မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၂၊ ၂၀၂၀
ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ

ကွန်ဂိုတစ်ဝန်း အကြီးအကျယ် ရေကြီးရေလျှံ

ကွန်ဂိုတစ်ဝန်း အကြီးအကျယ် ရေကြီးရေလျှံ

မုန်တိုင်းတွေ တိုက်ခတ်ပြီး အချိန်ကြာမြင့်စွာ ရေကြီးရေလျှံနေမှုကြောင့် ဗဟိုအာဖရိကမှာရှိတဲ့ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံတစ်ဝန်းမှာ အရေးပေါ်အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။ ရေကြီးရေလျှံမှုကြောင့် ယေဟောဝါသက်သေများစွာ ရေဘေးသင့်တယ်လို့ ကွန်ဂို (ကင်ရှာဆာ) ဌာနခွဲရုံးကနေ သတင်းရတယ်။ ဝမ်းနည်းစရာက ရေကြီးရေလျှံမှုကြောင့် ကင်ရှာဆာမြို့တော်က ညီအစ်ကိုတစ်ယောက် သေဆုံးသွားတယ်။

ကွန်ဂို (ကင်ရှာဆာ) ဌာနခွဲရုံးကနေ အောက်ပါသတင်းတွေ ရရှိတယ်။

  • ကာဆိုင်းပြည်နယ် အနောက်တောင်ပိုင်းမှာ လေပြင်းတွေ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယေဟောဝါသက်သေ မိသားစု ခြောက်စုရဲ့ အိမ်တွေ ပျက်စီးသွားတယ်။

  • ဆွတ် အူဘန်ဂျီပြည်နယ် အနောက်မြောက်ပိုင်းမှာ ဝတ်ပြုရာခန်းမတစ်လုံး ရေမြှုပ်သွားတယ်။ အဲဒီဝတ်ပြုရာခန်းမကို စုစုပေါင်းကြေညာသူ ၆၉ ဦးရှိတဲ့ အသင်းတော် သုံးခုက အသုံးပြုနေကြတာဖြစ်တယ်။ ရေဘေးသင့်တဲ့ မိသားစု ၂၂ စုရှိတယ်။ ဒီသီးခြားဒေသက ရေဘေးသင့်ညီအစ်ကို/မတွေကို လိုအပ်တဲ့ အကူအညီပေးဖို့၊ ကျမ်းစာနဲ့ နှစ်သိမ့်အားပေးဖို့ အထူးရှေ့ဆောင်တစ်ဦးနဲ့ နောက်အကြီးအကဲတစ်ဦးကို ဌာနခွဲရုံးက တာဝန်ပေးထားတယ်။

  • တက်ရှိုးပိုပြည်နယ်၊ ကွန်ဂိုမြစ်ဝှမ်းတစ်လျှောက်မှာ နေထိုင်ကြတဲ့ ညီအစ်ကို/မတွေဟာ နေအိမ်တွေကနေ ရွှေ့ပြောင်းကြရတယ်။ အဲဒီဒေသက ဝတ်ပြုရာခန်းမတစ်လုံး ရေမြှုပ်နေပါတယ်။

  • မြို့တော်ကင်ရှာဆာမှာရှိတဲ့ အသင်းတော်တွေကနေ မိသားစု ၈၀ ရေဘေးသင့်တယ်လို့ သတင်းရတယ်။

ရေကြီးရေလျှံမှုကြောင့် ညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ကူးစက်ရောဂါ အန္တရာယ်တွေ ရှိနေတယ်။ ကြေညာသူတွေ မိမိကိုယ်ကိုယ် ကာကွယ်ဖို့ ကျန်းမာရေးအချက်အလက်တွေကို ဌာနခွဲရုံးက ပြင်ဆင်ပေးနေပါတယ်။

ဒီလိုအခက်အခဲတွေကြားမှာ ညီအစ်ကို၊ ညီအစ်မတွေဟာ အစားအစာ၊ အဝတ်အထည်တွေကို အချင်းချင်း ကူညီဝေမျှနေကြတယ်။ ဌာနခွဲရဲ့ညွှန်ကြားမှုနဲ့ သဘာဝဘေးကယ်ဆယ်ရေး ကော်မတီတွေကလည်း လိုအပ်တဲ့အကူအညီတွေ ပေးနေကြတယ်။

ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေ၊ ယေဟောဝါအဖွဲ့အစည်းက ပြင်ဆင်ပေးတဲ့ လက်တွေ့ကျ အကူအညီတွေ၊ ကျမ်းစာနဲ့ အားပေးနှစ်သိမ့်မှုတွေကြောင့် ဒီခက်ခဲကျပ်တည်းတဲ့ အချိန်ကာလမှာ ‘ဝမ်းနည်းပူဆွေးသူတွေ နှစ်သိမ့်မှု’ ခံစားကြရမယ်လို့ ယုံကြည်ပါတယ်။—ဟေရှာယ ၆၁:၁၊ ၂