မာတိကာဆီ ကျော်သွား

ဇူလိုင် ၂၅၊ ၂၀၁၇
ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ

ကွန်ဂိုနိုင်ငံ​က စစ်​ဘေးဒုက္ခ​သည်​တွေကို ယေဟောဝါသက်သေတွေ လူသားချင်း​စာနာတဲ့ အကူအညီ​တွေ​ပေးခဲ့

ကွန်ဂိုနိုင်ငံ​က စစ်​ဘေးဒုက္ခ​သည်​တွေကို ယေဟောဝါသက်သေတွေ လူသားချင်း​စာနာတဲ့ အကူအညီ​တွေ​ပေးခဲ့

အင်ဂိုလာ​နိုင်ငံ ဒွန်​ဒို​ဆေးရုံမှာ ဆေး​ကုသ​နေတဲ့ ဘီ​လင်း​ဒါနဲ့ သူ့​ကလေး​သုံးယောက်။ (အသက်​အန္တရာယ်​ကြောင့် နာမည်​အရင်း​ကို မ​သုံးပါ) သူ့ရဲ့​ခင်ပွန်းဟာ ကွန်ဂို​မှာ အသတ်ခံခဲ့ရ​ပြီး သမီးလေး​တစ်ယောက်လည်း ပျောက်​နေတယ်။ ဘီ​လင်း​ဒါနဲ့ သူ့​သမီး​အငယ်ဆုံး နှစ်နှစ်​အရွယ် ရီ​တီနာ ဟာ သေနတ်​ဒဏ်ရာတွေ​ရပြီး ကလေး​မ​လေး​က ခြေထောက် ဖြတ်လိုက်​ရတယ်၊ နောက်​သမီး​တစ်ယောက်ကတော့ ဓားနဲ့ တိုက်ခိုက် ခံခဲ့ရတယ်။

ကင်​ရှာ​ဆာ၊ ကွန်ဂို​— ယေဟောဝါ​သက်သေတွေဟာ ကွန်ဂို ဒီမိုကရက်တစ် သမ္မတ​နိုင်ငံရဲ့ ကာ​ဆိုင်​ဒေသမှာ အကြမ်းဖက် တိုက်ခိုက်မှု​တွေ​ကြား ပိတ်မိ​နေတဲ့ အသင်းသားတွေကို ကယ်ဆယ်ရေး အထောက်အပံ့​တွေ​နဲ့ ကျမ်းစာကနေ နှစ်သိမ့်မှု​တွေ ပေးခဲ့​ကြတယ်။ လူမျိုးရေး ပဋိပက္ခ၊ လက်နက်ကိုင်​အဖွဲ့​တွေ​နဲ့ ပြည်တွင်း​မငြိမ်မသက်မှု​တွေ​ကြောင့် လူဦးရေ ၁.၃ သန်း​ကျော်ဟာ ဒုက္ခသည်​တွေ ဖြစ်နေကြတယ်။ အဲဒီ​အထဲမှာ ကာ​ဆိုင်​ဒေသက လူ ၃၀,၀၀၀ ကျော်ဟာ အိမ်နီးချင်း​နိုင်ငံ အင်ဂိုလာ​ကို ထွက်ပြေးခဲ့​ကြရတယ်။ ဒုက္ခသည်​အများစုဟာ တိုက်ခိုက်​ခံခဲ့ရ​ပြီး မီးလောင်​ဒဏ်ရာ၊ ဓား​ဒဏ်ရာ၊ သေနတ်​ဒဏ်ရာတွေ​နဲ့ အင်ဂိုလာ​ကို ရောက်လာတာ​ကြောင့် ဆေးဝါး​ကုသ​ဖို့ လို​နေကြတယ်။ မှတ်တမ်းတွေ​အရ၊ အင်ဂိုလာ​ကို ရောက်နေတဲ့ ဒုက္ခသည်​တွေ​ထဲ​က ၈၇၀ ကျော်ဟာ ယေဟောဝါသက်သေတွေ​နဲ့ သူတို့ရဲ့ ကလေးငယ်​တွေ​ဖြစ်ပြီး ဒဏ်ရာ​ရသူ အနည်းဆုံး ၁၀ ဦး​ရှိတယ်။ ဝမ်းနည်းစရာက ယေဟောဝါ​သက်သေ ၂၂ ယောက် အသတ်ခံခဲ့​ရတယ်။

အင်ဂိုလာ​နဲ့ ကွန်ဂိုနိုင်ငံ​က အကြီးအကဲ​တွေ​ဆီ (တချို့က ဒုက္ခသည်​တွေ​ဖြစ်) အင်ဂိုလာ​နိုင်ငံ ဌာနခွဲရုံး​က ကိုယ်စားလှယ်​တစ်ဦး သွားရောက်​တွေ့ဆုံခဲ့

