မာတိကာဆီ ကျော်သွား

ဘယ်– ကာဇက်စတန်သမ္မတနိုင်ငံ စစ်ဘက်တရားရုံး။ အတွင်းပုံ– ကာဇက်စတန်မှာ စစ်မှုထမ်းဖို့ ငြင်းဆိုပိုင်ခွင့်နဲ့ပတ်သက်ပြီး ၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာနဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ စီရင်ချက်မိတ္တူ

၂၀၂၄ ခုနှစ်၊ မေ ၃၁ ရက်
ကာဇက်စတန်

ကာဇက်စတန်နိုင်ငံမှာ စစ်မှုထမ်းဖို့ ငြင်းဆိုပိုင်ခွင့်ကို အတည်ပြုတဲ့ သမိုင်းဝင် စီရင်ချက်

ကာဇက်စတန်နိုင်ငံမှာ စစ်မှုထမ်းဖို့ ငြင်းဆိုပိုင်ခွင့်ကို အတည်ပြုတဲ့ သမိုင်းဝင် စီရင်ချက်

၂၀၂၄ ခုနှစ်၊ မေ ၂၃ ရက်က ကာဇက်စတန်နိုင်ငံမှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းတာကို ငြင်းဆိုပိုင်ခွင့်ပြုတဲ့ စီရင်ချက် ချမှတ်ခဲ့တယ်။ စီရင်ချက်က အသက် ၂၀ အရွယ် ညီအစ်ကို ဒန်နီယယ် စမောနဲ့ပတ်သက်တယ်။ သူ့ရဲ့အမှုကို တရားသူကြီးက “ထူးခြားဖြစ်စဉ်” လို့ဖော်ပြခဲ့တယ်။

ပြီးခဲ့နဲ့နှစ် ၂၀၂၃၊ မေ ၁၇ ရက်မှာ ခရိုင်စစ်ဘက်ရုံးက ဒန်နီယယ်ကို ဆင့်ခေါ်တယ်။ မိမိရဲ့ယုံကြည်ချက်ကို ဒန်နီယယ် လေးလေးစားစားနဲ့ ရှင်းပြခဲ့တယ်။ ဘာသာရေးဆိုင်ရာ စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့်ရှိတဲ့ အထောက်အထား စာရွက်စာတမ်းကိုလည်း စစ်မှုထမ်းရုံး အရာရှိတွေကို တင်ပြခဲ့တယ်။ ဒါပေမဲ့၊ အရာရှိတွေက သူ့ကို ကင်းလွတ်ခွင့် မပေးခဲ့ဘူး။ နောက်တစ်နေ့မှာ စစ်မှုထမ်းရုံးအရာရှိတွေက ဒန်နီယယ်ကို သူ့ရဲ့မြို့ ရပ်ဒ်နီကနေ ၁,၂၄၃ မိုင်ဝေးတဲ့ စစ်ဘက်အဆောက်အအုံဆီ အတင်းအကျပ် ရထားနဲ့ ပို့လိုက်တယ်။ ဒီအခက်အခဲကြုံရချိန်မှာ ဒန်နီယယ် သစ္စာရှိရှိ ကြားနေခဲ့တယ်။ စစ်သစ္စာအဓိဋ္ဌာန်ဆိုတာ၊ လေ့ကျင့်ခန်းဆင်းတာတွေမှာ မပါဝင်ခဲ့သလို စစ်ယူနီဖောင်းလည်း မဝတ်ခဲ့ဘူး။ လုပ်ထုံးလုပ်နည်း အတိုင်း တိုင်တန်းစာ တင်ခဲ့ပေမဲ့ ထူးခြားမလာတော့ ဒန်နီယယ်ဟာ တရားဥပဒေအတိုင်း အဆင့်ဆင့်သွားဖို့ ကြိုးပမ်းခဲ့တယ်။ ဒါနဲ့ အမှုကြားနာစစ်ဆေးတာ သုံးလကြာမြင့်ခဲ့တယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတုန်းက အယ်လ်မတီ ဂယ်ရစ်စင် စစ်ဘက်တရားရုံး အပြင်ဘက်မှာ ရပ်နေတဲ့ ညီအစ်ကို ဒန်နီယယ် စမော

