ဧပြီ ၂၄၊ ၂၀၁၇
ဂျပန်
ဂျပန်မှာ ငလျင်လှုပ်ပြီးတဲ့နောက် ယေဟောဝါသက်သေ စေတနာ့ဝန်ထမ်းတွေက အိမ်ပေါင်း ၃၀၀ ကျော် ပြုပြင်ပေးခဲ့
အဲဘီနာ၊ ဂျပန်—၂၀၁၆၊ ဧပြီ ၁၄ နဲ့ ၁၆ ရက်မှာ ဂျပန်နိုင်ငံ၊ ကူမာမိုတိုမှာ လှုပ်ခဲ့တဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ယုံကြည်သူချင်းတွေရဲ့ အိမ်ပေါင်း ၃၄၈ လုံးကို ဂျပန်က ယေဟောဝါသက်သေတွေ ပြုပြင်ဆောက်လုပ်ပြီးခဲ့ပြီ။ ၂၀၁၆၊ ဇူလိုင်လကနေ ၂၀၁၇၊ မတ်လအထိ ကြာတဲ့ ဒီကယ်ဆယ်ရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းမှာ စေတနာ့ဝန်ထမ်း ၁၅,၀၀၀ ကျော်ပါဝင်ခဲ့တယ်။
ဒီငလျင်ကြောင့် သက်သေခံတစ်ယောက်မှ သေဆုံးတာ မရှိပေမဲ့ ၁၁၉ ယောက်ကတော့ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာခဲ့ရတယ်။ အိမ်တွေကို စေတနာ့ဝန်ထမ်းတွေ ရှင်းလင်းပေးနေတုန်း သူတို့ကို ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာနေရာဖြစ်တဲ့ နိုင်ငံတော်ခန်းမ ၁၅ လုံးမှာ တည်းခိုစေခဲ့တယ်။
၂၀၁၆၊ ဇူလိုင် ၂၅ ကစပြီး သက်သေခံ ဆောက်လုပ်ရေးလုပ်သားတွေဟာ ငလျင်ဒဏ်ခံရတဲ့ အိမ်တွေက အက်ရာတွေ၊ ကြမ်းခင်းတွေ၊ အတွင်းနံရံ၊ အမိုးနဲ့ ရေပိုက်လိုင်းတွေကို ပြုပြင်ပေးခဲ့ကြတယ်။ တံခါးတွေ၊ ပြတင်းပေါက်တွေနဲ့ လေအေးပေးစက်တွေကိုလည်း လဲလှယ်တပ်ဆင်ပေးခဲ့ကြတယ်။
ဂျပန် ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အငြိမ်းစား အရာရှိတစ်ဦးဖြစ်သူ မစ္စတာ မီနိုရူ ကိုနို ဟာ ယေဟောဝါသက်သေတွေရဲ့ ကယ်ဆယ်ရေးလုပ်ငန်းကို တွေ့ပြီး ဒီလိုပြောတယ်- “ကျွန်တော့်အလုပ်မှာ အရေးကြီးဆုံးက အသက်ကယ်ဖို့ အမြန်ဆုံး လုပ်ရတာပဲ။ ယေဟောဝါသက်သေတွေဟာ ကူမာမိုတိုငလျင်ပြီးနောက် အဲဒီလို လုပ်ခဲ့ကြတယ်၊ ဘေးသင့်တဲ့ နေရာက ငလျင်ဒဏ်ခံရသူတွေကို ချက်ချင်း ကူညီပေးကြတယ်။ ကယ်ဆယ်ရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းကို သက်သေခံတွေ စလုပ်ကြတော့လည်း ဂျပန်နိုင်ငံတစ်ဝန်းလုံးကနေ ဆောက်လုပ်ရေး ကျွမ်းကျင်သူတွေ ရောက်လာတာ တွေ့လို့ ကျွန်တော် အံ့သြသွားတယ်။ သက်သေခံ စေတနာ့ဝန်ထမ်းတွေက တကယ့်ကို အားကြိုးမာန်တက် အလုပ်လုပ်တဲ့သူတွေပဲ။”
ဂျပန်နိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ပြောရေးဆိုခွင့်ရှိသူ အိချီကီ မာစုနာဂါ က “လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ထောင်နဲ့ချီတဲ့ ငလျင်ဘေးသင့်သူတွေနဲ့အတူ ကျွန်တော်တို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်နေပါတယ်။ ဒီသဘာဝဘေး ကြုံရပြီးနောက် ယုံကြည်သူချင်းတွေပေးတဲ့ လက်တွေ့ကျ အကူအညီတွေဟာ ကျွန်တော်တို့ကို တန်ဖိုးမဖြတ်နိုင်တဲ့ နှစ်သိမ့်မှုနဲ့ ခွန်အား ရရှိစေပါတယ်။”
သတင်းအချက်အလက် ဆက်သွယ်ရန်-
နိုင်ငံတကာ- David A. Semonian, Office of Public Information, +1-845-524-3000
ဂျပန်- Ichiki Matsunaga, +81-46-233-0005