မာတိကာဆီ ကျော်သွား

ဇူလိုင် ၁၈၊ ၂၀၁၈
ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ

ကွန်ဂို အရှေ့မြောက်ပိုင်းက စစ်ဘေးရှောင် ညီအစ်ကို/မတွေ

ကွန်ဂို အရှေ့မြောက်ပိုင်းက စစ်ဘေးရှောင် ညီအစ်ကို/မတွေ

ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ အီတူရီဒေသမှာ ၂၀၁၇၊ ဒီဇင်ဘာလကတည်းက ဟေမားနဲ့ လန်ဒူး ပြည်တွင်းစစ်တွေကြောင့် လူအများအပြား သေဆုံးခဲ့ရပြီး လူသောင်းနဲ့ချီ ရွှေ့ပြောင်းကြရတယ်။ ဆိုးသည်ထက်ဆိုးလာတဲ့ အကြမ်းဖက်မှုတွေကြောင့် ညီအစ်ကို/မ အတော်များများ ဒုက္ခရောက်ကြရတယ်။

ယူဂန္ဓာကို ထွက်ပြေးတဲ့ ကွန်ဂို စစ်ဘေးရှောင် ဒုက္ခသည်တွေထဲမှာ ယေဟောဝါသက်သေ ၁၉၂ ယောက် ပါတယ်။ ကွန်ဂိုနယ်စပ်နား ဒုက္ခသည်စခန်းနှစ်ခုမှာ နေထိုင်ကြတယ်။ ၂၀၁၈၊ ဇွန်လမှာ အီတူရီမြို့တော် ဘူနီယာကို ယေဟောဝါသက်သေ ၁,၀၉၈ ဦး ထွက်ပြေးခဲ့ကြပြန်တယ်။ ထပ်တိုးရောဂါသစ်တွေကြောင့် သက်သေခံမောင်နှံတစ်စုံ ဆုံးပါးသွားတယ်။ နှစ်ခြင်းခံပြီးသား ကြေညာသူမောင်နှံစုံရဲ့ ကလေးသုံးယောက်လည်း ဆုံးပါးသွားတယ်။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ညီအစ်ကို/မ တစ်ယောက်မှ မရှိဘူး။

အီတူရီဒေသတစ်ဝှမ်းက ထွက်ပြေးလာတဲ့ လန်ဒူး ညီအစ်ကို/မတွေ ဘူနီယာမြို့ စည်းဝေးပွဲခန်းမခြံဝင်းထဲမှာ ဓာတ်ပုံရိုက်နေကြစဉ်။

စစ်ဘေးရှောင် ညီအစ်ကိုတွေရဲ့ အိမ်တွေကို လုယက်မီးရှို့ကြတယ်။ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကိုလည်း ဖျက်ဆီးကြတယ်။

တိုက်ပွဲစဖြစ်ကတည်းက တခြားဒေသမှာရှိတဲ့ ကြေညာသူတွေက စစ်ဘေးရှောင် ညီအစ်ကို/မတွေကို ကူညီပေးကြတယ်။ တချို့က ဘေးကင်းလုံခြုံရာကို ပြောင်းရွှေ့ဖို့ ကားတွေ ငှားပေးကြတယ်။ ဘူနီယာမြို့က သက်သေခံ မိသားစု ၂၀၅ စုဟာ ချမ်းသာသူတွေ မဟုတ်ပေမဲ့ စစ်ဘေးရှောင် ညီအစ်ကို/မတွေအတွက် ငွေကြေး၊ အစားအစာ၊ နေစရာတွေ စီစဉ်ပေးကြတယ်။ ဘူနီယာမြို့မှာ ဒုက္ခသည်စခန်းကြီး နှစ်ခု ရှိပေမဲ့ ပြောင်းရွှေ့လာတဲ့ ညီအစ်ကိုတွေကို ဒေသခံညီအစ်ကို/မတွေက လက်ခံထားကြတယ်။—ပညာအလိမ္မာ ၁၇:၁၇

ကွန်ဂိုဌာနခွဲကော်မတီက ကယ်ဆယ်ရေးကော်မတီ ဖွဲ့စည်းပြီး ညီအစ်ကို/မတွေရဲ့ အခြေခံလိုအပ်ရာတွေကို ထောက်ပံ့ပေးနေပါတယ်။ ဌာနခွဲကိုယ်စားလှယ်တစ်ဦးက စစ်ဘေးရှောင် ညီအစ်ကို/မတွေဆီ သွားရောက်အားပေးခဲ့တယ်။

ဘူနီယာမြို့နဲ့ အနီးတစ်ဝိုက်ကို အိုးပစ်အိမ်ပစ် ထွက်ပြေးလာတဲ့ ညီအစ်ကို/မတွေဟာ ဒေသခံအသင်းတော်နဲ့အတူ ဝတ်ပြုစည်းဝေးကြတယ်။ သတင်းကောင်းကို တက်တက်ကြွကြွ ဟောပြောနေကြပါတယ်။ ၂၀၁၈၊ ဖေဖေါ်ဝါရီကနေ ဧပြီလအတွင်း ဒုက္ခသည်စခန်းမှာ လူ ၂၇၀ ကျော်နဲ့ ကျမ်းစာသင်အံမှု စနိုင်ခဲ့တယ်။

ကွန်ဂိုက ညီအစ်ကို/မတွေကို စိတ်ငြိမ်သက်မှု ပေးဖို့၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကောင်းချီးပေးဖို့ ယေဟောဝါဆီ ကျွန်တော်တို့ ဆုတောင်းပါတယ်။ ယေဟောဝါဘုရားရဲ့ နိုင်ငံတော်အုပ်ချုပ်မှုအောက် တည်မြဲတဲ့ လုံခြုံမှုနဲ့ “ငြိမ်းချမ်းလုံခြုံတဲ့နေရာ” ရမယ့်နေ့ကို ကျွန်တော်တို့ စောင့်မျှော်နေကြပါတယ်။—ဟေရှာယ ၃၂:၁၇၊ ၁၈