မာတိကာဆီ ကျော်သွား

ဇွန် ၆, ၂၀၁၈
ကာဇက်စတန်

ထောင်ဒဏ် ၄၄၁ ရက်—တေမူ အခါမေဒေါ့ဗ်နဲ့ မာဖီဇာ အခါမေဒေါ့ဗ်ကို လူတွေ့မေးမြန်းခြင်း

ထောင်ဒဏ် ၄၄၁ ရက်—တေမူ အခါမေဒေါ့ဗ်နဲ့ မာဖီဇာ အခါမေဒေါ့ဗ်ကို လူတွေ့မေးမြန်းခြင်း

ကာဇက်စတန် သမ္မတ နာဆူလ်တန် နာဇာဘယာ့ဗ်က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အတွက် ၂၀၁၈၊ ဧပြီ ၄ ရက်နေ့မှာ ညီအစ်ကို တေမူ အခါမေဒေါ့ဗ် လွတ်မြောက်လာပါပြီ။ ထောင်ဒဏ် ၄၄၁ ရက် ကျခံခဲ့ရပြီ။ ကိုယ့်ယုံကြည်ချက်အကြောင်း တခြားသူတွေကို ပြောပြရုံသက်သက်နဲ့ အဖမ်းခံခဲ့ရတာပါ။

ထောင်က လွတ်လာပြီး မကြာခင် ကာဇက်စတန်မြို့တော် အက်စတာနာရှိ အိမ်ဆီ ပြန်ရောက်နေတဲ့ ညီအစ်ကို တေမူနဲ့ ဇနီး မာဖီဇာတို့ကို နယူးယောက်၊ ဝေါဝစ်၊ ယေဟောဝါသက်သေများရဲ့ ကမ္ဘာ့ဌာနချုပ်၊ လူထုသတင်းအချက်အလက်ဌာန (OPI) က တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းခန်းကို အကျဉ်းချုပ် ဖော်ပြလိုက်ပါတယ်။

OPI- ညီအစ်ကို အခါမေဒေါ့ဗ်အကြောင်း သိပါရစေ။ ဘယ်တုန်းက ယေဟောဝါသက်သေ ဖြစ်လာသလဲ။

တေမူ အခါမေဒေါ့ဗ်- ၂၀၀၅ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှာ နှစ်ခြင်းခံပါတယ်။ အမှန်တရား မသိခင်ကတော့ ဘုရားမဲ့ဝါဒီတစ်ယောက်ပါ။ ဘုရားမဲ့တရားမဲ့ နေလာတဲ့နှစ်တွေ မနည်းဘူး။ နောက်တော့ ကျွန်တော့်ဇနီးက သက်သေခံတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ ဘာတွေ ဆွေးနွေးကြလဲဆိုတာ သိချင်လို့ ကျွန်တော် ခိုးနားထောင်လေ့ရှိတယ်။

ကောင်းတဲ့အကြောင်းအရာတွေပဲ ဆွေးနွေးနေကြမှန်း သိရတော့ စိတ်ဝင်စားသွားတယ်။ ဒီလိုနဲ့ ကာဇက်စတန်နိုင်ငံမှာ အမှုဆောင်နေတဲ့ ပိုလန်နိုင်ငံသား ညီအစ်ကို ဗက်စလာ့ဗ်နဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးကြတယ်။ ပထမအကြိမ်မှာ ကျွန်တော်က ‘တစ်ခုလောက် မေးပါရစေ။ ကျေနပ်လောက်တဲ့ အဖြေ ရရင် မိတ်ဖြစ်ဆွေဖြစ် ဆက်ဆွေးနွေးကြတာပေါ့။ ကျေနပ်တဲ့အဖြေ မရရင်တော့ စိတ်မရှိပါနဲ့။ ဆက်မဆွေးနွေးတော့ဘူး’ လို့ ပြောပြီး လူသေရင် ဘာဖြစ်သွားသလဲလို့ ညီအစ်ကို ဗက်စလာ့ဗ်ကို မေးတယ်။ သူက ဒေသနာ ၉:၅ ကိုဖွင့်ပြီး ‘ဒီကျမ်းချက်ကို ဖတ်ကြည့်ပါ၊ သိလာမယ်’ လို့ဖြေတယ်။ ဖတ်ကြည့်တဲ့အခါ အမှန်တရားမှန်း သိသွားတယ်။ ဒါနဲ့ ကျမ်းစာလေ့လာဖို့ သဘောတူလိုက်တယ်။

