မာတိကာဆီ ကျော်သွား

တေ​မူ အခါ​မေ​ဒေါ့ဗ် ထောင်​မကျ​မီ

အောက်တိုဘာ ၁၃၊ ၂၀၁၇
ကာဇက်စတန်

တေ​မူ အခါ​မေ​ဒေါ့ဗ်​ရဲ့ အမှုမှာ ကာဇက်​စ​တန် အစိုးရဟာ မတရား ဖမ်းဆီး​ထိန်းသိမ်း​တဲ့​ပြစ်မှု မြောက်​ကြောင်း တွေ့ရှိ

တေ​မူ အခါ​မေ​ဒေါ့ဗ်​ရဲ့ အမှုမှာ ကာဇက်​စ​တန် အစိုးရဟာ မတရား ဖမ်းဆီး​ထိန်းသိမ်း​တဲ့​ပြစ်မှု မြောက်​ကြောင်း တွေ့ရှိ

တေ​မူ အခါ​မေ​ဒေါ့ဗ်​ကို ထောင်ချ​ထားတဲ့​အတွက် ကာဇက်​စ​တန်​အစိုး​ကို အပြစ်တင်​ထားပြီး ချက်ချင်း လွှတ်​ပေး​သင့်​ကြောင်း မတရား​ဖမ်းဆီး​ထိန်းသိမ်း​ခြင်း​ဆိုင်ရာ ယူအဲန်​လုပ်ငန်း​အဖွဲ့ (WGAD) က ထုတ်ပြန်​လိုက်ပါ​တယ်။ a အဲဒီ​ဆုံးဖြတ်ချက်ကို ၂၀၁၇၊ အောက်တိုဘာ ၂ ရက်​နေ့မှာ ကြေညာခဲ့တယ်။ တခြား​သူတွေကို ဘာသာရေး​ယုံကြည်ချက်​အကြောင်း ငြိမ်သက်​အေးချမ်း​စွာ ပြောပြလို့ မစ္စတာ အခါ​မေ​ဒေါ့ဗ်​ကို ၂၀၁၇၊ ဇန်နဝါရီ ၁၈ က​စပြီး ကာဇက်​စ​တန်​အစိုးရက ထောင်ဒဏ် ချမှတ်​ထားတဲ့​အတွက် မတရား​ဖမ်းဆီး​ထိန်းသိမ်း​ခြင်း​ပြစ်မှု မြောက်​ကြောင်း WGAD က ဆုံးဖြတ်ခဲ့တယ်။

WGAD ရဲ့ ဆုံးဖြတ်ချက်​များ

အဲဒီ​ဆုံးဖြတ်ချက်​ထဲမှာ မစ္စတာ အခါ​မေ​ဒေါ့ဗ်​ကို ထောင်ချ​ထားတာဟာ မတရား​ဖမ်းဆီး​ထိန်းသိမ်း​ခြင်း ဖြစ်တယ်လို့ ဆို​ထားပါ​တယ်။ ကာဇက်​စ​တန်​အစိုးရဟာ ဘာသာရေး လွတ်လပ်ခွင့်၊ လွတ်လပ်​စွာ ပြောဆိုခွင့် မပေး​ကြောင်း၊ မျှတ​စွာ ကြားနာစစ်ဆေး​မှု ခံစား​ပိုင်ခွင့် မပေး​ကြောင်း၊ ယေဟောဝါ​သက်သေ​တစ်ဦး​အနေနဲ့ ဘာသာရေး လုပ်ဆောင်မှု​ကြောင့် ဖမ်းဆီး​ထိန်းသိမ်း​ကြောင်း WGAD က တွေ့ရှိ​ခဲ့​ပါတယ်။

