၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်
ချီလီ
ချီလီနိုင်ငံမှာကျင်းပတဲ့ ၂၀၂၃ ခုနှစ် ပန်အမေရိကအားကစားပွဲမှာ ယေဟောဝါသက်သေတွေ သတင်းကောင်းဝေမျှ
ချီလီနိုင်ငံက မြို့တချို့မှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၀ ကနေ နိုဝင်ဘာ ၅ ရက်အထိ ပန်အမေရိကအားကစားပွဲ ကျင်းပခဲ့တယ်။ ၄၆ နိုင်ငံက အားကစားသမား ၆,၉၀၀ ကျော် အားကစားပြိုင်ပွဲအမျိုးမျိုးမှာ ပါဝင်ကြတယ်။ ယေဟောဝါသက်သေ ၁,၅၀၀ နီးပါး အထူးဟောပြောခြင်းကင်ပိန်းမှာ ပါဝင်ပြီး လက်တွန်းစင်တွေမှာ စာပေတွေကို အင်္ဂလိပ်၊ ပေါ်တူဂီ၊ စပိန်စကားနဲ့ ပြသတယ်။ ညီအစ်ကို/မတွေက အားကစားသမားတွေ၊ ပရိသတ်တွေနဲ့ စကားလက်ဆုံကျခဲ့တယ်။
နာမည်ကျော်အားကစားသမားတစ်ယောက် လက်တွန်းစင်နား ရောက်လာတယ်။ ငယ်ငယ်တုန်းက အမေနဲ့အတူ အစည်းအဝေးတွေ တက်ဖူးတယ်လို့ ပြောတယ်။ ချမ်းသာပြီး အောင်မြင်ကျော်ကြားနေပေမဲ့ သူထင်ထားသလို ပျော်ရွှင်မနေဘူး၊ ကျေနပ်မှုမရဘူး။ သူ့ကို ကျမ်းချက်တချို့နဲ့ အားပေးတဲ့အခါ နှစ်သိမ့်စကားကြားရလို့ သူ ကျေးဇူးတင်တယ်။
ငယ်ငယ်တုန်းက အစည်းအဝေးတွေ တက်ဖူးတဲ့ ရဲအရာရှိတစ်ယောက် လက်တွန်းစင်နား ရောက်လာတယ်။ ညီအစ်ကို/မတွေကို မြင်ရတော့ ငယ်ငယ်တုန်းက အသင်းတော်နဲ့ ပူးပေါင်းခဲ့တဲ့ အမှတ်တရကောင်းလေးတွေကို ပြန်သတိရမိတယ်လို့ ပြောပြတယ်။ သူ့အိမ်နားက အသင်းတော်နဲ့ အစည်းအဝေးအချိန်တွေကို ညီအစ်ကိုတစ်ယောက် ပြောပြပြီး ပျော်စရာဘဝ ထာဝရစံစားကြ စာစောင်လည်း ပေးလိုက်တယ်။ ယေဟောဝါသက်သေတွေနဲ့ ပြန်ဆုံတွေ့ရလို့ ရဲအရာရှိ သိပ်ဝမ်းသာသွားတယ်။
အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ယောက်က လက်တွန်းစင်နားမှာ ရပ်နေတဲ့ ညီအစ်မတစ်ယောက်ဆီ လာတယ်။ ကျမ်းစာအကြောင်း နားလည်ချင်တယ်ဆိုပြီး မကြာသေးခင်ကမှ ဆုတောင်းထားတာလို့ ပြောပြတယ်။ ညီအစ်မက သူ့ကို ကျမ်းစာသင်အံမှုကမ်းလှမ်းတော့ ဝမ်းပန်းတသာ လက်ခံတယ်။ အဲဒီနေ့မှာပဲ ညီအစ်မက သူနဲ့ ကျမ်းစာစလေ့လာတယ်။ အခုထိ ပုံမှန်လေ့လာနေတုန်းပါပဲ။
ဒီအထူးကင်ပိန်းမှာ ပါဝင်ခဲ့တဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ ကျေးဇူးအများကြီးတင်ပါတယ်။ သူတို့ရဲ့ကြိုးစားအားထုတ်မှုကြောင့် ရလဒ်ကောင်းတွေ ရရှိခဲ့တယ်။ ဒါဟာ မိမိကို ရှာဖွေနေသူတွေအပေါ် ယေဟောဝါကောင်းချီးပေးနေတဲ့ အထောက်အထားပါပဲ။—ဟေရှာယ ၅၅:၆။