ဒီလိုနဲ့ ကျမ်းစာ လေ့လာပြီး ၂၀၀၅ ခုနှစ်မှာ ညီအစ်ကို နှစ်ခြင်းခံလိုက်တယ် ဆိုပါတော့။

အခု ညီအစ်ကို ဘယ်လို အဖမ်းခံရတဲ့အကြောင်း ပြောရအောင်။ ၂၀၁၆၊ မေလမှာ ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်ကို စိတ်ဝင်စားတယ်ဆိုတဲ့ အမျိုးသားတစ်စုနဲ့ ညီအစ်ကို တွေ့တယ်။ လအနည်းငယ်ကြာ သူတို့နဲ့ ကျမ်းစာ ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါ သူတို့ရဲ့ အပြော ဒါမှမဟုတ် လုပ်ရပ်မှာ သံသယဖြစ်စရာများ တွေ့မိသလား။

TA- အုပ်စုလိုက် ဆွေးနွေးတာထက် တစ်ဦးချင်းပဲ ကျမ်းစာ ဆွေးနွေးလေ့ရှိတယ်။ တစ်ဦးချင်းစီ ကျမ်းစာလေ့လာတာ ပိုကောင်းတဲ့အကြောင်း ပြောပြပေမဲ့ ပြောလိုက်တိုင်း လက်မခံကြဘူး၊ အုပ်စုလိုက်ပဲ ဆွေးနွေးချင်တယ်တဲ့။ မကြာခဏဆိုသလို ဆွေးနွေးပွဲကို လူသစ်တွေ ဖိတ်ခေါ်တတ်ကြတယ်။ အရင်အပတ်က ဆွေးနွေးပြီးသား အကြောင်းကိုပဲ ပြန်ပြောပြခိုင်းတယ်။

မာဖီဇာ အခါမေဒေါ့ဗ်- ကျမ်းစာဆွေးနွေးတဲ့နေရာကို ကျွန်မ လိုက်သွားဖူးတယ်။ ဒီလောက်ကြာကြာ လေ့လာပြီးတာတောင် ဘာသာတရားတွေအကြောင်း ဆွေးနွေးနေတုန်းပဲဆိုတာ သတိထားမိတယ်။ နေတဲ့နေရာကလည်း သာမန်ကျောင်းသားအများစု မနေနိုင်တဲ့ တန်ဖိုးကြီး တိုက်ခန်းမျိုး။ ဒါကြောင့် တော်တော် ခမ်းနားထည်ဝါတဲ့ ဘဝနဲ့ နေရတာပဲလို့ ပြောလိုက်တယ်။ ဒါနဲ့ စိတ်ကသိကအောက် ဖြစ်သွားကြတယ်။ ပြန်အထွက်မှာ တေမူကို ခဏဆွဲထားလို့ ကျွန်မ အပြင်မှာ ရပ်စောင့်နေရတယ်။ နောက်တစ်ခါ ကျွန်မကို ခေါ်မလာပါနဲ့တဲ့။

အဲဒီအမျိုးသားတွေဟာ ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်ကို စိတ်ဝင်စားသူတွေ မဟုတ်မှန်း၊ ကာဇက်စတန် လျှို့ဝှက်ရဲ၊ အမျိုးသားလုံခြုံရေး ကော်မတီ (KNB) နဲ့ ပူးပေါင်းသူတွေမှန်း ဘယ်အချိန်မှ သိရသလဲ။

TA- တရားရုံးရောက်မှ KNB နဲ့ ပူးပေါင်းသူတွေမှန်း သိရတယ်။

ဖမ်းဆီးခံရချိန်၊ အဲဒီနောက် “ဘာသာရေး အမုန်းပွားအောင် လှုံ့ဆော်မှု” “[ဘာသာရေးအရ] သာလွန်မှု” ကို အားပေးထောက်ခံတယ်လို့ စွပ်စွဲခံရတဲ့အခါ ညီအစ်ကို ဘယ်လိုနေသလဲ။

TA- အဖမ်းခံရချိန်မှာ သူတို့ပြောသလို ရဲစခန်းကို ခဏလိုက်သွား၊ မေးတာကို ဖြေပြီးရင် ပြန်လာရမယ်လို့ပဲ ထင်ထားတာ။ သူတို့နဲ့ ဘာအကြောင်း ဆွေးနွေးခဲ့တာကို ရှင်းပြလိုက်မယ်ဆိုပြီး ပြင်ဆင်ထားတာပေါ့။