ကာဇက်​စ​တန်​ဟာ မစ္စတာ အခါ​မေ​ဒေါ့ဗ်​ကို မတရား​ဖမ်းဆီး​တယ်၊ တရားစွဲ​ဆို​ခဲ့တယ်ဆိုပြီး WGAD က ထပ်ဆင့် ပြစ်တင်​ထားပါ​တယ်။ ကာဇက်​စ​တန် “‘အစွန်းရောက်​ဝါဒ’ အယူအဆ​နဲ့​ပတ်သက်​ကြီး ကျယ်ပြန့်​တဲ့ ဥပဒေ​သတ်မှတ်ချက်​တွေ၊ ဘာသာရေး လွတ်လပ်ခွင့်၊ လွတ်လပ်​စွာ ပြောဆိုခွင့်၊ စည်းဝေး​ဖွဲ့စည်းခွင့်​တို့ကို တရားလွန် ကန့်သတ်​ချုပ်ချယ်​ဖို့ အစွန်းရောက်​ဝါဒနဲ့​ပတ်သက်တဲ့ ဥပဒေ​ကို” ပြစ်တင်​ဝေဖန်​ထားတဲ့ ယူအဲန် လူ့​အခွင့်အရေး ကော်မတီရဲ့ ကနဦး ဆုံးဖြတ်ချက်ကို ကိုးကားခဲ့​ပါတယ်။ အဲဒီ​တရား​ဥပဒေ​ဟာ “ကာဇက်​စ​တန်​မှာ ဘာသာရေး လွတ်လပ်ခွင့် အပြည့်အဝ မရရှိ​စေတဲ့ ခြိမ်းခြောက်မှု” ဖြစ်ကြောင်း၊ “လက်ရှိ မစ္စတာ အခါ​မေ​ဒေါ့ဗ်​ရဲ့ အမှု​ဟာ အဲဒီ​ခြိမ်းခြောက်မှု​ရဲ့ ဖြစ်ရပ်မှန် အထောက်အထား” ဖြစ်ကြောင်း WGAD က ဖော်ပြခဲ့တယ်။

မစ္စတာ အခါ​မေ​ဒေါ့ဗ်​ရဲ့ ဘာသာရေး လုပ်ဆောင်မှု​ဟာ “လုံးလုံး အေးချမ်း​ငြိမ်သက်” ကြောင်း၊ တခြား​သူတွေနဲ့ ဘာသာတရား​အကြောင်း ဆွေးနွေးမှု​မှာ အကြမ်းဖက်မှု၊ ဘာသာရေး မုန်းတီးမှု လှုံ့ဆော်ပေး​တာ​တွေ မပါဝင်​ကြောင်း WGAD က အကြိမ်ကြိမ် ဖော်ပြ​ထားတယ်။ ကာဇက်​စ​တန်​အစိုးရက “မစ္စတာ အခါ​မေ​ဒေါ့ဗ်​ဟာ အကြမ်းဖက်မှု လုပ်ဆောင်တဲ့ အထောက်အထား၊ အကြမ်းဖက်မှု​မှာ ပါဝင်လာ​အောင် တခြား​သူတွေကို လှုံ့ဆော်​တဲ့ အထောက်အထား တစ်ခု​မှ မပြ​နိုင်ကြောင်း၊ တခြား​သူတွေနဲ့ အတူ​စုဝေး​ရုံ၊ ငြိမ်သက်​အေးဆေး​စွာ ဘာသာရေး​အကြောင်း ဆွေးနွေး​ရုံ​နဲ့ ရာဇဝတ်မှု မြောက်​တယ်​ဆိုတာကို​လည်း မရှင်းပြ​နိုင်ကြောင်း” WGAD က​အလေးပေး ဖော်ပြခဲ့တယ်။ မစ္စတာ အခါ​မေ​ဒေါ့ဗ်​ဟာ လူ့​အခွင့်အရေး ပဋိညာဉ်​စာတမ်း၊ b အပိုဒ် ၁၈ ပါ ဘာသာရေး လွတ်လပ်ခွင့်ကို ကျင့်သုံး​တာ​က​လွဲလို့ ဘာမှ မလုပ်ဆောင်​ခဲ့​ကြောင်း ထင်ရှားတယ်” လို့​လည်း ထပ်ဆင့် ဖော်ပြ​ထားတယ်။

