ဇန်နဝါရီ ၇၊ ၂၀၁၉
ဂရိ
လွတ်လပ်စွာ ဟောပြောခွင့် ရဖို့ အနှစ်ငါးဆယ်ကြာ တိုက်ပွဲဝင်ခဲ့ရခြင်းကို အမှတ်ရကြ
လွန်ခဲ့တဲ့ အနှစ်ရှစ်ဆယ်တုန်းက မီနော့စ် ကိုကီနာကစ်ဟာ ဂရိနိုင်ငံ၊ အေဂျင်ပင်လယ်၊ အေမော်ဂေါ့စ်ကျွန်းကို အကျဉ်းထောင်ပိုင် လှေနဲ့ အပို့ခံရကာ ၁၃ လကြာ တစ်ကျွန်းပို့ ခံခဲ့ရတယ်။ ဂရိတရားရုံးတစ်ခုက ညီအစ်ကို ကိုကီနာကစ်ကို ဘာသာသွင်းခြင်းကို တားမြစ်တဲ့ ဥပဒေသစ်ကို ချိုးဖောက်မှုနဲ့ စုံစမ်းမေးမြန်းခြင်း မရှိဘဲ ပြစ်ဒဏ်ချခဲ့တယ်။ ဂရိအာဏာရှင် အီယွန် မက်တဆပ် ထုတ်ပြန်တဲ့ ဥပဒေကို ချိုးဖောက်မှုနဲ့ ၁၉၃၈ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အတွင်း အဖမ်းခံရတဲ့ ယေဟောဝါသက်သေ ၁၉,၁၄၇ ယောက်ထဲမှာ ပထမဆုံးတစ်ယောက် ဖြစ်တယ်။ အဲဒီဆယ်စုနှစ်တွေအတွင်း ဂရိနိုင်ငံသား ယေဟောဝါသက်သေ ရာချီဟာ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု၊ ဖမ်းဆီးမှု၊ ထောင်ဒဏ်တို့ ခံရပေမဲ့ သတင်းကောင်းကို ရဲရဲရင့်ရင့် ဟောပြောခဲ့ကြတယ်။
ညီအစ်ကို ကိုကီနာကစ်ဟာ အသက် ၃၀ အရွယ်ခန့်မှာ မိမိယုံကြည်ခြင်းကို လွတ်လပ်စွာ ဝေမျှခွင့် ရဖို့ အနှစ် ၅၀ ကြာ တရားရေးတိုက်ပွဲကို စတင်ဆင်နွှဲခဲ့တယ်။ အကြိမ် ၆၀ ကျော် ဖမ်းဆီးခံရတယ်။ ထောင်ဒဏ်နဲ့ တစ်ကျွန်းပို့ဒဏ် ခြောက်နှစ် ကျခံခဲ့ရတယ်။ သူနဲ့ တခြားယေဟောဝါသက်သေ အကျဉ်းသားတွေဟာ ဆိုးရွားတဲ့ အခြေအနေတွေကို ခံရပ်ခဲ့ကြတယ်။ အသက် ၇၇ နှစ်မှာ နောက်ဆုံးအကြိမ် အဖမ်းခံရတယ်။ သူ့အမှုဟာ ဂရိတရားရုံးချုပ်အထိ ရောက်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ညီအစ်ကို ကိုကီနာကစ်က ဂရိနိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့် မပေးကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံး (ECHR) ထံ တင်လိုက်တယ်။ မီနော့စ် ကိုကီနာကစ်ဟာ အသက် ၈၄ နှစ်အရွယ် ၁၉၉၃ ခုနှစ်မှာ တရားရေးအောင်ပွဲ ရခဲ့တယ်။ ECHR က ဂရိနိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်ခဲ့ကြောင်း ပထမဆုံးအကြိမ် စီရင်ဆုံးဖြတ်ခဲ့တယ်။ a အဲဒီသမိုင်းဝင် ဆုံးဖြတ်ချက်ဟာ ၂၀၁၈ ခုနှစ်မှာ ၂၅ နှစ်ပြည့်ပါတယ်။ နိုင်ငံတကာဥပဒေ ပါမောက္ခတစ်ဦးအဆိုအရ ကိုကီနာကစ်အမှုဟာ “ဘာသာရေး လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံး ဆုံးဖြတ်ချက်တွေမှာ အများဆုံး ရည်ညွှန်းဖော်ပြခံရတဲ့အမှု ဖြစ်တယ်။”
ကိုကီနာကစ်ရဲ့ အမှုဟာ အလားတူ အမှုတွေအတွက် အစဉ်အလာတစ်ရပ် ဖြစ်ခဲ့ပါတယ်။ ညီအစ်ကိုများစွာရဲ့ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်နေတဲ့ ရုရှားလို တန်ခိုးအာဏာကြီးတဲ့ အစိုးရတွေရဲ့ အမှုကို သုံးသပ်တဲ့အခါ ကိုကီနာကစ်အမှုဟာ အစဉ်အလာတစ်ရပ် ဖြစ်ခဲ့ပါတယ်။
ညီအစ်ကို ကိုကီနာကစ်ရဲ့ ယုံကြည်ခြင်းနဲ့ အမှုဆောင်လုပ်ငန်းမှာ ဇွဲရှိမှုက ဟောပြောခြင်းလုပ်ငန်းမှာ ဆန့်ကျင်မှု ရင်ဆိုင်ကြုံတွေ့နေရတဲ့ ညီအစ်ကို/မတွေအတွက် ထူးခြားကောင်းမွန်တဲ့ စံနမူနာပါပဲ။ သူ့ရဲ့ သမာဓိစောင့်သိမှုကို ဒီနေ့အထိ ညီအစ်ကိုတွေ အမှတ်ရပြောဆိုနေကြဆဲပါ။—ရောမ ၁:၈။
a ၁၉၉၉၊ ဇန်နဝါရီလမှာ မီနော့စ် ကိုကီနာကစ် ကွယ်လွန်သွားပါတယ်။