မာတိကာဆီ ကျော်သွား

မြောက်ပိုင်း ရိုင်း-ဝက်​စ်ဖာလီ​ယား​ပြည်နယ် အဓိပတိ​ရုံး

အောက်တိုဘာ ၁၀၊ ၂၀၁၇
ဂျာမနီ

ဂျာမနီ​က ယေဟောဝါ​သက်သေတွေကို အမြင့်ဆုံး ဥပဒေ​အဆင့် တရားဝင် အသိအမှတ်ပြု

ဂျာမနီ​က ယေဟောဝါ​သက်သေတွေကို အမြင့်ဆုံး ဥပဒေ​အဆင့် တရားဝင် အသိအမှတ်ပြု

၂၆ နှစ်​ကျော် တရား​ရင်ဆိုင်​ရပြီး​နောက် ဂျာမနီ​နိုင်ငံက ယေဟောဝါ​သက်သေတွေဟာ ပြည်တွင်း​က ဘာသာ​ကြီး​တွေ​လို​ပဲ တရားဝင် အသိအမှတ်ပြု​ခံရ​ပါတယ်။ ၂၀၁၇၊ ဇန်နဝါရီ​လမှာ မြောက်ပိုင်း ရိုင်း-ဝက်​စ်ဖာလီ​ယား​ပြည်နယ်​ဟာ ဂျာမန်​ပြည်နယ် ၁၆ ခု​ထဲမှာ ယေဟောဝါ​သက်သေတွေကို ပြည်​သူ့ ဥပဒေ​အဆင့် (ပြည်နယ်) အသိအမှတ်​ပြုတဲ့ နောက်ဆုံး​ပြည်နယ် ဖြစ်တယ်။ ဂျာမနီမှာ ယေဟောဝါသက်သေတွေ ရှိနေတာ အနှစ် ၁၀၀ ကျော်ပြီ ဖြစ်တဲ့​အပြင် သက်သေခံတွေရဲ့ ပြည်တွင်း​ဌာနချုပ်၊ ထောင်နဲ့​ချီတဲ့ အသင်းတော်​တွေ ရှိနေပေမဲ့​လည်း ဆုံးဖြတ်ချက်​က သက်သေခံတွေ​အတွက် အရေးပါ​တယ်။ အခု ယေဟောဝါ​သက်သေတွေဟာ ဂျာမန်​ပြည်နယ်​အားလုံးမှာ အသိအမှတ်ပြု​ခံရပြီ​မို့ (နိုင်ငံတော်) ဘာသာရေး အဖွဲ့အစည်း​တစ်ခု​အဖြစ် သတ်မှတ်​ခံရပြီး အဲဒီကနေ အကျိုးကျေးဇူးတွေ ခံစားရ​ပါတော့မယ်။

ပြည်နယ်​အသိအမှတ်ပြု​ခံရဖို့ အချိန်အတော်ကြာ ကြိုးစား​ခဲ့​ရ

၁၉၂၁ ခုနှစ်မှာ၊ ဂျာမနီ​နိုင်ငံ ဥပဒေ​အရ ယေဟောဝါသက်သေတွေ ပထမဆုံး မှတ်ပုံတင်​ခဲ့တယ်။ ဂျာမနီ ပြန်လည်​ပေါင်းစည်း​တဲ့ ၁၉၉၀ ပြည့်နှစ်​နောက်ပိုင်းမှာ ပြည်နယ်မှာ အသိအမှတ်ပြု​ခံရ​မှ​သာ ဘာသာရေး အဖွဲ့အစည်း​တွေ အကျိုး​ရရှိ​မှာ ဖြစ်တဲ့အတွက် ယေဟောဝါသက်သေတွေ​လည်း အသိအမှတ်ပြု​ခံရဖို့ လျှောက်ခဲ့​ကြတယ်။