ဟိုရောက်တော့ နည်းနည်း အံ့ဩသွားပေမဲ့ မကြောက်ပါဘူး။ ဘာသာရေး အမုန်းပွားအောင် လှုံ့ဆော်မှု၊ အစွန်းရောက်မှု စွဲချက်တွေကိုတော့ တော်တော်လေး အံ့ဩသွားတယ်။ ယေဟောဝါသက်သေတွေက ယေဟောဝါအကြောင်း ဟောပြောကြတာ။ အမုန်းပွားအောင်၊ သွေးကွဲအောင် မဟောဖူးပါဘူး။ ကျွန်တော့်မှာ အပြစ်မရှိဘူး၊ ယေဟောဝါ ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချတယ်။ စိတ်ပူနေပေမဲ့ “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ” ဆိုတဲ့ ကျမ်းစကားကို သတိရလိုက်တယ်။—၁ ပေတရု ၅:၇

ညီအစ်ကို့ကို စုံစမ်းစစ်ဆေးခြင်း မရှိဘဲ သုံးလကျော် ချုပ်နှောင်ထားပြီးနောက် ၂၀၁၇၊ မေ ၂ ရက်မှာ အက်စတာနာ တရားရုံးက ထောင်ဒဏ်ငါးနှစ် ချမှတ်တဲ့အပြင် ကျမ်းစာပညာပေးလုပ်ငန်းမှာ မပါဝင်ဖို့လည်း သုံးနှစ် ပိတ်ပင်လိုက်ကြတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ညီအစ်ကို ဘယ်လို ခံစားရသလဲ။

TA- တရားစီရင်ချက် ဖတ်ကြားတဲ့အခါ ထောင်ထဲမှာ ငါးနှစ်နေရမယ်ဆိုတာ သိလိုက်တယ်။ စိတ်ထဲမှာတော့ ‘ယေဟောဝါက အချိန်သတ်မှတ်ပေးရှင်ပဲ။ ဒါစမ်းသပ်မှုဆိုရင် ဘယ်အချိန် ပြီးဆုံးမလဲ ဘုရားအသိဆုံးပါ’ လို့တွေးမိတယ်။ ဘုရား ခွင့်ပြုထားသရွေ့ စောင့်ဆိုင်းဖို့ ဆုံးဖြတ်ထားတယ်။

ညီအစ်ကို အခါမေဒေါ့ဗ် နေခဲ့ရတဲ့ ကာဇက်စတန်နိုင်ငံ၊ ပါလိုဒါမြို့က ပြုပြင်ထိန်းသိမ်းရေး အကျဉ်းထောင်။

ကျွန်တော်တို့ သိရသလောက် ညီအစ်ကို ထောင်ကျနေချိန်မှာ ကျန်းမာရေးပြဿနာ ဆိုးဆိုးရွားရွား ခံစားနေရတယ်ဆို။

TA- ဟုတ်တယ်။ ကျန်းမာရေးပြဿနာ ရှိလို့ ထောင်မကျခင်ကတည်းက ဆေးကုသမှု ခံယူနေတာပါ။ အဖမ်းခံရတော့ ဆေးကုသမှု မရတဲ့အတွက် ရောဂါ ပိုဆိုးလာတယ်။

ညီအစ်မ မာဖီဇာကော ဒီအတောအတွင်း ဘယ်လို ခံစားခဲ့ရသလဲ။

MA- ရင်တမမနဲ့ စိတ်ပျက်အားငယ်နေတာပေါ့ရှင်။ အိမ်ထောင်သက် ၃၈ နှစ်အတွင်း တစ်ခါမှ မခွဲဖူးတော့ တေမူ ထောင်ကျသွားတဲ့အခါ ဆုံးဖြတ်ချက်တွေ ချရတာ တော်တော်လေး အခက်တွေ့ခဲ့တယ်။ ဒါပေမဲ့ တေမူက ‘စိတ်မပူနဲ့။ ငါတို့ ခွဲနေရတဲ့ ဒီငါးနှစ်အတွက် ယေဟောဝါဘုရားက ဒီစနစ်မှာပဲ ၂၅ နှစ် အစားပြန်ပေးမှာပါ’ ဆိုပြီး နှစ်သိမ့်ပေးတယ်။

တေမူ ထောင်ကျနေတုန်း တခြားအကူအညီတွေ ရသေးသလား။

MA- ညီအစ်ကို/မတွေ တကယ်ကူညီပေးကြတယ်။ တေမူ ထောင်ကျသွားတော့ တေမူ အဖမ်းခံရချိန်အတောအတွင်း ဖြစ်ရပ်တွေကြောင့် ကျွန်မဆီ လာလည်ရဲကြမှာ မဟုတ်ဘူးလို့ ထင်ထားတာ။ KNB တွေကလည်း ကျွန်မတို့ ဘာလုပ်နေသလဲဆိုပြီး အိမ်ကို စောင့်ကြည့်နေတယ်လေ။

