၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄
ဂျာမနီ
လူငယ်တွေကို ပညာပေးဖို့ ကြိုးပမ်းလုပ်ဆောင်မှုအတွက် ဆီမွန် အာနယ် လိဘ်စတာ ဂျာမနီနိုင်ငံရဲ့ အမြင့်ဆုံးဆု ချီးမြှင့်ခံရ
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်မှာ အသက် ၉၃ နှစ်အရွယ် ညီအစ်မ ဆီမွန် အာနယ် လိဘ်စတာဟာ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံက ပေးအပ်တဲ့ စွမ်းရည်ဆိုင်ရာ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရတယ်။ ဒီဆုဟာ အများအကျိုး ရွပ်ရွပ်ချွံချွံ သယ်ပိုးသူတွေကို ချီးမြှင့်တဲ့ အမြင့်ဆုံးဆုပါပဲ။ ပြင်သစ်၊ ချမ်ဘရီမြို့က အခမ်းအနားမှာ ကောင်စစ်ဝန်ချုပ် သောမတ် ပရပ်စတိုက ဆုချီးမြှင့်ခဲ့တာပါ။ နာဇီအစိုးရရဲ့ရက်စက်မှုအကြောင်း၊ နာဇီအစိုးရကို မထောက်ခံသူတွေ မုန်းတီးခံရ၊ အကြမ်းဖက်ခံရတဲ့အကြောင်း လူတွေ အမှတ်ရအောင် ကြိုးစားလုပ်ဆောင်ခဲ့လို့ပါ။
ကျောင်းသားတွေ၊ ကျောင်းဆရာ/မတွေအပါအဝင် ၂၅ နိုင်ငံက ပရိသတ် ၆၅,၀၀၀ နီးပါး ဆီမွန်ရဲ့ ဟောပြောပွဲကို တက်ရောက်ခဲ့ကြတယ်။ အသက်အရွယ် အိုမင်းနေတာတောင် ဗီဒီယိုနဲ့ ချိတ်ဆက်ပြီး ဟောပြောနေတုန်းပဲ။ လူငယ်တွေရဲ့ မေးခွန်းကို ဖြေဆိုပေးတယ်၊ လူငယ်ဘဝတုန်းက သူ ရခဲ့တဲ့သင်ခန်းစာတွေအကြောင်း ပြောပြတယ်။ ဆီမွန်ရဲ့ ဟောပြောပွဲကို တက်ရောက်ခဲ့တဲ့ ကျောင်းသားတစ်ယောက် ဒီလိုရေးတယ်– “လူတစ်ယောက်ဟာ ကိုယ့်ယုံကြည်ချက် မှန်ကန်တယ်ဆိုတာကို အခိုင်အမာ ယုံရင် ဘယ်လောက်တောင် ကြံ့ခိုင်လာနိုင်သလဲဆိုတာ ဆီမွန်ရဲ့ ဘဝဇာတ်ကြောင်းကို ကြားပြီး သဘောပေါက်လာတယ်။”
ကောင်စစ်ဝန်ချုပ် သောမတ် ပရပ်စတိုက ဆီမွန်ကို ဆုချီးမြှင့်ရင်း အခုလိုပြောတယ်– “အတိတ်က အဖြစ်ဆိုးတွေအကြောင်း တခြားတွေကို ပြောပြရတာဆိုပေမဲ့ အဲဒီလိုပြောပြလို့ပဲ ခင်ဗျား ပိုအားတက်လာတယ်ဆို။ အံ့ဩစရာပဲဗျာ။ ပြီးတော့လည်း ကိုယ့်ဘဝဇာတ်ကြောင်းကို ဝေမျှတဲ့အခါ အမြဲတမ်း ရိုးရိုးသားသား၊ ကြင်ကြင်နာနာ ပြောပြတယ်။ အနာဂတ်မှာ ငြိမ်သက်အေးချမ်းလာမယ့်အကြောင်း ပြောပြတယ်။ အဲဒီအတွက် ခင်ဗျားကို သိပ်လေးစားမိပါတယ်။”
နာဇီခေတ်မှာ ဆီမွန်တို့မိသားစုဟာ ထောင်နဲ့ချီတဲ့ တခြားယေဟောဝါသက်သေတွေလိုပဲ ဆိုးဆိုးရွားရွား နှိပ်စက်ခံခဲ့ရတယ်။ အသက် ၁၂ နှစ်အရွယ် ဆီမွန်ဟာ အိမ်နဲ့ ခွဲပြီး ဂျာမနီနိုင်ငံ၊ ကွန်စတန်မြို့က ဗောန် ဝက်စင်ဘာ့ လူငယ်ထိန်းသိမ်းပြုပြင်ရေးကျောင်းဆီ အပို့ခံရတယ်။ နာဇီအစိုးရရဲ့အတွေးအခေါ်ကို အတင်းအဓမ္မ သွတ်သွင်းခံရပေမဲ့ ဆီမွန်က လက်မခံဘူး။ ဒါကြောင့် အရှက်ခွဲခံရတယ်၊ မဝရေစာ စားရတယ်၊ အလုပ်ကြမ်းလုပ်ရတယ်၊ နှစ်နှစ်နီးပါး စကားပြောခွင့်မရခဲ့ဘူး။ အဲဒီအချိန်အကြောင်း ပြန်တွေးကြည့်ရင် “ယေဟောဝါ ကူညီပေးလို့ ကျွန်မ ဆက်သစ္စာရှိနိုင်ခဲ့တာ” လို့ ဆီမွန် ပြောပြတယ်။
ဆီမွန်ရဲ့ သစ္စာစောင့်သိမှုအကြောင်း၊ ယေဟောဝါဘုရားကို ဆက်လက်ဂုဏ်တင်ချီးမွမ်းနေတဲ့အကြောင်း ကြားသိရလို့ ကျွန်တော်တို့ အားရှိပါတယ်။—မ ၅:၁၆။