီမှာ ရုရှားက ယေဟောဝါသက်သေ ၁၇၅,၀၀၀ ရဲ့ ဘာသာရေး အဖွဲ့အစည်းကို ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ပိတ်ပင်ခဲ့တယ်။ ဘာသာရေး မုန်းတီးမှု၊ ယေဟောဝါသက်သေတွေအကြောင်း မဟုတ်မမှန် ဝါဒဖြန့်မှုတွေကြောင့် လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်စတဲ့ အခြေခံ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်” လို့ ပြောတယ်။

ဧပြီ ၁ | မော်စကိုမှာ ကျင်းပတဲ့ သတင်းညီလာခံ

ယခင်သတင်းမှာ ပါတဲ့အတိုင်း ယေဟောဝါသက်သေတွေရဲ့ ဥရောပ ကိုယ်စားလှယ် ညီအစ်ကို ရာရိုစလာ့ဗ် စီဗူလ်စကီနဲ့အတူ ပညာရှင် ငါးဦး၊ လူ့အခွင့်အရေး ကျွမ်းကျင်သူ တစ်ဦးတို့က မြောက်ပိုင်း စစ်ဆင်ရေးအပြင် လက်ရှိ ရုရှားရဲ့ နှိပ်စက်ညှဉ်းပန်းမှုအကြောင်း သတင်းမီဒီယာတွေကို ပြောပြတယ်။ ညီလာခံ အစအဆုံးကို အင်္ဂလိပ်ရုရှားဘာသာစကား နှစ်မျိုးနဲ့ပဲ အွန်လိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့တယ်။

ဧပြီ ၆ | မော်စကို အခြေစိုက် နိုင်ငံတကာ အောက်မေ့ရာအဖွဲ့ ကြီးမှူးကျင်းပတဲ့ ညီလာခံ

ယခင်သတင်းမှာ ဖော်ပြခဲ့သလိုပဲ ညီလာခံ ဗီဒီယိုကို ရုရှားဘာသာစကားနဲ့ပဲ အွန်လိုင်းကနေ ကြည့်နိုင်ပါတယ်။

ဧပြီ ၈ | ကီရိဗ်မှာ ကျင်းပတဲ့ ညီလာခံ

ယူကရိန်း ဌာနခွဲက ညီအစ်ကို အိုင်ဗန် ရီဟာနဲ့အတူ ခြောက်နိုင်ငံက ကျမ်းပညာရှင် ဆယ့်လေးဦးကလည်း ပါဝင်ဆွေးနွေးကြတယ်။ ကျမ်းပညာရှင်တချို့က နယ်နှင်ခံခဲ့ရသူတွေကို လူတွေ့မေးမြန်း စုံစမ်းဖူးသူတွေပါ။ လူတွေ့မေးမြန်းထားတဲ့ ဗီဒီယိုအပိုင်းတွေကိုလည်း ပြသကြတယ်။

ပိုလန်နိုင်ငံ၊ ဆိုင်လိရှား တက္ကသိုလ် ယဉ်ကျေးမှုသိပ္ပံဌာနက သမိုင်းသုတေသီ ဒေါက်တာ တိုမတ်ရှ် ဘူဂါက “ဆိုက်ဘေးရီးယားမှာ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ နေထိုင် လုပ်ကိုင်စားသောက်ရပါစေ ယေဟောဝါသက်သေတွေရဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေ၊ ဘာသာရေး ခံယူချက်တွေကတော့ ပြောင်းလဲမသွားပါဘူး။ သက်သောင့်သက်သာ နေထိုင်စားသောက်ဖို့အတွက် အလျှော့ပေးလိုက်ဖို့ စဉ်းကို မစဉ်းစားကြဘူး” လို့ ပြောတယ်။ ကွန်မြူနစ် အုပ်ချုပ်မှုအောက် မိမိတို့ ဘာသာရေး ယုံကြည်ချက်အတိုင်း ဆက်နေထိုင်ကိုးကွယ်ကြတဲ့ ယေဟောဝါသက်သေတွေကို “တစ်မူထူးတဲ့သူတွေ” လို့ ဒေါက်တာ ဘူဂါ ပြောတယ်။