တစ်နေ့၊ အကြီးအကဲမောင်နှံစုံ အိမ်ကို ရောက်လာတော့ တော်တော် အားရှိသွားတယ်။ ‘ဒီကို လာတာ မကြောက်ဘူးလား’ လို့မေးကြည့်တယ်။ သူတို့က ‘ဘာလို့ ကြောက်ရမလဲ။ ခုချိန်မှာ အာဏာပိုင်တွေက ဖုန်း တည်နေရာကိုကြည့်ပြီး ကျွန်တော်တို့ကို ခြေရာခံနိုင်တာပဲ။ သူတို့ ဖမ်းချင်ရင် အလွယ်လေးပါ’ လို့ပြောတယ်။

သိုးထိန်း လာလည်ပတ်တဲ့ အကြီးအကဲတွေကလည်း ဒီစမ်းသပ်မှုကြောင့် စိတ်ဓာတ် မကျဖို့၊ ယုံကြည်ခြင်း ခိုင်မာနေဖို့ အားပေးကြတယ်။

ညီအစ်ကို တေမူ၊ ဒီစမ်းသပ်မှုကို ခံရပ်နိုင်ဖို့၊ အပြုသဘော ဆက်ရှိနေဖို့ ဘာက ကူညီပေးခဲ့သလဲ။

မလွတ်မြောက်ခင် အယ်လ်မတီမြို့၊ ဆေးရုံကုတင်မှာ ညီအစ်ကို အခါမေဒေါ့ဗ်ကို သံကြိုးနဲ့ ချုပ်နှောင်ထားစဉ်။ အစပိုင်းမှာ ဆေးကုသခွင့် မပေးဘူး၊ စိုးရိမ်ရတဲ့ အခြေအနေရောက်မှ ထောင်အာဏာပိုင်တွေက ဆေးကုသခွင့် ပေးကြတယ်။

TA- ယေဟောဝါဆီ ဆုတောင်းခြင်းပဲ။ လမ်းညွှန်မှု ရဖို့ နေ့တိုင်း ဆုတောင်းတယ်။ အခက်အခဲ ကြုံရချိန်မှာ ပျော်ရွှင်နိုင်အောင်၊ သစ္စာရှိနိုင်အောင် လိုအပ်တဲ့ ဉာဏ်ပညာနဲ့ ခွန်အား ပေးဖို့လည်း ဆုတောင်းတယ်။ ဘုရား နားညောင်းပေးတာ သိသာတယ်။ ဘုရားရဲ့ ထောက်မမှုကြောင့် ထောင်ထဲမှာ အထီးကျန်တယ်လို့ မခံစားရဘူး။

ကျမ်းစာဖတ်ခြင်းကလည်း အကူအညီပေးတယ်။ ထောင်တစ်ခုမှာ ကိုယ်ပိုင် ကျမ်းစာ တစ်အုပ် ရတယ်။ ထောင် နောက်တစ်ခု ရောက်တော့ ထောင်စာကြည့်တိုက်မှာ ကျမ်းစာ ရှိလို့ တစ်ပတ်တစ်ခါ သွားဖတ်တယ်။

ကျွန်တော့်ကို ကျမ်းစာသင်ပေးခဲ့တဲ့ ညီအစ်ကို ပြောဖူးတဲ့စကားကို ပြန်သတိရမိတယ်။ အခက်အခဲတွေ ကြုံလာရင် ကြောက်စရာ မလိုဘူးလို့ ပြောလေ့ရှိတယ်။ ကျွန်တော်က ‘ဘာဖြစ်လို့ ကြောက်စရာ မလိုသလဲ။ ထိတ်လန့်စရာကောင်းတဲ့ အဖြစ်တွေ ကြုံလာရရင်ကော’ လို့ မေးတာ မှတ်မိသေးတယ်။ ယေဟောဝါက ကျွန်တော်တို့ မခံနိုင်လောက်တဲ့ စမ်းသပ်မှုတွေကို ခွင့်ပြုမှာ မဟုတ်ဘူး။ ဘယ်စမ်းသပ်မှုကိုမဆို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ခွန်အားပေးလိမ့်မယ်လို့ ပြန်ဖြေတယ်။ (၁ ကောရိန္သု ၁၀:၁၃) ဒါကြောင့် ထောင်ထဲရှိနေစဉ်မှာ အဲဒီကျမ်းချက်ကို အမြဲသတိရတယ်။