ဘာသာရေး​အသင်းအဖွဲ့​တစ်ခု ပြည်​သူ့​ဥပဒေ ကော်ပိုရေးရှင်း​အဖြစ် နိုင်ငံ​အတွင်းမှာ မှတ်ပုံတင်​နိုင်ဖို့ အရင်ဆုံး ကိုယ့်​ပြည်နယ်မှာ အသိအမှတ်ပြု​ခံရအောင် လုပ်ဆောင်ဖို့ ဥပဒေက တောင်းဆို​ထားတယ်။ ဒါကြောင့် ဂျာမန်​ပြည်နယ် ၁၅ ခု​မှာ လျှောက်လွှာ တင်​ကြ​ရပါမယ်။ ၁၉၉၀ ပြည့်နှစ်မှာ ဂျာမနီ​နိုင်ငံက ယေဟောဝါ​သက်သေ​များ အသင်းအဖွဲ့​ဟာ ဥပဒေပြု​တောင်းဆိုတဲ့ ဘာလင်​ပြည်နယ်မှာ ပထမဆုံး လျှောက်ထား​ကြတယ်။ တခြား​ဘာသာရေး အသင်းအဖွဲ့​အများစုက တစ်နှစ်၊ နှစ်နှစ်​အတွင်း ပြည်နယ်​အသိအမှတ်ပြု​ခံရပေမဲ့ ဘာလင်​အစိုးရက ယေဟောဝါ​သက်သေတွေကို​တော့ နှစ်ပေါင်းများစွာ မပေး​ဘဲ ငြင်းဆို​ခဲ့​ကြတယ်။ အစိုးရရဲ့ အကြောင်းပြချက်​တစ်ခုက ယေဟောဝါသက်သေတွေ မဲ​မ​ထည့်တဲ့​အတွက်​လို့ ဆိုပါ​တယ်။ ဒါပေမဲ့ အဲဒီ​အကြောင်းပြချက်​က ယုတ္တိမရှိ​ဘူး။ အကြောင်းကတော့ ဥပဒေ​မှာ ဂျာမန်​ပြည်သူတွေ မဖြစ်​မနေ မဲ​ထည့်​ရမယ်လို့ မတောင်းဆို​ထား​ဘဲ ကိုယ့်​စိတ်ဆန္ဒ​အရသာ မဲ​ထည့်​ဖို့ တောင်းဆို​ထားလို့ပါ​ပဲ။

နောက်ဆုံး၊ ဒီ​ကိစ္စ တရားရုံး ရောက်လာတယ်။ ၂၀၀၅၊ မတ် ၂၄ ရက်မှာ ဘာလင် အထက်​တရားရုံး​က ဂျာမနီမှာ​ရှိတဲ့ ယေဟောဝါ​သက်သေတွေကို “ပြည်​သူ့ ဥပဒေ​အသိအမှတ်ပြု ကော်ပိုရေးရှင်း” တစ်ခု​အဖြစ် အသိအမှတ်ပြု​ဖို့ စီရင်ချက်ချ​ခဲ့တယ်။ တစ်နှစ်​ကြာပြီးနောက် ဘာလင်​ပြည်နယ်​က တင်းမာမှု လျော့နည်း​လာပြီး ယေဟောဝါ​သက်သေတွေကို ပြည်​သူ့ ဥပဒေ​အဆင့် ပေးခဲ့တဲ့​အတွက် ဘာလင်​အစိုးရ​နဲ့ ၁၆ နှစ်​ကြာ တရား​ရင်ဆိုင်​မှု အဆုံးတိုင်​သွားပါ​တယ်။

