ဧပြီ ၁၈၊ ၂၀၁၈
ကာဇက်စတန်
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တေမူ အခါမေဒေါ့ဗ် လွတ်လာ
မဟုတ်မမှန် စွဲချက်တွေနဲ့ ထောင်ကျတာ တစ်နှစ်ကျော်ရှိပြီဖြစ်တဲ့ တေမူ အခါမေဒေါ့ဗ်၊ အသက် ၆၁ နှစ်ကို ၂၀၁၈၊ ဧပြီ ၂ ရက်နေ့မှာ ကာဇက်စတန် သမ္မတ နာဆူလ်တန် နာဇာဘာယာဗ့်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်။ ပြစ်မှုမှတ်တမ်းကိုလည်း ပယ်ဖျက်ပေးခဲ့တယ်။ လွတ်ငြိမ်းချမ်းသာမှုရကြောင်း ဧပြီ ၄ ရက်နေ့မှာ မစ္စတာ အခါမေဒေါ့ဗ် သိရှိခဲ့ပြီး ထောင်ကနေ လွတ်လာပေမဲ့ ခွဲစိတ်ကုသမှုကနေ နလန်ထူဖို့ ဆေးရုံမှာ နေရတယ်။ အခု မိသားစုနဲ့ ပြန်ဆုံဆည်းခွင့် ရပါပြီ။ ကင်ဆာရောဂါအတွက် အရေးပေါ် ဆေးကုသမှုကိုလည်း အလွယ်တကူ ပြုလုပ်နိုင်ပါပြီ။
ဖမ်းဆီး၊ ချုပ်နှောင်ထားပြီး မတရား ထောင်ဒဏ်ချ
ယေဟောဝါသက်သေတစ်ယောက်ဖြစ်သူ မစ္စတာ အခါမေဒေါ့ဗ်ဟာ ကိုယ့်ရဲ့ယုံကြည်ချက်ကို တခြားသူတွေကို ပြောပြရုံနဲ့ ၂၀၁၇၊ ဇန်နဝါရီလမှာ အဖမ်းခံရပြီး ထောင်ဒဏ်ချမှတ် ခံရတယ်။ အဖမ်းမခံရခင် လအနည်းငယ်တုန်းက ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်ကို စိတ်ဝင်စားသယောင် ဟန်ဆောင်ကြတဲ့ အမျိုးသားတချို့နဲ့ ကျမ်းစာ ဆွေးနွေးခဲ့တယ်။ အဲဒီအမျိုးသားတွေဟာ ကာဇက်စတန် လျှို့ဝှက်ရဲ၊ အမျိုးသားလုံခြုံရေး ကော်မတီ (KNB) နဲ့ ပူးပေါင်းပြီး သူတို့ရဲ့ ဆွေးနွေးမှုတွေကို လျှို့ဝှက် အသံသွင်းထားကြတယ်။ အဲဒီအသံသွင်းခွေကို အခြေခံပြီး မစ္စတာ အခါမေဒေါ့ဗ်ဟာ “ဘာသာရေး သဘောထားကွဲလွဲမှုကို လှုံ့ဆော်တယ်၊” ကာဇက်စတန် ရာဇဝတ်မှု ဥပဒေ အပိုဒ် ၁၇၄(၂)အရ “[သူ့ရဲ့] ဘာသာရေး သာလွန်မှုကို အားပေးထောက်ခံတယ်” လို့ KNB က စွပ်စွဲခဲ့တယ်။
အဖမ်းခံရပြီးနောက် ရဲတွေက မစ္စတာ အခါမေဒေါ့ဗ်ကို စစ်ဆေးမေးမြန်းကြပြီး အမှုမစစ်ခင် သုံးလ အချုပ်ချထားလိုက်တယ်။ ၂၀၁၇၊ မေ ၂ ရက်နေ့မှာ တရားရုံးက သူ့ကို ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချခဲ့ပြီး ဘာသာရေးလုပ်ဆောင်မှုတွေမှာ မပါဝင်ဖို့ သုံးနှစ် ပိတ်ပင်လိုက်တယ်။
မစ္စတာ အခါမေဒေါ့ဗ်ရဲ့ ရှေ့နေတွေက အယူခံဝင်ဖို့ အကြိမ်ကြိမ် တင်ပေမဲ့ တရားရုံးက အားလုံးကို ပယ်ချခဲ့တယ်။ ကာဇက်စတန် ဥပဒေအရ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းအားလုံးကို ကြိုးစားပြီးနောက် မရတဲ့အဆုံး အပြည်ပြည်ဆိုင်ရာ ခုံရုံးကို တင်ခဲ့တယ်။ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့ (WGAD) နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီဆီ တိုင်ကြားစာ တင်ခဲ့ပါတယ်။