ညီအစ်ကိုရဲ့ အခြေအနေကို ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေ သိနေမှန်း၊ ဆုတောင်းပေးနေကြမှန်း သိရတော့ ဘယ်လို ခံစားရသလဲ။

TA- အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါဘုရား ကူညီပေးနေတယ်လို့ ခံစားရတယ်။ ယေဟောဝါ ကျွန်တော့်ကို ပစ်မထားဘူး၊ တစ်နေ့ ကယ်မယ်ဆိုတာ စိတ်ချနေတယ်။

တကယ်တမ်း ပြောရရင် ထောင်ကျမှာကို ကျွန်တော် အကြောက်ဆုံးပဲ။ ထောင်ဆိုတာ ကြားတာနဲ့ကို လန့်တယ်။ ထောင်ကျနေတဲ့ ညီအစ်ကိုတွေအကြောင်း ဖတ်ရရင် ‘ယေဟောဝါဘုရား၊ ကျွန်တော် ဘာပဲကြုံရကြုံရ ထောင်တော့ မကျပါရစေနဲ့’ လို့ ဆုတောင်းလေ့ရှိတယ်။ တစ်ချိန်တည်းမှာ ထောင်ကျနေသူတွေဆီ သွားပြီး အမှန်တရား ပြောပြချင်စိတ်လည်း ပြင်းပြနေတယ်။ ထောင်သားတွေကို သက်သေခံချင်တဲ့အကြောင်း ပြောတဲ့အခါ ညီအစ်ကိုတွေက ခုချိန်မှာ ကာဇက်စတန် အကျဉ်းထောင်တွေဆီ ဝင်ခွင့် မရှိဘူးလို့ ရှင်းပြကြတယ်။ ဒါကြောင့် တရားရုံးမှာ အမှုရင်ဆိုင်နေချိန်မှာ စိတ်နှစ်ခွ ဖြစ်နေတယ်။ ကြောက်လည်း ကြောက်တယ်။ ထောင်သားတွေကို ဟောပြောချင်တဲ့ အိပ်မက် အကောင်အထည် ပေါ်လာပြီလို့လည်း ခံစားရတယ်။

ဒါဆိုရင် ညီအစ်ကို ထောင်ကျနေတုန်း သက်သေခံဖို့ အခွင့်အရေး ရခဲ့သေးသလား။

TA- ရခဲ့ပါတယ်။ တစ်ခေါက်ကျတော့ ဥပဒေအရာရှိတစ်ယောက်က ကျွန်တော့်ကို တွေ့ချင်တယ်တဲ့။ သူ့ရုံးခန်းကို ရောက်သွားတဲ့အခါ ‘ခင်ဗျား ယေဟောဝါသက်သေမှန်း သိတယ်၊ ကျွန်တော့်ကို ဟောဖို့ မစဉ်းစားနဲ့’ တဲ့။ မစဉ်းစားပါဘူးဆိုတော့ သူက ‘ဘုရားရဲ့နာမည် ဘယ်လို ခေါ်သလဲ’ လို့မေးတယ်။ ‘ဘုရားနာမည် ယေဟောဝါ’ လို့ဖြေတဲ့အခါ ‘ဒါဆိုရင် ယေရှုက ဘယ်သူလဲ။ ဘုရား မဟုတ်ဘူးလား’ ဆိုပြီး မေးပြန်ရော။ ‘မဟုတ်ဘူး။ သူက ဘုရားရဲ့သားတော်’ လို့ ပြောတော့ ‘ဒါဆိုရင် အော်သိုဒေါက်ခရစ်ယာန်တွေက ယေရှုကို ဘာကြောင့် ဘုရားလို့ ပြောသလဲ’ တဲ့။ ‘သူတို့ကိုပဲ မေးကြည့်ပါ’ လို့ ပြန်ပြောလိုက်တယ်။

နောက်တစ်ခေါက်ကျတော့ လူ ၄၀ နီးပါးရှေ့မှာ ဟောပြောခွင့် ရခဲ့တယ်။ စိတ်ပညာရှင် အမျိုးသမီးတစ်ယောက် ထောင်သားတွေနဲ့ လာတွေ့တယ်။ အိမ်ထောင်ရေးအကြောင်း ဆွေးနွေးနေကြတုန်း မယားပြိုင်ထားတဲ့ စနစ်ကို ဘယ်လို မြင်သလဲလို့ မေးတယ်။ ဘယ်သူမဆို ကိုယ့်သဘောထားကို ပြောပြခွင့် ရှိတယ်။

