ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉
ဂျာမနီ
ယေဟောဝါသက်သေတွေကို နာဇီတွေ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း မြူးနစ်ပြခန်းက မီးမောင်းထိုးပြ
မြူးနစ် ဆိုရှယ်လစ်သမိုင်း ဗဟိုမှတ်တမ်းရုံးက ၂၀၁၈၊ စက်တင်ဘာ ၂၆ ကနေ ၂၀၁၉၊ ဇန်နဝါရီ ၆ အထိ အထူးပြခန်းတစ်ခု ဖွင့်လှစ်ပြသခဲ့တယ်။ နာဇီခေတ်တုန်းက ယေဟောဝါသက်သေတွေ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာကို ပြည်သူလူထု သိမြင်လာစေဖို့ ဖြစ်တယ်။ ဗဟိုမှတ်တမ်းရုံးက အရင်နာဇီပါတီ ဌာနချုပ်မြေကွက်မှာပဲ တည်ရှိတယ်။
မြူးနစ် ယဉ်ကျေးမှုအကြံပေး ဒေါက်တာ ဟန်ဂျော့ ကူးပါးက ပြခန်းဖွင့်လှစ်ရတဲ့ အကြောင်းရင်းကို ဖွင့်ပွဲအခမ်းအနားမှာ ဒီလိုပြောခဲ့တယ်– “ဒီပြခန်းက အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါသက်သေတွေဟာ နာဇီအုပ်ချုပ်ချိန်မှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရကြတာကို နှစ်အတော်ကြာတဲ့အထိ လူတွေ မသိကြဘူး။ . . . သူတို့တွေအကြောင်း ပြည်သူလူထု သိစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြခန်းဖွင့်တာပါ။”
နာဇီခေတ်အတွင်း နှိပ်စက်ညှဉ်းပန်းမှု ကြုံခဲ့ရတဲ့ မြူးနစ်က ညီအစ်ကိုတွေရဲ့ သမိုင်းမှတ်တမ်းကို ပြကွက် ၆၀ နဲ့ ပြသထားတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိ၊ သစ္စာစောင့်သိမှုနဲ့ လွတ်မြောက်မှုတွေအကြောင်း ပါတယ်။ ပြကွက်တစ်ခုက မာတင်နဲ့ ဂါထရွတ် ပေါ့ဇင်ဂါတို့အကြောင်း ဖြစ်တယ်။ လက်ထပ်ပြီး လအနည်းငယ်အကြာမှာ နှစ်ယောက်စလုံး အဖမ်းခံရပြီး ချွေးတပ်စခန်း တစ်နေရာစီ အပို့ခံရတယ်။ ကိုးနှစ်ကြာတဲ့အထိ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ခဲ့ရဘူး။ နှစ်ယောက်စလုံး အသက်ရှင် လွတ်မြောက်ခဲ့ကြတယ်။ နောက်ပိုင်း ညီအစ်ကို ပေါ့ဇင်ဂါက ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်အဖြစ် အမှုဆောင်ခဲ့တယ်။
နောက်ပြကွက်တစ်ခုမှာ ညီအစ်မ သရေး ကူနာရဲ့ ဇာတ်ကြောင်းကို ဖော်ပြထားတယ်။ ၁၉၂၉ ခုနှစ်မှာ အဲဒီတုန်းက အပြည်ပြည်ဆိုင်ရာ ကျောင်းစာကျောင်းသားတွေလို့ သိကြတဲ့ ယေဟောဝါသက်သေတစ်ယောက် ဖြစ်လာတယ်။ ဂျာမနီနိုင်ငံမှာ ယေဟောဝါသက်သေတွေကို ပိတ်ပင်လိုက်တဲ့အခါ ဘာသာရေးအစည်းအဝေးတွေကို ညီအစ်မ ကူနာရဲ့ အိမ်မှာ လျှို့ဝှက် ကျင်းပခဲ့ကြတယ်။ စာပေတွေကို လက်လှည့်ပုံနှိပ်စက်နဲ့ လျှို့ဝှက် ပုံနှိပ်ခဲ့တယ်။ ညီအစ်မရဲ့ လုပ်ရပ်တွေကို နာဇီတွေ သိသွားတဲ့အခါ အဖမ်းခံရပြီး “နိုင်ငံတော်ကို ပုန်ကန်တဲ့စာပေ၊ စစ်ဆန့်ကျင်ရေး စာပေ ထုတ်ဝေမှု” နဲ့ တရားစွဲဆိုခဲ့တယ်။ ညီအစ်မ ကူနာဟာ အသက်ဘေးနဲ့ ကြုံရတာတောင် သစ္စာမပျက်ဘဲ ၁၉၄၄၊ အောက်တိုဘာ ၆ ရက်နေ့မှာ ကွပ်မျက်ခံခဲ့ရတယ်။
နောက်ပြကွက်တွေမှာတော့ ဟစ်တလာကို အလေးပြုဖို့ ငြင်းဆိုခဲ့တဲ့ ညီအစ်ကိုတွေရဲ့ နိုင်ငံရေးကြားနေမှုတွေကို ဖော်ပြထားတယ်။ အဲဒီအတွက်ကြောင့် ညီအစ်ကိုတွေ မုန်းတီးခံရပြီး နာဇီခေတ်အတွင်း အထူးပစ်မှတ် ဖြစ်ခဲ့ကြတယ်။
ဟစ်တလာက ယေဟောဝါသက်သေတွေကို ချေမှုန်းပစ်မယ်လို့ ၁၉၃၄ ခုနှစ်မှာ သစ္စာဆိုခဲ့တယ်။ “ဒီအုပ်စုကို ဂျာမနီမှာ သုတ်သင်ဖယ်ရှားပစ်မယ်” လို့ ကြုံးဝါးခဲ့တယ်။ ဟစ်တလာရဲ့ ဆိုးညစ်တဲ့ အကြံအစည်ကြောင့် ယေဟောဝါသက်သေတွေဟာ ရက်စက်ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံရပ်ခဲ့ကြတယ်။ အခု ဂျာမနီနိုင်ငံမှာ ဟစ်တလာနဲ့ သူ့ရဲ့ပါတီတော့ မရှိတော့ဘူး။ ကျွန်တော်တို့ ညီအစ်ကိုတွေကတော့ ၁၆၅,၀၀၀ ကျော် ရှိနေပါပြီ။ ဆင်းရဲဒုက္ခရောက်နေချိန်မှာ “စိတ်ပျက်ရမှာ မဟုတ်” တဲ့ မျှော်လင့်ချက် ပေးခဲ့လို့ ယေဟောဝါကို ကျေးဇူးတင်ပါတယ်။—ရောမ ၅:၃-၅။