နောက်ဆုံးတော့၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်မှာ အယ်လ်မတီ ဂယ်ရစ်စင် စစ်ဘက်တရားရုံးက ဒန်နီယယ်ကို စစ်မှုမထမ်းမနေရ ခိုင်းစေခြင်းဟာ ဥပဒေနဲ့မညီကြောင်း စီရင်ချက်ချတယ်။ တရားရုံးစီရင်ချက်မှာ ဒီလို ဖော်ပြထားတယ်– “[ဒန်နီယယ်] ရဲ့ ဘာသာရေးယုံကြည်ချက်နဲ့ ဆန့်ကျင်ပြီး သူ့ကို အတင်းအကျပ် စစ်မှုထမ်းစေခြင်းဟာ သူ့ရဲ့ ယုံကြည်ချက်နဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်ရာရောက်တယ်။” ဒန်နီယယ် ခြောက်လကြာ နေခဲ့ရတဲ့ တပ်စိတ်ကနေ လွှတ်လိုက်ဖို့လည်း တရားရုံးက အမိန့်ချတယ်။

တရားရုံး စီရင်ချက်ချပြီးနောက် မကြာခင်မှာပဲ စစ်ဘက်အရာရှိတွေက အယူခံဝင်တယ်။ ဒါပေမဲ့၊ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၆ ရက်မှာ ကာဇက်စတန် သမ္မတနိုင်ငံရဲ့ အမြင့်ဆုံး စစ်ဘက်တရားရုံးက အောက်တရားရုံး စီရင်ချက်ကို အတည်ပြုခဲ့တယ်။ ၂၀၂၄ ခုနှစ်၊ မေ ၂၃ ရက်မှာ စတင်အကျိုးသက်ရောက်တဲ့ ဒီသမိုင်းဝင် စီရင်ချက်က ပြည်သူတွေရဲ့ ယုံကြည်ချက် လွတ်လပ်ခွင့်ကို အာမခံပေးတဲ့ ကာဇက်စတန် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံတကာဥပဒေကို ကိုးကားခဲ့တယ်။ တရားရုံးက ဒီလိုအခိုင်အမာ ဆိုခဲ့တယ်– “ဘယ်လိုအခြေအနေမျိုးမှာမဆို အစိုးရဟာ လူတစ်ဦးရဲ့ ယုံကြည်ချက်နဲ့ ဆန့်ကျင်တဲ့အရာကို လုပ်ဆောင်ဖို့ အတင်းအကျပ် တောင်းဆိုပိုင်ခွင့် မရှိပါ။”

လူတစ်ဦးဟာ မိမိရဲ့ ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုပိုင်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကို ကာဇက်စတန် တရားရုံးတစ်ခုက ပထမဆုံးအကြိမ် အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။ ကာဇက်စတန်မှာရှိတဲ့ ယေဟောဝါသက်သေတွေအတွက် ပြောရေးဆိုခွင့်ရှိသူ ညီအစ်ကို လဗ် ဂလာဒီရှက်ဗ် ဒီလိုပြောတယ်– “ဒန်နီယယ်ရဲ့ စစ်မှုထမ်းဖို့ ငြင်းဆန်ပိုင်ခွင့်ကို တရားရုံးတွေက ရှင်းလင်းပြတ်သားစွာ အသိအမှတ်ပြုပေးတဲ့အတွက် ကျွန်တော်တို့ ကျေးဇူးတင်တယ်။ ဒီစီရင်ချက်က ကာဇက်စတန်နဲ့ အာရှအလယ်ပိုင်းမှာ အခြေခံလူ့အခွင့်အရေးကို ကာကွယ်၊ ထောက်မပေးတဲ့ အရေးပါတဲ့ စီရင်ချက်တစ်ခုပါ။”—၁ တိမောသေ ၂:၁၊ ၂