ကျွန်တော့်အလှည့် ရောက်တဲ့အခါ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အမြင် မရှိကြောင်း၊ ပုဂ္ဂိုလ်တစ်ဦးရဲ့ အမြင်ကိုတော့ သိပ်သဘောကျလို့ ဝေမျှချင်တဲ့အကြောင်း ပြောပြတယ်။ ‘ယောက်ျားက မိဘကို ထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်’ ဆိုတာပါ။ (ကမ္ဘာဦး ၂:၂၄) စိတ်ပညာရှင်က ‘အဲဒါ ဘယ်သူ့အမြင်လဲလို့ မေးတော့ ‘လူသားမျိုးနွယ်ကို ဖန်ဆင်းတဲ့ဘုရား ယေဟောဝါရဲ့ အမြင်ပါ။ ဒီမှာ လူနှစ်ယောက်တည်း ပါတယ်။ ဒီထက် မပိုဘူး’ လို့ဖြေလိုက်တယ်။

ဒါနဲ့ သူက ‘တစ်လင် တစ်မယား ဖြစ်သင့်တယ်လို့ ရှင် ယူဆရတဲ့ တခြား အကြောင်းရင်းတွေများ ရှိသေးလား’ မေးတယ်။ ဒါနဲ့ “ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ” ဆိုတဲ့ မဿဲ ၇:၁၂ ကို ကိုးကားပြီး အဲဒါ ‘ယေရှုရဲ့ စကားတွေပါ။ ဒီမှာထိုင်နေတဲ့ အမျိုးသားတွေကို မေးကြည့်ပါ။ ကိုယ့်ဇနီးကို တခြားသူတွေနဲ့အတူ ဝေမျှချင်သလားလို့။ အမျိုးသားတွေအနေနဲ့ ကိုယ့်ဇနီး လင်ပြိုင်ထားတာ မကြိုက်ဘူးဆိုရင် ဇနီးသည်တွေကလည်း ခင်ပွန်း မယားပြိုင်ထားတာ ဘယ်ကြိုက်ပါ့မလဲ’ လို့ဖြေလိုက်တယ်။ စိတ်ပညာရှင်က ကျွန်တော့်အဖြေကို အကြိုက်ဆုံးပဲတဲ့။

အခက်အခဲတွေ ရှိပေမဲ့ ညီအစ်ကို အခုလို ဟောပြောခွင့်ရခဲ့မှန်း သိရတာ သိပ်အားရှိစရာကောင်းတယ်။

ကာဇက်စတန် တရားရုံးချုပ်ဆီ အယူခံဝင်မှု အပါအဝင် ညီအစ်ကိုရဲ့ အယူခံဝင်မှုတွေကို တရားရုံးတွေက အကြိမ်ကြိမ် ပယ်ချခဲ့တာဆိုတော့ ဥပဒေအရ လုပ်ဆောင်နိုင်တဲ့နည်းလမ်း မကျန်တော့သလိုပဲ။

ဒါပေမဲ့ ဝန်ခံချက်မှာ လက်မှတ်ထိုးရင် လွတ်မြောက်ဖို့ အလားအလာရှိတယ်လို့ ကြားတယ်။ အဲဒီဝန်ခံချက်မှာ လက်မှတ် မထိုးတဲ့ အကြောင်းရင်းကို ပြောပြပါဦး။

TA- အဲဒီဝန်ခံချက်မှာ လက်မှတ်ထိုးဖို့ အကြိမ်ကြိမ် ကမ်းလှမ်းကြတယ်။ သနားစာနာတဲ့လုပ်ရပ်လို့ ထင်စရာပဲ။ တကယ်တော့ အဲဒီဝန်ခံချက်မှာ စွဲဆိုချက်တွေအတိုင်း ကျွန်တော့်မှာ အပြစ်ရှိကြောင်း၊ ကျွန်တော့်လုပ်ရပ်တွေအတွက် ဝန်ချတောင်းပန်ကြောင်း ဖော်ပြထားတယ်။ နောက်ပိုင်းကျတော့ ဝန်ခံချက်တစ်စောင် ကိုယ်တိုင် ရေးပြီး အသနားခံကြည့်ပါတဲ့။ သူတစ်ပါးကို ကိုယ့်ယုံကြည်ချက် ပြောပြမိတဲ့အပြစ် ကျူးလွန်ခဲ့ကြောင်း၊ အခု နောင်တရပြီ ဖြစ်ကြောင်း၊ ကျန်းမာရေး မကောင်းလို့ လွတ်မြောက်ခွင့် ပေးပါဆိုပြီး ရေးခိုင်းတယ်။

