ဒီဇင်ဘာ ၃၁၊ ၂၀၁၉
ချီလီ
ချီလီတရားရုံးချုပ်က လူနာရဲ့အခွင့်အရေးကို ထောက်ခံတဲ့ ဆုံးဖြတ်ချက် ချမှတ်
ချီလီတရားရုံးချုပ်က တရားသူကြီး သုံးဦးမှာ နှစ်ဦးရဲ့ ဆုံးဖြတ်ချက်နဲ့ အရင် အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းပြီး ယေဟောဝါသက်သေတစ်ယောက်ဟာ မိမိရဲ့ယုံကြည်ချက်ကြောင့် သွေးသွင်းခြင်းကို ငြင်းဆိုပိုင်ခွင့်ရှိတယ်လို့ ၂၀၁၉၊ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ စီရင်ချက်ချလိုက်တယ်။
ကျွန်တော်တို့ရဲ့ ညီအစ်မ ပိုလိုနီယာ ရီအိုရဲ့အမှုနဲ့ ပတ်သက်ပါတယ်။ ညီအစ်မက သွေးသွင်းကုသမှုကို လက်မခံတဲ့အတွက် လိုအပ်နေတဲ့ ခွဲစိတ်ကုသမှုကို ဆရာဝန်တွေက မလုပ်ပေးကြဘူး။ ဆေးမကုသပေးတဲ့အတွက် နောက်ဆုံးမှာ ညီအစ်မက ဆေးရုံကို တရားစွဲခဲ့တယ်။ ဆန်မီဂဲလ် အယူခံတရားရုံးက ၂၀၁၉၊ ဩဂုတ် ၆ ရက်နေ့မှာ ဆေးရုံဘက်ကနေ အနိုင်ပေး ဆုံးဖြတ်လိုက်တယ်။
အဲဒီအတွက် ညီအစ်မ ရီအိုက ချီလီတရားရုံးချုပ်ကို အယူခံဝင်ပြီး တရားရုံးချုပ်က ညီအစ်မကို အနိုင်ပေး ဆုံးဖြတ်ခဲ့တယ်။ ဘာသာရေးယုံကြည်ချက်ကြောင့် ဆေးကုသမှုတချို့ကို ငြင်းပယ်တဲ့ လူနာကို တရားရုံးချုပ်က အနိုင်ပေးဆုံးဖြတ်တာ ဒါပထမဆုံးအကြိမ် ဖြစ်တယ်။ လူနာတစ်ယောက်ရဲ့ အသက်ကိုကယ်ဖို့ ဆရာဝန်သတ်မှတ်တဲ့ ဘယ်ဆေးကုသမှုကိုမဆို လူနာဘက်က ငြင်းဆိုပိုင်ခွင့်မရှိဘူးလို့ လွန်ခဲ့တဲ့ ၂၅ နှစ်လုံးလုံး တရားရုံးချုပ်က ဆုံးဖြတ်ထားခဲ့တယ်။
တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ထဲမှာ ဒီလိုပါတယ်– “လူနာဘက်က အသက် ဆက်ရှင်ချင်၊ ကျန်းမာချင်တဲ့အတွက် ခွဲစိတ်ကုသမှု ခံယူဖို့ သုံးနှစ်လုံးလုံး စောင့်ဆိုင်းခဲ့ပြီးပြီ။ . . . [သွေးသွင်းကုသမှုကို လက်မခံရတာကလည်း] အကြောင်းမဲ့သက်သက် မဟုတ်ဘူး။ ဆရာဝန်တွေ သူ့ကို မကုသဖို့ ငြင်းဆိုတာလည်း မဟုတ်ဘူး။ သွေးသွင်းကုသမှုကို ငြင်းဆိုရတာက ဘာသာရေး ယုံကြည်ချက်ကြောင့် ဖြစ်တယ်။ သူ့ရဲ့ ယုံကြည်ချက်၊ သူ့ရဲ့ လွတ်လပ်စွာ သက်ဝင်ယုံကြည်ပိုင်ခွင့်၊ သူ့ရဲ့ ဂုဏ်သိက္ခာကို လေးစားဖို့ လိုတယ်။ ဒီလိုခွဲစိတ်ကုသမှုကို သွေးမသွင်းဘဲ အောင်မြင်စွာ ကုသပေးခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိထားတဲ့အတွက် သူ့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားဖို့ အကြောင်းရင်း ပိုခိုင်လုံသွားပြီ။”
စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒီတရားရေးအောင်ပွဲအတွက် ချီလီက ညီအစ်ကို၊ ညီအစ်မတွေနဲ့အတူ ကျွန်တော်တို့ ဝမ်းမြောက်ကြပါတယ်။—၁ ကောရိန္သု ၁၂:၂၆။