“ဒီ​တိုက်ခိုက်မှုတွေမှာ လူတွေ အမြောက်အမြား သေဆုံးခဲ့​လို့ ကျွန်တော်တို့ ဝမ်းနည်း​ရတယ်၊ တချို့​ဆိုရင် ကလေး​ပဲ​ရှိသေးတယ်” ဆိုပြီး ကင်​ရှာ​ဆာ​မှာ​ရှိတဲ့ ယေဟောဝါ​သက်သေ ဌာနခွဲရုံး​ရဲ့ ပြောရေးဆိုခွင့်​ရှိသူ ရောဘတ် အယ်​လို​ဂို က ပြောပြတယ်။ “တချို့​ဆိုရင် ပြဿနာ​စ​ဖြစ်တဲ့​နေရာ အနီးတစ်ဝိုက်​မှာ​ရှိလို့ တိုက်ခိုက်​ခံရ​တာ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ညီအစ်ကို​တွေ​အတွက် တကယ့်ကို စိုးရိမ်တယ်၊ ဂရုစိုက်​ပြီး​နေကြ​ဖို့ သူတို့ကို သတိ​ပေးထားတယ်။ သူတို့​လိုအပ်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ အထူးသဖြင့် ဝတ်ပြုရေး​ပိုင်း အကူအညီ​တွေကို အင်ဂိုလာ​မှာ​ရှိတဲ့ ဌာနခွဲရုံး​နဲ့​အတူ ကျွန်တော်တို့ ထောက်ပံ့​ပေးနေ​ကြပါတယ်။”

ကွန်ဂိုနိုင်ငံ တိုက်ပွဲ​တွေ​ကြောင့် ထွက်ပြေးခဲ့​ကြ​ရတဲ့ ဒုက္ခသည်​တွေ တဲ​တစ်လုံး​ဆောက်​နေ

အင်ဂိုလာ​နဲ့ ကွန်ဂိုနိုင်ငံ​က ယေဟောဝါ​သက်သေတွေဟာ ကယ်ဆယ်ရေး​ကော်မတီ ဖွဲ့စည်း​ပြီး ကယ်ဆယ်ရေး​လုပ်ငန်းတွေကို လုပ်ဆောင်​နေပါတယ်။ ဒုက္ခသည်​တွေ​အတွက် လှူဒါန်း​ထားတဲ့ အိပ်ရာတွေ၊ အဝတ်အစား​တွေ၊ အစားအသောက်​တွေ၊ ခြင်ထောင်​တွေ​နဲ့ ဖိနပ်တွေ စုစုပေါင်း ၃၄ တန်​ကျော် အပြင် ဆေးဝါး​အထောက်အပံ့ အလေးချိန် ၁,၁၅၇ ပေါင်​ကို ပို့​ထားပြီး ဖြစ်ပါတယ်။ ယေဟောဝါ​သက်သေ ဆရာဝန်​တစ်ဦးက ဒုက္ခသည်​စခန်း​ကို​ရောက်လာပြီး အရေးပေါ် ဆေးဝါး​ကုသ​ဖို့ လိုအပ်​နေတဲ့ လူနာ ၁၃၅ ယောက်​ကို ကြည့်ရှု​ပေးနေ​ပါတယ်။

ဒါ့အပြင် အင်ဂိုလာ​နဲ့ ကွန်ဂိုနိုင်ငံ ဌာနခွဲရုံး​က ကိုယ်စားလှယ်​တွေဟာ ဒုက္ခသည်​တွေ​ဆီ လည်ပတ် အားပေးပြီး ကျမ်းစာ​အခြေပြု ဟောပြောချက်​တွေ​ပေးဖို့ အထူး​အစည်းအဝေးတွေ စီစဉ်ခဲ့​ကြတယ်။ အင်ဂိုလာ​နိုင်ငံရဲ့ အဓိက ဘာသာစကားက ပေါ်တူဂီ​စကား​ဖြစ်ပေမဲ့ ဒုက္ခသည်​တွေ အကျိုးရှိ​စေဖို့ ဓာတ်ပုံ​မှာ​တွေ့ရတဲ့​အတိုင်း ဝတ်ပြုမှု​အစီအစဉ်တွေကို ကွန်ဂိုနိုင်ငံ​ရဲ့ အဓိက ဘာသာစကား လေးမျိုး​ထဲ​က တစ်မျိုး​ဖြစ်တဲ့ ရှီ​လူ​ဘာ ဘာသာစကားနဲ့ ပြုလုပ်ပေး​ခဲ့​ကြတယ်။

နယူးယောက်၊ ဝေါဝစ်​မှာ​ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့​ဌာနချုပ်​က အုပ်ချုပ်ရေး​အဖွဲ့ဟာ ကမ္ဘာချီ​ကျမ်းစာ​ပညာပေး​လုပ်ငန်း အလှူငွေကို အသုံးပြုပြီး ကယ်ဆယ်ရေး​လုပ်ငန်း​တွေကို ကူညီပေး​နေပါတယ်။

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Angola: Todd Peckham, +244-923-166-760

Democratic Republic of the Congo: Robert Elongo, +243-81-555-1000