အဲဒီလိုမျိုး ဝန်ခံချက်တွေ ကျွန်တော် မရေးနိုင်ဘူး။ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်နဲ့ လွတ်မြောက်သွားမယ့်အစား စိတ်သန့်သန့်နဲ့ ထောင်ထဲမှာ ဆက်နေမယ်လို့ အာဏာပိုင်တွေကို ပြောပြတယ်။

ညီအစ်ကိုရဲ့ ယုံကြည်ခြင်းစံနမူနာနဲ့ ကြည်လင်တဲ့ အမှားအမှန်သိစိတ် ထိန်းသိမ်းပုံကို တကယ်လေးစားပါတယ်။

ဒါပေမဲ့ မမျှော်လင့်ထားတာတွေ ဖြစ်လာတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ရပြီး ထောင်ကနေ လွတ်မြောက်လာပုံကို ပြောပြပါလား။

TA- တစ်နေ့တော့ ကျွန်တော့်ဖုန်း လာတယ်လို့ ထောင်စောင့် လာပြောတယ်။ ‘ဘယ်သူကများ ဖုန်းခေါ်မှာလဲ’ လို့ တွေးလိုက်သေးတယ်။ ဖုန်းကိုင်လိုက်တော့ အမျိုးသမီးတစ်ယောက် သူ့ကိုယ်သူ မိတ်ဆက်ပြီး ကျွန်တော့်ကို လွှတ်ပေးဖို့ ထောင်ကို လာခဲ့မယ်တဲ့။ ကျွန်တော် ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားတယ်။ ဖုန်းချသွားပြီးနောက် သားကို အဲဒီသတင်း ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်ဇနီး လန့်သွားမှာစိုးလို့၊ တအား မျှော်လင့်နေမှာ စိုးလို့ပါ။

ဖုန်းချပြီးနောက် အစောင့်က ‘ဘာတွေ ပြောသလဲ’ လို့မေးတယ်။ အမျိုးသမီးတစ်ယောက်က ကျွန်တော့်ကို လွှတ်ပေးဖို့ ထောင်ကို လာခဲ့မယ်တဲ့။ တစ်ယောက်ယောက် နောက်လိုက်တာ ဖြစ်မယ်လို့ ဖြေလိုက်တယ်။

ဖမ်းဆီးထိန်းသိမ်းထားရာကနေ ညီအစ်ကို အခါမေဒေါ့ဗ် ပြန်လွတ်လာခါစမှာ အုပ်ချုပ်ရေးအဖွဲ့ဝင် မာ့ခ် ဆန်ဒါစန်နဲ့အတူ တေမူ၊ မာဖီဇာတို့ ဇနီးမောင်နှံ။

ထောင်စောင့်က အဲဒီအမျိုးသမီး နောက်နေတာ မဟုတ်ဘူး။ တကယ် ပြောနေတာ ဖြစ်မယ်တဲ့။

စိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းကို ကြားတော့ ဘယ်လို နေသလဲ၊ ညီအစ်မ မာဖီဇာ။

MA- အဲဒီသတင်းကို သား ပြောပြတော့ ကျွန်မလည်း နောက်နေတယ်လို့ပဲ ထင်တာ။ ဒီလိုသတင်း စောင့်နေတာ ကြာလှပေါ့။

တေမူ ဖမ်းခံရပြီး တစ်နှစ်ကျော်မှာ ပြန်ဆုံစည်းရလို့ ခင်ဗျားတို့ဇနီးမောင်နှံ ဘယ်လို ခံစားရမယ်ဆိုတာ မြင်ယောင်မိပါတယ်ဗျာ။

