မာတိကာဆီ ကျော်သွား

ကယ်ဆယ်ရေး အထောက်အပံ့တွေ ပြင်ဆင်နေကြစဉ်

ဇွန် ၈၊ ၂၀၂၁
ကိုလံဘီယာ

ကိုလံဘီယာက ညီအစ်ကို/မတွေအတွက် ကယ်ဆယ်ရေး လုပ်ဆောင်မှု

ကိုလံဘီယာက ညီအစ်ကို/မတွေအတွက် ကယ်ဆယ်ရေး လုပ်ဆောင်မှု

ကိုလံဘီယာမှာ ၂၀၂၁၊ ဧပြီလကုန်ပိုင်းကစပြီး နိုင်ငံရေး မတည်ငြိမ်မှု ဖြစ်နေပါတယ်။ ယေဟောဝါသက်သေတစ်ဦးမှ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ ဒေသတချို့မှာတော့ စားသောက်ကုန်နဲ့ လောင်စာဆီ ဝယ်ဖို့ အခက်တွေ့နေကြတယ်။ ညီအစ်ကို/မတွေလည်း ရိက္ခာနဲ့ လောင်စာဆီ ပြတ်လပ်မှုအပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်။

ဒါကြောင့် ကိုလံဘီယာ ဌာနခွဲ ကော်မတီက သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ငါးခုကို ဖွဲ့စည်းလိုက်တယ်။ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်တွေကို လိုက်နာရင်း လိုအပ်တဲ့ အကူအညီတွေ ပေးနေပါတယ်။ ဒေသခံ ညီအစ်ကို/မတွေက စားနပ်ရိက္ခာ လက်ခံရာမှာ ရိုင်းပင်းကူညီကြတယ်။ အသင်းတော် အကြီးအကဲတွေ၊ နယ်လှည့် ကြီးကြပ်မှူးတွေကလည်း ကျမ်းစာ သုံးပြီး အားပေးနှစ်သိမ့်နေကြတယ်။

ကယ်ဆယ်ရေး ကော်မတီတစ်ခုကို ကူညီပေးနေတဲ့ ညီအစ်ကို အာမွန် ဝင်ကလာက “ကျွန်တော်တို့ တော်တော်လေး အကျပ်တွေ့နေကြတာ။ အခုလို ဒုက္ခရောက်နေချိန်မှာ အရေးတယူ ချက်ချင်း ကူညီပေးတဲ့ ယေဟောဝါကို သိပ်ကျေးဇူးတင်တာပဲ” လို့ ပြောတယ်။

ညီအစ်ကို/မတွေ စားနပ်ရိက္ခာ ရရှိကြ

လာလိုမာ အေရီနာ အသင်းတော်က ကြေညာသူ ၁၈ ဦးနဲ့ မိသားစုတွေလည်း စားနပ်ရိက္ခာ ရရှိကြတယ်။ အဲဒီအသင်းတော်မှာ ရှိတဲ့ ရှေ့ဆောင် မောင်နှံစုံက “ကျွန်တော်တို့ လိုနေတဲ့အရာတွေကို သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ လာပို့ပေးတော့ ဝမ်းသာလိုက်တာဗျာ။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ဘုရား အဖြေပေးလိုက်တာပဲ။ တကယ် လိုနေတာတွေကို ပို့ပေးကြတဲ့ ညီအစ်ကို/မတွေကိုကော ခံနိုင်ရည်နဲ့ ခွန်အား ပေးသနားတဲ့ ယေဟောဝါကိုပါ သိပ်ကျေးဇူးတင်တယ်” လို့ ပြောတယ်။

ကယ်ဆယ်ရေး ကော်မတီတွေ ပစ္စည်းမှာယူတဲ့ စျေးဝယ်စင်တာကြီးတစ်ခုက ဝန်ထမ်းတွေကလည်း ညီအစ်ကိုတွေရဲ့ လုပ်ဆောင်မှုကို အထင်ကြီးလေးစားသွားတယ်။ ဝန်ထမ်းတစ်ယောက်က “ယေဟောဝါသက်သေတွေ အိမ်တိုင်း သွားပြီး ကျမ်းစာသတင်းတရား ဟောပြောကြမှန်း ကျွန်တော် သိပါတယ်။ လိုအပ်နေသူတွေကို အခုလို ကူညီပေးနေတယ်ဆိုတာကိုပါ သိလိုက်ရတော့ အံ့သြမိတယ်” လို့ ပြောတယ်။

ညီအစ်ကို/မတွေဟာ အခက်အခဲမျိုးစုံ ကြုံနေရပေမဲ့ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေမှာ အလုပ်များနေကြတယ်။ “လောကနဲ့ မပတ်သက်” ကြတဲ့ သူတို့ရဲ့ ကာယပိုင်း လိုအပ်ရာတွေကိုသာမက ဝတ်ပြုရေးပိုင်း လိုအပ်ရာတွေကိုပါ ယေဟောဝါ ဖြည့်ဆည်းပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။—ယောဟန် ၁၇:၁၆