မာတိကာဆီ ကျော်သွား

ဇွန် ၂၄၊ ၂၀၂၀
ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ

ကွန်ဂို (ကင်ရှာဆာ) ဌာနခွဲနယ်မြေမှာ ရှိတဲ့ သက်သေခံတွေ ကပ်ရောဂါဘေးအပြင် ရေဘေး၊ စစ်ဘေးဒုက္ခတွေပါ ကြုံနေရ

ကွန်ဂို (ကင်ရှာဆာ) ဌာနခွဲနယ်မြေမှာ ရှိတဲ့ သက်သေခံတွေ ကပ်ရောဂါဘေးအပြင် ရေဘေး၊ စစ်ဘေးဒုက္ခတွေပါ ကြုံနေရ

ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံနဲ့ ကွန်ဂိုသမ္မတနိုင်ငံက ကျွန်တော်တို့ရဲ့ ညီအစ်ကို/မတွေဟာ ကိုရိုနာကပ်ဘေးကိုသာမက ရေဘေး၊ စစ်ဘေးတွေကိုပါ ရင်ဆိုင်နေရတယ်။ ဒီနှစ်နိုင်ငံရဲ့ ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ပေးနေတဲ့ ကွန်ဂို(ကင်ရှာဆာ)ဌာနခွဲရုံးက ညီအစ်ကို/မတွေကို လိုအပ်တဲ့ အကူအညီပေးဖို့၊ ကျမ်းစာနဲ့ နှစ်သိမ့်အားပေးဖို့ စီစဉ်ခဲ့တယ်။ ညီအစ်ကို/မတွေကို လိုအပ်သလို ကူညီပေးနိုင်ဖို့ ဌာနခွဲရုံးနယ်မြေအတွင်း သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ (DRCs) ၅၇ ခုကို ဖွဲ့စည်းလိုက်တယ်။ အခုဆိုရင် ညီအစ်ကို/မ ကိုးသောင်းကျော်ကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပြီးပါပြီ။

၂၀၂၀၊ ဧပြီ ၁၆-၁၇ အတွင်း မိုးသည်းထန်စွာ ရွာသွန်းလို့ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့ပိုင်းပြည်နယ်တွေမှာ ရေကြီးရေလျှံခဲ့တယ်။ ဒါကြောင့် ကြေညာသူ ၁၃၉ ဦး မိမိတို့နေအိမ်တွေကနေ ရွှေ့ပြောင်းပြီး ညီအစ်ကို/မတွေအိမ်မှာ တည်းခိုကြရတယ်။ ဒီဒေသက DRCs တွေက ဘေးသင့်ညီအစ်ကို/မတွေ ယာယီနေဖို့ အိမ်တွေ၊ အမြဲတမ်းနေဖို့ အိမ်တွေ စီစဉ်ပေးနေပါတယ်။

ညီအစ်ကို/မတွေကလည်း DRCs ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရက်ရက်ရောရော ကူညီပေးကြတယ်။ ဒေသတစ်ခုမှာဆိုရင် ငှက်ပျောသီး ၇၀၀ ကီလိုဂရမ်၊ ပြောင်းဖူး ၄၀၀ ကီလိုဂရမ်၊ ပီလောပီနံနဲ့ ပီလောပီနံအရွက် ၂၂၀ ကီလိုဂရမ် စုပြီးပေးကြတယ်။

အသင်းတော်တစ်ခုက ကြေညာသူ ၆၀ ဟာ အိုးပစ်အိမ်ပစ် ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ညီအစ်ကို/မ ၅၀ ကို မိမိတို့နေအိမ်မှာ လက်ခံထားကြတယ်။ DRCs က စားနပ်ရိက္ခာတွေ မရောက်လာခင် ရှိတာလေးကို ဝေမျှစားသောက်ကြတယ်။

ကွန်ဂိုသမ္မတနိုင်ငံရဲ့မြို့တော် ဘရာဇီဗီးလ်က အိမ်ထောင်ဦးစီးတစ်ယောက် သူ့အတွေ့အကြုံကို ဒီလိုပြောပြတယ်- “မျက်စိတစ်မှိတ်အတွင်း ဘဝအခြေအနေ ပြောင်းသွားနိုင်တယ်။ ကျွန်တော့်အလုပ်၊ ဇနီးရဲ့ အချိန်ပိုင်းအလုပ် နှစ်ယောက်ပေါင်း လစာနဲ့ စားဝတ်နေရေး ဖူလုံရုံလေးပါပဲ။ ကိုဗစ်လည်းဖြစ်ရော ဘာဝင်ငွေမှ မရှိတော့ဘူး။ ဒါပေမဲ့ ယေဟောဝါကိုပဲ ဆက်ယုံကြည်အားကိုးကြတယ်။ ရှိတဲ့ရိက္ခာလေး ကုန်သွားရင် ဘာဆက်လုပ်ကြမလဲဆိုတာ တိုင်ပင်နေတုန်းမှာပဲ ယေဟောဝါဆီက အကူအညီ ရောက်လာတယ်။”

ကင်ရှာဆာမြို့က မုဆိုးမ ညီအစ်မဘူယီ အက်သာ ဒီလိုပြောတယ်- “ပြီးခဲ့တဲ့လမှာ ကျွန်မခင်ပွန်း ဆုံးပါးသွားတော့ ကလေးသုံးယောက်နဲ့ မလုပ်တတ်မကိုင်တတ် ဖြစ်ကျန်ခဲ့တယ်။ ကျွန်မတို့အိမ်မှာ စားစရာတွေ အခုလို အများကြီး တစ်ခါမှ မရှိခဲ့ဖူးဘူး။ ရက်အတော်ကြာကြာ စားဖို့ ဖူလုံနေပြီ။ ကျေးဇူးတင်ပါတယ်။ ယေဟောဝါ။”

ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကောင်းချီးပေးဖို့၊ ညီအစ်ကို/မတွေကို ဆက်ပြီး စောင့်ရှောက်ကူညီပေးဖို့ ယေဟောဝါဆီ ကျွန်တော်တို့ဆုတောင်းပါတယ်။ မြေပေါ်မှာ သီးနှံတွေ ဖောဖောသီသီ စားသောက်နိုင်မယ့် အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။—ဆာလံ ၇၂:၁၆