မာတိကာဆီ ကျော်သွား

ဇွန် ၂၈၊ ၂၀၁၇
ကာဇက်စတန်

တေမူ အခါမေဒေါ့ဗ်အပေါ် မတရားစီရင်ချက်ကို ကာဇက်စတန် တရားရုံး အတည်ပြု

တေမူ အခါမေဒေါ့ဗ်အပေါ် မတရားစီရင်ချက်ကို ကာဇက်စတန် တရားရုံး အတည်ပြု

ရာဇဝတ်မှု ကျူးလွန်တယ်ဆိုပြီး ထောင်ဒဏ်ငါးနှစ်အပြင် ဘာသာရေးလုပ်ငန်း ဆောင်ရွက်ခွင့် သုံးနှစ် ပိတ်ပင်ခံထားရတဲ့ အခါမေဒေါ့ဗ်ရဲ့ အယူခံမှုကို ၂၀၁၇၊ ဇွန် ၂၀ ရက်နေ့မှာ အက်စတာနာမြို့ တရားရုံးက ပယ်ချလိုက်ပါတယ်။ ဇွန်လ ၂၀ ရက်နေ့က တရားခွင်ကို ရောက်လာတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ရှေ့နေတစ်ယောက်က ဒီလိုပြောပါတယ်- “မစ္စတာ အခါမေဒေါ့ဗ်ရဲ့ အမှုမှာ တရားမျှတမှုကို ဟန်ပြသဘောလုပ်နေတာ သိသာထင်ရှားတယ်။” သူ့ရှေ့နေတွေက နောက်ထပ် အယူခံဖို့ စဉ်းစားနေကြပါတယ်။

မစ္စတာ အခါမေဒေါ့ဗ်ကို တရားမဝင်တဲ့ ဘာသာရေးလုပ်ငန်း ဆောင်ရွက်တယ်လို့ စွပ်စွဲပြီး ၂၀၁၇၊ ဇန်နဝါရီတုန်းက အမျိုးသားလုံခြုံရေးကော်မတီက ဖမ်းချုပ်ထားပါတယ်။ ဆာရီယာကင်စကီ ခရိုင်တရားရုံးက ဘာသာရေး မုန်းတီးစိတ် လှုံ့ဆော်မှုအတွက် ချမှတ်ရတဲ့ ကာဇက်စတန်ရဲ့ ရာဇဝတ်မှု ဥပဒေ ပုဒ်မ ၁၇၄(၂) ကိုအကြောင်းပြပြီး မတရားပြစ်ဒဏ် ချမှတ်လိုက်တဲ့ ၂၀၁၇၊ မေလ ၂ ရက်နေ့အထိ ချုပ်နှောင်ခံထားရပါတယ်။ မှားယွင်းတဲ့စွဲချက်ကို မစ္စတာ အခါမေဒေါ့ဗ်က အပြင်းအထန် ကန့်ကွက်ပြီး အိမ်နီးချင်းတွေကို မိမိရဲ့သာသာရေး ယုံကြည်ချက်အကြောင်း ပြောပြရုံသာ ဖြစ်ကြောင်း၊ မေတ္တာပြခြင်းသာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။ ဘာသာရေး ယုံကြည်ချက်ကို ထုတ်ဖော်ခြင်းဟာ ကာဇက်စတန် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကာဇက်စတန်ကိုယ်တိုင် လိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်စာတမ်းတွေက အာမခံထားတဲ့ အဓိကကျတဲ့ အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။