မာတိကာဆီ ကျော်သွား

ဘယ်ဘက်အပေါ်– ပြပွဲမှာ ရှင်းပြနေတဲ့ ဂါနာဌာနခွဲရုံးက ကိုယ်စားလှယ်တစ်ဦး။ ဘယ်ဘက်အောက်– ဂါနာနိုင်ငံ အက်ကရာ အမျိုးသားပြတိုက်။ ညာ– အထူးပြပွဲမှာ ခင်းကျင်းပြသထားရာများ

၂၀၂၄ ခုနှစ်၊ ဇွန် ၁၉ ရက်
ဂါနာ

ယေဟောဝါသက်သေတွေရဲ့ ဘာသာပြန်လုပ်ငန်းအကြောင်း ဂါနာ အမျိုးသားပြတိုက်မှာ ပြသ

ယေဟောဝါသက်သေတွေရဲ့ ဘာသာပြန်လုပ်ငန်းအကြောင်း ဂါနာ အမျိုးသားပြတိုက်မှာ ပြသ

“ဂါနာ တိုင်းရင်းသားဘာသာစကားတွေနဲ့ စာတတ်မြောက်ရေး၊ ကျမ်းစာပညာပေး အစီအစဉ်” လို့ ခေါင်းစဉ်ပေးထားတဲ့ အထူးပြပွဲတစ်ခုကို ဂါနာနိုင်ငံ အက်ကရာ အမျိုးသားပြတိုက်မှာ ၂၀၂၄၊ ဧပြီ ၁၁ ကနေ ဇွန် ၁၁ ရက်အထိ ကျင်းပခဲ့တယ်။ ပြပွဲကို ဧည့်သည် ၁,၃၀၀ ကျော် လာရောက်ကြည့်ရှုတယ်။

အရင်တုန်းက ဂိုးလ်ကို့စ်လို့ခေါ်တဲ့ ဂါနာနိုင်ငံမှာ ယေဟောဝါသက်သေတွေဟာ ကျမ်းစာအခြေပြုစာပေတွေကို ၁၉၃၇ ခုနှစ်မှာ စတင်ဘာသာပြန်ခဲ့တယ်။ ဒီနေ့အချိန်မှာတော့ ဂါနာဌာနခွဲရုံးက ဂါနာတိုင်းရင်းသားဘာသာစကား ၁၂ မျိုးနဲ့ စာပေတွေကို ဘာသာပြန်နေပါတယ်။ ပြခန်းမှာ ဗီဒီယိုတွေ၊ စာပေတွေနဲ့ ယေဟောဝါသက်သေတွေရဲ့ သမိုင်းကြောင်းကိုလည်း ခင်းကျင်းပြသထားတယ်။ jw.org မှာတင်ထားတဲ့ အကြောင်းအရာတွေကို အလွယ်တကူ ရှာဖွေနိုင်ပုံကိုလည်း ရှင်းပြထားတယ်။

ဂါနာအမျိုးသားပြတိုက်၊ ဂါနာတက္ကသိုလ် ပါမောက္ခ လေးဦးအဖွဲ့နဲ့ ယေဟောဝါသက်သေ ဂါနာဌာနခွဲရုံးက ပြပွဲကို စီစဉ်ခဲ့တာဖြစ်တယ်။ ဂါနာအစိုးရက စာတတ်မြောက်ရေး၊ ဂါနာတိုင်းရင်းသား ဘာသာစကားတွေနဲ့ ဘာသာပြန်ဆိုမှု တိုးတက်ရေးကို လုပ်ဆောင်နေကြတာဖြစ်လို့ အဲဒီပါမောက္ခတွေက ယေဟောဝါသက်သေတွေရဲ့ ဘာသာပြန်နည်းလမ်းကို လာရောက်လေ့လာခဲ့ကြတယ်။ သူတို့ရဲ့ သုတေသနပြုမှု အပိုင်းတစ်ခုအနေနဲ့ ပါမောက္ခတစ်ဦးဖြစ်သူ အရာဘာ အိုစေ-တူတူက အမေရိကန်၊ ဝေါဝစ်မှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ ကမ္ဘာ့ဌာနချုပ်ကို သွားလည်ပတ်ခဲ့တယ်။ အဲဒီအပြင် ပါမောက္ခတွေဟာ ဂါနာ ဌာနခွဲရုံးကိုလည်း လည်ပတ်ကြည့်ရှုခဲ့ကြတယ်။

ဘယ်– ပါမောက္ခ အရာဘာ အိုစေ-တူတူ ဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောနေစဉ်။ ညာ– ဂါနာတိုင်းရင်းသား ဘာသာစကားတွေနဲ့ စာပေတွေ ပြသထား

ဖွင့်ပွဲအခမ်းအနားမှာ ပါမောက္ခ အိုစေ-တူတူ ဒီလိုဆိုတယ်– “ယေဟောဝါသက်သေတွေဟာ ဒေသခံဘာသာစကားတွေအတွက် စာတတ်မြောက်ရေးလုပ်ငန်းမှာ အဓိကနေရာကနေ ပါဝင်နေကြပါတယ်။ . . . ဒီလုပ်ငန်းမှာ ပါဝင်ကူညီနေကြသူ အားလုံးကို ကျေးဇူးတင်ကြောင်း တစ်ပါတည်း ပြောလိုပါတယ်။”

ပြပွဲကို လည်ပတ်ကြည့်ရှုပြီးနောက် ဝင်နီဘာ ပညာရေးတက္ကသိုလ် ပါမောက္ခ ယော ဆကီ-ဘေဒူ အခုလိုပြောတယ်– “ယေဟောဝါသက်သေတွေကို ပညာပေးသူတွေအဖြစ် သတ်မှတ်ထားတာပါ။ ဒါပေမဲ့ သူတို့ရဲ့ ဘာသာပြန်လုပ်ငန်းကို မြင်လိုက်ရတဲ့အခါ တကယ့်ကို အံ့ဩသွားတယ်ဗျာ။”

ဂါနာတက္ကသိုလ် ပါမောက္ခများ၊ ဂါနာ အမျိုးသားပြတိုက် တာဝန်ရှိသူများ၊ တခြားပညာရေးဝန်ထမ်းများနဲ့အတူ ပြပွဲမှာ ပါဝင်ကူညီခဲ့ကြတဲ့ ညီအစ်ကို/မတချို့

ဂါနာနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ဒီလိုဆိုတယ်– “ကိုယ့်ဒေသမှာ လုပ်ဆောင်နေတဲ့ ယေဟောဝါသက်သေတွေရဲ့ ပညာပေးလုပ်ငန်းကို အကောင်းမြင်ပေးပြီး အသိအမှတ်ပြုပေးလို့ ကျွန်တော်တို့ ဝမ်းသာတယ်။ လူမျိုးအသီးသီးကလူတွေ ယေဟောဝါအကြောင်းသိအောင် ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးတယ်ဆိုတာ ထင်ရှားတယ်။”—ယောဟန် ၁၇:၃