ဇန်နဝါရီ ၁၇၊ ၂၀၁၈
ကာဇက်စတန်
တေမူ အခါမေဒေါ့ဗ်အတွက် စီစဉ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက ကာဇက်စတန်အစိုးရကို တိုက်တွန်း
၂၀၁၈၊ ဇန်နဝါရီ ၃ ရက်စွဲနဲ့ တေမူ အခါမေဒေါ့ဗ်ရဲ့ တိုင်ကြားချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက ချက်ချင်း အရေးယူဆောင်ရွက်ခဲ့ပါတယ်။ အသက် ၆၁ နှစ်အရွယ် မစ္စတာ အခါမေဒေါ့ဗ်ဟာ မတရား ဖမ်းဆီးထိန်းသိမ်းခံရတာ တစ်နှစ်နီးပါး ရှိနေပြီ။ ကျန်းမာရေးလည်း မကောင်းဘူး။ တရားမဝင် ဘာသာရေး လုပ်ဆောင်တယ်ဆိုတဲ့ မတရား စွပ်စွဲချက်အတွက် အယူခံဝင်မှုကို ကာဇက်စတန် တရားရုံးချုပ်က ပယ်ချခဲ့လို့ မစ္စတာ အခါမေဒေါ့ဗ်ဟာ လူ့အခွင့်အရေး ကော်မတီဆီ အသနားခံစာ တင်ထားပါတယ်။
၂၀၁၈၊ ဇန်နဝါရီ ၉ ရက်စွဲနဲ့ အကြောင်းကြားစာအရ ကာဇက်စတန်အစိုးရအနေနဲ့ မစ္စတာ အခါမေဒေါ့ဗ်အတွက် ကြားဖြတ်ကာလ စီစဉ်ပေးဖို့ ကော်မတီက တိုက်တွန်းထားတယ်။ သူ့ရဲ့ အသနားခံစာ မရခင်ကတည်းက တိုက်တွန်းခဲ့တာပါ။ အာဏာပိုင်တွေအနေနဲ့ “မစ္စတာ အခါမေဒေါ့ဗ် လိုအပ်တဲ့ ဆေးကုသမှုကို အမြန်ဆုံးပေးဖို့၊ ချုပ်နှောင်ထားချိန်မှာ (နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်) အပြင် နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့အခြေအနေမျိုး ရှိစေဖို့” ဖော်ပြထားတယ်။ ဒါ့အပြင် “ကျန်းမာရေးအခြေအနေကြောင့် သူ့ကို လွှတ်ပေးဖို့၊ ဒါမှမဟုတ် ကော်မတီဆီ စာတင်ထားချိန်အတောအတွင်း အိမ်မှာ အကျယ်ချုပ်နဲ့ ထားဖို့” လည်း တောင်းဆိုထားတယ်။
မစ္စတာ အခါမေဒေါ့ဗ်အတွက် ကြားဖြတ်ကာလ စီစဉ်ပေးဖို့ ကော်မတီရဲ့ တောင်းဆိုချက်က မတရား ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်လိုပဲ မစ္စတာ အခါမေဒေါ့ဗ်ရဲ့ အခြေအနေကို စိုးရိမ်ကြောင်း သိသာတယ်။ ၂၀၁၇၊ အောက်တိုဘာလမှာ ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့က မစ္စတာ အခါမေဒေါ့ဗ်ရဲ့ စာကို သုံးသပ်ပြီးနောက် သူ့ကို ချုပ်နှောင်ထားခြင်းဟာ မတရား ဖမ်းဆီးထိန်းသိမ်းတဲ့ပြစ်မှု မြောက်ကြောင်း၊ အာဏာပိုင်တွေအနေနဲ့ သူ့ကို လွှတ်ပေးပြီး ဆုံးရှုံးနစ်နာမှုတွေအတွက် လျော်ကြေးပေးသင့်ကြောင်း ဆုံးဖြတ်ခဲ့တယ်။ ကာဇက်စတန်အစိုးရကတော့ ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ခုချိန်ထိ လျစ်လျူရှုဆဲပါပဲ။ မစ္စတာ အခါမေဒေါ့ဗ်ကို ထောင်ဒဏ် ငါးနှစ် ချရာမှာ အခု တစ်နှစ် ပြည့်ခါနီးနေပြီ။