မာတိကာဆီ ကျော်သွား

ဖေဖော်ဝါရီ ၂၂၊ ၂၀၁၈
ကာဇက်စတန်

တေမူ အခါမေဒေါ့ဗ်ကို လွှတ်ပေးဖို့ ကာဇက်စတန် အာဏာပိုင်တွေဆီ အသနားခံထား

တေမူ အခါမေဒေါ့ဗ်ကို လွှတ်ပေးဖို့ ကာဇက်စတန် အာဏာပိုင်တွေဆီ အသနားခံထား

တေမူ အခါမေဒေါ့ဗ်ရဲ့ ကျန်းမာရေးကို မိသားစုနဲ့ မိတ်ဆွေတွေ ပိုစိုးရိမ်လာကြပါတယ်။ ယေဟောဝါသက်သေတစ်ဦးဖြစ်တဲ့ မစ္စတာ အခါမေဒေါ့ဗ်ဟာ အသက် ၆၁ နှစ် ရှိပြီး ထောင်မကျခင် တစ်နှစ်ကျော်ကတည်းက ကျန်းမာရေး မကောင်းဘူး။ ၂၀၁၈၊ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ အကျိတ်နှစ်ခု ခွဲစိတ်ခဲ့ရပါတယ်။ တစ်ခုက အသက်အန္တရာယ်တောင် ရှိတယ်။ ပါလိုဒါ ပြုပြင်ထိန်းသိမ်းရေး အကျဉ်းထောင် အခြေအနေအပြင် ဆေးဝါးကုသမှု ထပ်လိုအပ်နေတဲ့အတွက် မိသားစုနဲ့ ရှေ့နေတွေက အစိုးရအာဏာပိုင်တွေဆီ အခါမေဒေါ့ဗ်ကို လွှတ်ပေးဖို့ အသနားခံကြပေမဲ့ လျစ်လျူရှုခံနေရပါတယ်။

ကာဇက်စတန်တရားရုံးက တေမူ အခါမေဒေါ့ဗ်ကို ငါးနှစ် ပြစ်ဒဏ်ချတဲ့အတွက် ၂၀၂၂ ခုနှစ်မှ ထောင်ကနေ လွတ်ပါမယ်။ မစ္စတာ အခါမေဒေါ့ဗ်ဟာ ဘာသာရေးလွတ်လပ်ခွင့်ကို ကျင့်သုံးတာကလွဲလို့ ဘာပြစ်မှုမှ မကျူးလွန်ခဲ့ပါဘူး။ ဒါပေမဲ့ အာဏာပိုင်တွေက သူ့ကို ဖမ်းဆီးပြီး တရားစွဲဆိုခဲ့ကြတယ်။ အကြမ်းဖက်သမားတွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ ယူဆချက်နဲ့ သူ့နာမည်နဲ့ ဘဏ်စာရင်းကိုပါ ပိတ်လိုက်ကြတယ်။ အယူခံဝင်မှုအားလုံးကိုလည်း ကာဇက်စတန်တရားရုံးက ပယ်ချခဲ့တယ်။

မတရားဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့က မစ္စတာ အခါမေဒေါ့ဗ်ကို လွှတ်ပေးဖို့၊ မှားယွင်းစွာ စွဲချက်တင်ထားတာကို ရုပ်သိမ်းပေးဖို့ ကာဇက်စတန်အစိုးရကို တိုက်တွန်းခဲ့တယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီကလည်း မစ္စတာ အခါမေဒေါ့ဗ် ကျန်းမာရေး မကောင်းတဲ့အတွက် လွှတ်ပေးဖို့ အရေးတကြီး တောင်းဆိုခဲ့တယ်။

မစ္စတာ အခါမေဒေါ့ဗ်ရဲ့ ရှေ့နေ ဒီလိုပြောတယ်– “တေမူဟာ မတရား ထောင်ချခံရတဲ့အပြင် ကျန်းမာရေးလည်း မကောင်းပါဘူး။ ဆေးကုသမှု ခံယူဖို့လည်း လိုနေတဲ့အတွက် တရားမျှတစွာ ကိုင်တွယ်စေချင်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ တိုက်တွန်းချက်တွေနဲ့အညီ ကာဇက်စတန် အာဏာပိုင်တွေအနေနဲ့ တေမူကို ထောက်ထားစာနာပြီး ထောင်ကနေ လွှတ်ပေးဖို့ ကျွန်တော်တို့ အသနားခံပါတယ်။”