မစ္စတာ အခါမေဒေါ့ဗ်ရဲ့ လုပ်ဆောင်မှုဟာ “လုံးလုံး အေးချမ်းငြိမ်သက်တယ်၊ ဘာသာရေးလွတ်လပ်ခွင့် ဘောင်အတွင်းမှာပဲ လုပ်ဆောင်သွားခြင်း” ဖြစ်တယ်။ ဒါကြောင့် ကာဇက်စတန်အစိုးရ မစ္စတာ အခါမေဒေါ့ဗ်ကို ထောင်ချထားတာဟာ ပြစ်မှုကျူးလွန်ရာရောက်ကြောင်း ၂၀၁၇၊ အောက်တိုဘာလမှာ WGAD က ဖော်ပြခဲ့ပြီး ချက်ချင်း လွှတ်ပေးဖို့ တိုက်တွန်းခဲ့တယ်။ ၂၀၁၈၊ ဇန်နဝါရီလမှာ လူ့အခွင့်အရေး ကော်မတီက မစ္စတာ အခါမေဒေါ့ဗ်ရဲ့ အရေးပေါ်တိုင်ကြားစာကို လက်ခံခဲ့ပြီး ကာဇက်စတန် အစိုးရအနေနဲ့ မစ္စတာ အခါမေဒေါ့ဗ်အတွက် ကြားဖြတ်ကာလ စီစဉ်ပေးပြီး ခဏလွှတ်ပေးဖို့နဲ့ လိုအပ်တဲ့ ဆေးကုသမှုကို အမြန်ဆုံးစီစဉ်ပေးဖို့ ညွှန်ကြားခဲ့တယ်။ လူ့အခွင့်အရေးကော်မတီက မစ္စတာ အခါမေဒေါ့ဗ်ရဲ့ တိုင်ကြားစာကို အပြီးသတ် မဆုံးဖြတ်ခင် ကာဇက်စတန် အစိုးရအနေနဲ့ သူ့ကို လုံးလုံးလွှတ်ပေးဖို့ သုံးသပ်ဖို့လည်း တိုက်တွန်းခဲ့တယ်။
နောက်ဆုံးတော့ လွတ်မြောက်
ထောင်ကျနေစဉ်အတွင်း မစ္စတာ အခါမေဒေါ့ဗ်ရဲ့ ကျန်းမာရေး ဆုတ်ယုတ်လာတယ်။ မစ္စတာ အခါမေဒေါ့ဗ်မှာ အူမကြီးကင်ဆာရှိကြောင်း ဒီနှစ် အစောပိုင်းတုန်းက ဆရာဝန်တွေ အကြောင်းကြားထားတယ်။ အခု တဖြည်းဖြည်း ပိုဆိုးလာတယ်။ ကြားဖြတ်ကာလ ပြင်ဆင်ပေးပြီး ခဏလွှတ်ပေးဖို့ လူ့အခွင့်အရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ အပြည်ပြည်ဆိုင်ရာ တခြားအဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေကြောင့် ကာဇက်စတန် အာဏာပိုင်တွေဟာ မစ္စတာ အခါမေဒေါ့ဗ်ကို ခေါ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတ နာဆူလ်တန် နာဇာဘာယာဗ့်ဆီ အသနားခံစာ တင်ခိုင်းတယ်။
၂၀၁၈၊ မတ် ၅ ရက်နေ့မှာ အသနားခံစာ တင်လိုက်တယ်။ ကင်ဆာ မပျံ့အောင် ချက်ချင်း ဆေးကုသမှု ခံယူဖို့ လိုတဲ့အတွက် သူ့ရဲ့ အသနားခံစာဟာ အရေးပေါ်ဖြစ်ကြောင်းလည်း ဖော်ပြခဲ့တယ်။ အဲဒီအတောအတွင်း ထောင်အာဏာပိုင်တွေက မစ္စတာ အခါမေဒေါ့ဗ်ကို ကာဇက်စတန်နိုင်ငံ၊ အယ်လ်မတီမြို့ကို ပြောင်းရွှေ့ထားပြီး ၂၀၁၈၊ မတ် ၂၇ ရက်နေ့မှာ ခွဲစိတ်ကုသမှု ခံယူခဲ့တယ်။
ကာဇက်စတန်အစိုးရဟာ ဘာသာရေးလွတ်လပ်ခွင့်ကို လေးစားကြောင်း ပိုတင်ပြလာကြမလား
ဇနီး မာဖီဇာနဲ့ သားတွေဟာ မစ္စတာ အခါမေဒေါ့ဗ် အမှုကနေ လွတ်မြောက်လာလို့ ဝမ်းသာနေကြပါတယ်။ သူ့ရဲ့ ပြစ်မှုမှတ်တမ်းကို ဖျက်ပေးတဲ့အတွက်လည်း သမ္မတ နာဇာဘာယာဗ့်ကို ကျေးဇူးတင်ကြပါတယ်။ သူ့ကို မတရား ပြစ်ဒဏ်စီရင်ပြီး အစိုးရက ဘဏ်စာရင်းကို သိမ်းလိုက်တဲ့အတွက် သူထောင်ကျနေစဉ်အတွင်း ဇနီးသည်ဟာ အတော် ဒုက္ခတွေ့ခဲ့တယ်။
မစ္စတာ အခါမေဒေါ့ဗ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာက ကာဇက်စတန် အာဏာပိုင်တွေဟာ ယေဟောဝါသက်သေတွေရဲ့ ငြိမ်သက်အေးချမ်းတဲ့ ဝတ်ပြုရေးကို အနှောင့်အယှက်မရှိ လုပ်ဆောင်နိုင်စေဖို့ လွတ်လပ်ခွင့် ပိုပေးတော့မယ်ဆိုတာ ဖော်ပြတယ်လို့ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေ မျှော်လင့်နေကြပါတယ်။