အဲဒီနောက် ယေဟောဝါ​သက်သေတွေဟာ ကျန်ရှိ​တဲ့ ဂျာမန်​ပြည်နယ် ၁၅ ခု​မှာ ပြည်နယ် အသိအမှတ်ပြု​ခံရဖို့ လျှောက်ထား​ခဲ့​ကြတယ်။ ၂၀၀၉ ခုနှစ်မှာ ပြည်နယ် ၁၁ ခု၊ နောက်​နှစ်တွေမှာ ပြည်နယ် ၃ ခု​မှာ အသိအမှတ်ပြု​ပေးခဲ့ပေမဲ့ နောက်ဆုံး​အနေနဲ့ မြောက်ပိုင်း ရိုင်း-ဝက်​စ်ဖာလီ​ယား​ပြည်နယ်မှာ​တော့ ၂၀၁၇၊ ဇန်နဝါရီ ၂၇ ကျ​မှ ယေဟောဝါ​သက်သေတွေကို အသိအမှတ်ပြု​ပေးခဲ့တယ်။ ဂျာမနီမှာ​ရှိတဲ့ တခြား ဘာသာရေး အဖွဲ့အစည်း​တွေ ရ​သလို ယေဟောဝါသက်သေတွေ​လည်း ပြည်နယ် အသိအမှတ်ပြု​ခံရအောင် မဆုတ်မနစ် ကြိုးစား​ခဲ့​တဲ့​အတွက် ၂၆ နှစ်​ကြာ တရားရေး​ရင်ဆိုင်​မှု အဆုံးတိုင်​သွားပါ​တယ်။

နိုင်ငံတော် အသိအမှတ်ပြု​ခံရ​ခြင်း​ရဲ့ အကျိုးကျေးဇူးများ

အခု ဂျာမနီမှာ​ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ပြည်တွင်း​ဌာနချုပ်​နဲ့ အသင်းတော် ၂,၀၀၀ ကျော်ဟာ အသင်းအဖွဲ့​တစ်ခု​အနေနဲ့ လုပ်ကိုင်​ဆောင်ရွက်​နိုင်​ပါပြီ။ အရင်တုန်းက အသင်းတော်​တစ်ခုကို သီးခြား​ဘာသာရေး အဖွဲ့​တစ်ခုလို့ ရှုမြင်​ကြတယ်။ ဒါကြောင့် အသင်းတော်​တစ်ခု​အနေနဲ့ ပြည်နယ်​ဥပဒေ​အောက်မှာ ရှိပြီး နှစ်စဉ်​မှတ်တမ်း ပို့​ခဲ့​ရတယ်၊ အခွန်ဆောင်​ခဲ့​ရတယ်။ အသင်းတော်မှာ အကြီးအကဲ ပြောင်းလဲ​တာ၊ မြေယာ​အဆောက်အအုံ ဝယ်ယူ​တာ၊ အသင်းတော် နာမည်သစ် ပေးတာ၊ အသင်းတော် ပေါင်း​တာတွေကို အစိုးရ​ဆီ အစီရင်ခံစာ တင်​ခဲ့​ရတယ်။ အရင်တုန်းက အကြီးအကဲ​တွေဟာ အဲဒီလို​ကိစ္စ​တွေ ဆောင်ရွက်ဖို့ အားအင်​တွေ၊ အချိန်တွေ အများကြီး သုံးခဲ့​ရပေမဲ့ အခုတော့ အသင်းတော်တွေကို ပိုပြီး ကြည့်ရှု​စောင့်ရှောက် ပေးနိုင်​ကြပြီ။ ပြည်နယ်​အသိအမှတ်​ပြုခြင်း မခံရ​ခင်​တုန်း​က အစီရင်ခံစာ တင်တဲ့​အလုပ် အဆင့်ဆင့်​အတွက် အသင်းတော်​တွေ​အနေနဲ့ ကုန်ကျ​စရိတ်​တွေ​လည်း ပေးခဲ့​ရတယ်။ အသင်းတော်​တစ်ခုက သက်တမ်းကြာ အကြီးအကဲ​တစ်ယောက်က ဒီလို​ပြောပါ​တယ်– “အခုတော့ အသင်းတော် အမှုဆောင်​လုပ်ငန်းကို ထောက်ပံ့​ပေးဖို့ အလှူငွေတွေကို လွတ်လွတ်လပ်လပ် သုံးနိုင်​ပြီ။”

