၂၀၂၃ ခုနှစ်၊ မေ ၁၇ ရက်
ဂျာမနီ
ဖလိုစန်ဘာ့ခ် ချွေးတပ်စခန်းမှာ ယေဟောဝါသက်သေတွေကို ဂုဏ်ပြုတဲ့ ကမ္ပည်းမော်ကွန်း တပ်ဆင်
ဂျာမနီနိုင်ငံ၊ ဘဗားရီးယားမြို့က ဖလိုစန်ဘာ့ခ် ချွေးတပ်စခန်းမှာ ထောင်ကျရင်း သေဆုံးသွားတဲ့ ယေဟောဝါသက်သေတွေကို အောက်မေ့တဲ့အနေနဲ့ ၂၀၂၃၊ ဧပြီ ၂၂ ရက်မှာ ကမ္ပည်းမော်ကွန်းတပ်ဆင်ခြင်း အခမ်းအနား ကျင်းပခဲ့ပါတယ်။ ယေဟောဝါသက်သေတွေအတွက် အောက်မေ့ရာ ကမ္ပည်းမော်ကွန်း တပ်ဆင်ပေးတဲ့ ကိုးခုမြောက် ချွေးတပ်စခန်းပါ။
ဖလိုစန်ဘာ့ခ်နဲ့ အနီးတစ်ဝိုက် ချွေးတပ်စခန်းတွေမှာ ယေဟောဝါသက်သေအယောက် ၁၀၀ ကျော် အကျဉ်းကျခဲ့တယ်။ အကျဉ်းကျသူတွေရဲ့ မိသားစုဝင်တချို့လည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့တယ်။ တက်ရောက်သူ ညီအစ်ကိုတစ်ယောက် အခုလို ပြောတယ်– “ဒီနေရာမှာ မတွေးရဲလောက်အောင် ရက်စက်လွန်းတာတွေ ဖြစ်ခဲ့တာ။ အဲဒါတွေကို တွေးပြီး ဝမ်းနည်းမိပေမဲ့ ညီအစ်ကိုတွေရဲ့ သစ္စာသမာဓိကိုလည်း ပြန်စဉ်းစားမိတယ်။ ဒါကြောင့် ဒီအခမ်းအနားဟာ သိက္ခာရှိပြီး ပျော်စရာကောင်းတဲ့ အခါသမယ ဖြစ်ခဲ့ပါတယ်။”
ဖလိုစန်ဘာ့ခ် ချွေးတပ်စခန်း အောက်မေ့ရာ အခမ်းအနား စီစဉ်သူ ပါမောက္ခ ဂျော့ စကီဘလီက အခုလို မိန့်ခွန်းပြောကြားခဲ့တယ်– “နာဇီတွေ အာဏာစသိမ်းတဲ့ ၁၉၃၃၊ မတ်လနောက်ပိုင်း ဦးဆုံးပိတ်ပင်ခံရတဲ့ ဘာသာရေးအဖွဲ့ဟာ ယေဟောဝါသက်သေတွေပါ။ . . . ချွေးတပ်စခန်းထဲမှာ ကြံ့ကြံ့ခံရပ်တည်နိုင်အောင်၊ အသက်ဆက်ရှင်နိုင်အောင် သူတို့ကို ကူညီပေးတာ သူတို့ရဲ့ ယုံကြည်ခြင်းပါ။ ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ခြင်းက တခြားသူတွေကိုတောင် စိတ်ဓာတ်ခွန်အား ပေးခဲ့တာ။”
ဂျာမနီနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ပြောရေးဆိုခွင့်ရှိသူ ညီအစ်ကို ဝေါဖရမ် ဆလူပီနာ က ပရိသတ်ကို အခုလိုပြောကြားတယ်– “ချွေးတပ်စခန်းမှာ နှိပ်စက်ခံခဲ့ရတဲ့ ယေဟောဝါသက်သေတွေရဲ့ သမိုင်းကြောင်းဟာ ဂျာမနီနိုင်ငံရဲ့ အမှောင်မိုက်ဆုံးအချိန်အတွင်း ကိုယ့်ယုံကြည်ချက်ကို မစွန့်လွှတ်ခဲ့သူတွေရဲ့ သမိုင်းကြောင်းပါ။ ဒါကို မေ့ပစ်လို့ ဘယ်ဖြစ်မလဲ။”
ချွေးတပ်စခန်းမှာ နှိပ်စက်သတ်ဖြတ်ခံခဲ့ရတဲ့ သစ္စာရှိ ညီအစ်ကို၊ ညီအစ်မတွေကို “အောက်မေ့ရာစာစောင်” ထဲ ဘုရားသခင် ရေးမှတ်ထားတယ်ဆိုတာ ကျွန်တော်တို့ စိတ်ချယုံကြည်ပါတယ်။—မာလခိ ၃:၁၆။