နောက်ကြောင်း ပြန်ကြည့်ရင် ဒီစမ်းသပ်မှုကနေ ဘာတွေ သင်ယူခဲ့ရသလဲ။

MA- ညီအစ်ကို ဘာရမ်နဲ့ ညီအစ်မ ဂူဇီရာ ဟမ်ဒါမိုတို့အကြောင်း ဖတ်တိုင်း ငိုမိတာကို ကျွန်မ သတိရသေးတယ်။ (တာ့ခ်မင်နစ္စတန် အာဏာပိုင်တွေက ညီအစ်ကို ဟမ်ဒါမိုကို ၂၀၁၅၊ မတ်လမှာ ဖမ်းဆီးခဲ့တယ်။ “ဘာသာရေး အမုန်းပွားအောင် လှုံ့ဆော်တဲ့ပြစ်မှု” ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ ၂၀၁၅၊ မေလမှာ သူ့ကို ထောင်ဒဏ် လေးနှစ် ချမှတ်ခဲ့လို့ ခုထက်ထိ ထောင်ကျနေတုန်းပဲ။) ညီအစ်မ ဂူဇီရာခမျာ အတော်လေး ခက်ခဲမှာပဲလို့ တေမူ အဖမ်းမခံရခင်ကတည်းက တွေးမိတယ်။ အခုတော့ သူ့ကို ပိုက်ဖက်ပြီး အားပေးချင်လိုက်တာ။ တေမူနဲ့ ကျွန်မ ကြုံခဲ့ရတာတွေကြောင့် ညီအစ်မ ဂူဇီရာ ဘယ်လို နာကျင်ခံစားရမယ်ဆိုတာ ကိုယ်ချင်းစာမိတယ်။ ကျွန်မလိုပဲ သူလည်း ယေဟောဝါနဲ့ ညီအစ်ကိုတွေကို မှီခိုအားထားနေမှာပါ။

ကျွန်မတို့ကို အစစအရာရာ ကူညီပေးခဲ့ကြတဲ့ ညီအစ်ကို/မအားလုံးကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ ကျွန်မတို့ အသင်းတော်အပါအဝင်၊ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသင်းတော်က ညီအစ်ကို/မတွေ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ရှေ့နေတွေသာမက သားတို့ကိုလည်း ကျေးဇူးတင်ပါတယ်။

ပြန်လွတ်လာပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် လက်မှတ်ကို ကိုင်ထားတဲ့ ညီအစ်ကို အခါမေဒေါ့ဗ်။

TA- သေချာတာတစ်ခုကတော့ လူတိုင်း စမ်းသပ်မှု တစ်မျိုးမဟုတ် တစ်မျိုး ကြုံရကြတယ်။ ထောင်ကျတဲ့ စမ်းသပ်မှုတော့ လူတိုင်း မကြုံရဘူးပေါ့။ လူတချို့အတွက် စမ်းသပ်မှုက မယုံကြည်သူ မိသားစုဝင်တွေရဲ့ နှောင့်ယှက်မှု ဖြစ်နိုင်တယ်။ တချို့အတွက်တော့ အသင်းတော်ထဲက ပေါင်းရသင်းရခက်တဲ့ ညီအစ်ကို/မနဲ့ အဆင်မပြေတာ ဖြစ်နိုင်တယ်။ ဘယ်လိုအခက်အခဲ၊ စမ်းသပ်မှုပဲ ကြုံရပါစေ ကျမ်းစာမူတွေကို လိုက်နာမလား၊ မလိုက်နာဘူးလားဆိုတာ ယောက်တိုင်း ဆုံးဖြတ်ရမှာ။ ကျမ်းစာမူတွေအတိုင်း နေထိုင်မယ်ဆိုရင် စမ်းသပ်မှုကို အောင်မြင်ကျော်လွှားနိုင်မယ်။ လိုအပ်တဲ့ ခံနိုင်ရည်ကို ယေဟောဝါ ပေးမယ်ဆိုတာ သတိရပြီး စမ်းသပ်မှုတွေကို ရင်ဆိုင်လိုက်တာ အကောင်းဆုံးပါပဲ။

ကျွန်တော့်ကို အားပေးထောက်မခဲ့တဲ့ မိသားစုနဲ့ သားတွေကို ကျေးဇူးအများကြီး တင်ပါတယ်။ အခွင့်အရေးရတိုင်း ထောင်ဝင်စာ လာတွေ့ကြလို့ ကျွန်တော် ကြံ့ကြံ့ခံနိုင်ခဲ့တာပါ။

ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်တယ်။ ဆုတောင်းပေးတာ၊ အားပေးစာတွေ ပို့ကြတာ စတဲ့ ကူညီပေးမှုအတွက် ကျေးဇူးတင်လို့မဆုံးပါဘူး။ အစွန့်ခံနေရပါလားလို့ တစ်မိနစ်လေးတောင် မခံစားခဲ့ရဘူး။ ကျွန်တော် ကြုံခဲ့ရတာတွေကြောင့် ညီအစ်ကိုတွေကို ပိုချစ်လာတဲ့အပြင် ယေဟောဝါနဲ့ ဆက်ဆံရေးလည်း ခိုင်မြဲလာတယ်။