လောလောဆယ် ယူကရိန်းက ယေဟောဝါသက်သေတွေဟာ ကျမ်းစာအခြေပြု စာပေတွေကို ဘာသာစကား ၃၆ မျိုးနဲ့ ထုတ်ဝေနေကြောင်း ယူကရိန်းနိုင်ငံ၊ ဘာသာရေးသိပ္ပံဌာန ဒုဥက္ကဋ္ဌ ပါမောက္ခ လုဒ်မီလာ ဖိုင်လစ်ဗိုဗစ် ပြောတယ်။ ဟောပြောခြင်းလုပ်ငန်းဟာ သက်သေခံ အသိုင်းအဝိုင်းကိုသာမက အကျိုးပြုကြောင်း အလေးပေးဖော်ပြတယ်။ “ယူကရိန်းမှာ ကြုံတွေ့နေရတဲ့ လူမှုရေး ပြဿနာ အတော်များများ သက်သေခံတွေကြောင့် ပြေလည်သွားတယ်” လို့ ပြောတယ်။ သက်သေခံတွေ ကျမ်းစာသင်ပေးတဲ့အတွက် နားမကြား၊ မျက်မမြင်သူတွေဟာ လူရာဝင်တယ်လို့ ခံစားလာကြတဲ့အကြောင်းကိုလည်း ပြောပြတယ်။

ညီလာခံ အစီအစဉ်ကို အင်္ဂလိပ်ရုရှားယူကရိန်း ဘာသာစကား သုံးမျိုးနဲ့ အွန်လိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့တယ်။

ဧပြီ ၉ | ကီရိဗ်မှာ ကျင်းပတဲ့ သတင်းညီလာခံ

ပါမောက္ခ ဖိုင်လစ်ဗိုဗစ်က “ယေဟောဝါသက်သေတွေဟာ ဘယ်လောက်ပဲ အခြေအနေ ဆိုးနေပါစေ အလိုက်သင့် နေထိုင်တတ်ကြတယ်။ ဆိုးဝါးတဲ့ အခြေအနေ ရောက်နေတာတောင် မိမိတို့ဘာသာရေး ယုံကြည်ချက်တွေကို အခွင့်အရေး ရှာပြီး ဟောတတ်ကြတယ်။ . .  ဆိုဗီယက်ခေတ်မှာလည်း မိမိတို့စံနှုန်းကို စွဲကိုင်ထားသူတွေ ဖြစ်လို့ ယေဟောဝါသက်သေတွေဆို လူတွေ လေးစားကြတယ်” လို့ သတင်းမီဒီယာတွေကို ပြောတယ်။

ယူကရိန်းနိုင်ငံ ဘာသာရေးသိပ္ပံ သုတေသနနဲ့ နိုင်ငံတကာ ဆက်ဆံရေး ပညာရပ်ဌာန ဥက္ကဋ္ဌ ပါမောက္ခ အီဂေါ် ကတ်ဇ်လော့စကီက “အတိတ်ဖြစ်ရပ်တွေကို သတိရမှ ကိုယ်ဘယ်သူလဲဆိုတာ နားလည်နိုင်မယ်။ . .  ယေဟောဝါသက်သေများ ဆိုက်ဘေးရီးယားသို့ နယ်နှင်ခံရခြင်းအကြောင်းဟာ ပါးစပ်ရာဇဝင်တစ်ခုပဲ မဖြစ်သင့်ဘူး။ ယူကရိန်း နိုင်ငံရဲ့ သမိုင်းကြောင်းမှာ ထည့်သွင်းသင့်တယ်။ ယေဟောဝါသက်သေတွေသာမက တခြားဘာသာတွေကို အမုန်းပွားစေတဲ့ စကားတွေ၊ သတင်းမှားတွေ ပပျောက်အောင် လုပ်ဖို့ ဘာသာရေး ပညာရှင်တွေမှာ တာဝန်ရှိတယ်။”

ဒီအစီအစဉ်ကို အင်္ဂလိပ်ယူကရိန်း ဘာသာစကားနှစ်မျိုးနဲ့ပဲ တိုက်ရိုက် ထုတ်လွှင့်ခဲ့တယ်။