နိုင်ငံတော် အသိအမှတ်​ပြုတဲ့ အဆင့်​ကို မရ​ခင်​တုန်း​က ဂျာမနီ​နိုင်ငံမှာ သက်သေခံ ၂၇၄,၀၀၀ နီးပါး​နဲ့ သူတို့ရဲ့ အပေါင်းပါ​တွေဟာ အစည်းအဝေးတွေကို တက်ရောက်​နေကြတာ​တောင် ယေဟောဝါ​သက်သေတွေကို ဘာသာရေး အသင်းအဖွဲ့​တစ်ခု​အဖြစ် မသတ်မှတ်​ခဲ့​ကြဘူး။ ယေဟောဝါသက်သေတွေရဲ့ ပြည်တွင်း​ဌာနချုပ်​က ရှေ့နေ အာမင် ပီ​ကယ် ဒီလို​ပြောတယ်– “ပြည်​သူ့​ဥပဒေ​အရ ကော်ပိုရေးရှင်း​တစ်ခု​အနေနဲ့ အသိအမှတ်ပြု​ခံရဖို့ ၂၆ နှစ်​ကျော်​ကြာ တရားရုံး​တက် ကြိုးစား​နေချိန်​အတွင်းမှာ မီဒီယာတွေ​က ကျွန်တော်တို့ ဘာသာ​နဲ့​ပတ်သက်ပြီး အပတ်​တိုင်း​လို​လို မဟုတ်မမှန် သတင်းတွေ၊ ရှုတ်ချ​တဲ့ သတင်းတွေ ထုတ်လွှင့်​ခဲ့​ကြတယ်။ အခုတော့ မဟုတ်မမှန် သတင်းတွေ၊ ရှုတ်ချ​တဲ့ သတင်းတွေ နည်း​သွားပါပြီ။” သက်တမ်းကြာ သက်သေခံ ဗာနာ ရု​ကီ ဒီလို​ပြောတယ်– “ပြည်​သူ့ ဥပဒေ ကော်ပိုရေးရှင်း​အဆင့် ရ​ချင်တဲ့ ဘာသာရေး အသင်းအဖွဲ့​တစ်ခုဟာ နည်းလမ်း​တိုင်းမှာ တရား​ဥပဒေ​နဲ့​အညီ ဖြစ်ရတဲ့​အတွက် သက်သေခံတွေကို မတရား မမှန်မကန် စွပ်စွဲချက်တွေ ပြန်​ချေပ​နိုင်ပြီ။” အရင်တုန်းက ကျောင်းတက်​တဲ့ ကလေးတွေ ကြုံရတဲ့ စိန်ခေါ်ချက်တွေ​နဲ့​ပတ်သက်ပြီး သက်သေခံ ပက်​ထ​ရာ​က ဒီလို​ပြောတယ်– “ဒီလို အသိအမှတ်ပြု​ခံရ​တာ ကျောင်းတက်​နေတဲ့ ကလေးတွေ​အတွက် တကယ် အကျိုးပြု​တယ်။ သက်သေခံတွေဟာ ဘာသာရေး​အသင်းအဖွဲ့ မဟုတ်ဘူး၊ “ဂိုဏ်း” တစ်ခု​ပဲ​လို့ မဟုတ်မမှန် စွပ်စွဲချက်တွေ​ကြောင့် ဆရာ/မ​တွေ​က သက်သေခံ​ကလေးတွေကို ခွဲခြား​ဆက်ဆံ​ခဲ့​ကြတယ်။”

ဂျာမနီ​အစိုးရက ယေဟောဝါသက်သေတွေရဲ့ ဘာသာရေး လုပ်ဆောင်မှုတွေကို နိုင်ငံတော် အသိအမှတ်ပြု​ဘာသာ​အဖြစ် သတ်မှတ်​ပေးခဲ့လို့ ယေဟောဝါသက်သေတွေ ကျေးဇူး​တင်ကြပါ​တယ်။ ဒီလို အသိအမှတ်ပြု​ပေးလို့ အရင်တုန်းက ရင်ဆိုင်ခဲ့​ရတဲ့ စိန်ခေါ်ချက်​တချို့ကို လျော့ပါး​သက်သာ​စေပြီး တစ်ဦးချင်း​စီ​အနေနဲ့​ရော၊ ဘာသာရေး​အသင်းအဖွဲ့​အနေနဲ့​ပါ အကျိုး​ရရှိ​ကြမယ်​လို့ သက်သေခံတွေ မျှော်လင့်​ကြပါတယ်။