ဒါ့အပြင် မစ္စတာ အခါ​မေ​ဒေါ့ဗ်​အပေါ် အစိုးရ ဆက်ဆံပုံ​နဲ့ ယေဟောဝါ​သက်သေ​များ​အပေါ် ကာဇက်​စ​တန်​အစိုးရ ချုပ်ချယ်​တဲ့ တခြား​အထောက်အထားကို WGAD က ဆက်စပ်​ဖော်ပြခဲ့တယ်။ အဲဒါကတော့ မစ္စတာ အခါ​မေ​ဒေါ့ဗ် အဖမ်းခံရ​တဲ့​နေ့မှာပဲ အာဏာပိုင်တွေ​က ယေဟောဝါသက်သေတွေ ဝတ်ပြု​စည်းဝေး​တဲ့​နေရာကို ဝင်ရောက်​စီးနင်း​ပြီး ဘာသာရေး​စာပေတွေကို သိမ်းဆည်း​တဲ့​ဖြစ်ရပ် ပါပဲ။

“မစ္စတာ အခါ​မေ​ဒေါ့ဗ်​ဟာ လူ့​အခွင့်အရေး ပဋိညာဉ်​စာတမ်း၊ အပိုဒ် ၁၈ ပါ ဘာသာရေး​လွတ်လပ်ခွင့်ကို ကျင့်သုံး​တာ​က​လွဲလို့ ဘာမှ မလုပ်ဆောင်​ခဲ့​ကြောင်း ထင်ရှားတယ်။”​—သဘောထား ဖော်ပြချက်၊ အပိုဒ် ၃၉။

ကာဇက်​စ​တန် အာဏာပိုင်တွေ အရေးယူ​ဆောင်ရွက်ဖို့ လိုအပ်

ကာဇက်​စ​တန်​အစိုးရ​အနေနဲ့ “မစ္စတာ အခါ​မေ​ဒေါ့ဗ်​ရဲ့ အခြေအနေကို အချိန်​မ​ဆွဲ​ဘဲ ဆောင်ရွက်ပေး​ဖို့” WGAD က တောင်းဆို​ထားပါ​တယ်။ “မစ္စတာ အခါ​မေ​ဒေါ့ဗ်​ကို ချက်ချင်း လွှတ်​ပေးဖို့၊ ဆုံးရှုံး​နစ်နာမှု​တွေ​အတွက် လျော်ကြေး ပေးဖို့” လိုအပ်တယ်လို့ WGAD က ဖော်ပြပါ​တယ်။ မစ္စတာ အခါ​မေ​ဒေါ့ဗ်​ကို မတရား​ဆက်ဆံ​သလို​မျိုး ထပ်​မဆက်ဆံ​အောင် အစိုးရရဲ့ အပြည်ပြည်ဆိုင်ရာ ကတိကဝတ်​နဲ့​ညီ​တဲ့ ဥပဒေ၊ လုပ်ထုံး​လုပ်​နည်း​တွေ ပြောင်းလဲဖို့​လည်း WGAD က ကာဇက်​စ​တန်​ကို တောင်းဆို​လိုက်ပါ​တယ်။

၂၀၁၇၊ အောက်တိုဘာ ၁၃ ရက်​နေ့မှာ မစ္စတာ အခါ​မေ​ဒေါ့ဗ်​ရဲ့ ရှေ့နေ​တွေ​က WGAD ရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်​ဖို့၊ စွဲ​ဆို​မှု​တွေကို တရားသေ လွှတ်​ပေးဖို့၊ ချက်ချင်း လွှတ်​ပေးဖို့ ကာဇက်​စ​တန် တရားရုံးချုပ်​ကို အယူခံဝင်​ကြတယ်။

တေ​မူ အခါ​မေ​ဒေါ့ဗ်​ရဲ့ အမှု​ဟာ တရား​မျှတမှု မရှိကြောင်း နိုင်ငံတကာ​က အသိအမှတ်ပြု​ကြ​တဲ့​အတွက်၊ ကာဇက်​စ​တန်​မှာ ဘာသာရေး လွတ်လပ်ခွင့်ကို ပို​လေးစားဖို့ လို​ကြောင်း ထင်ရှားစေတဲ့​အတွက် ကမ္ဘာ​တစ်ဝန်း​က ယေဟောဝါသက်သေတွေ ကျေးဇူးတင်​ကြတယ်။ ကာဇက်​စ​တန်​အစိုးရဟာ WGAD ရဲ့​ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်​မယ်၊ မစ္စတာ အခါ​မေ​ဒေါ့ဗ်​ကို ထောင်​ကနေ ချက်ချင်း လွတ်​ပေးမယ်လို့ သက်သေခံတွေ မျှော်လင့်​နေကြပါတယ်။