မာတိကာဆီ ကျော်သွား

ဘယ်ဘက်ထိပ်မှစပြီး နာရီလက်တံအတိုင်း ကြည့်သွားရန်။ စင်မြင့်၊ ပရိသတ်နဲ့ စက်ကိုင်အဖွဲ့ကို မြင်ရပုံ။ အခမ်းအနားအပြီးမှာ ညီအစ်ကို ဆန်ဒါစန်က ကျန်ရစ်သူမိသားစုနဲ့ ညီအစ်ကို/မတွေကို စကားပြောနေစဉ်။ အောက်မေ့ရာအခမ်းအနား အစီအစဉ်။ ဝမ်းနည်းကြေကွဲစာနဲ့ ကတ်များ။ စင်မြင့်ပေါ်မှာ ယေဟောဝါသက်သေ ဂီတအဖွဲ့ တီးခတ်နေစဉ်။ အခမ်းအနားအပြီးမှာ ညီအစ်မငယ်တွေ တစ်ဦးကိုတစ်ဦး နှစ်သိမ့်နေစဉ်။ အခမ်းအနား စတင်ဖို့ စိတ်ပါဝင်စားစွာ စောင့်မျှော်နေတဲ့ ရဲဌာနနဲ့ မီးသတ်ဌာနက ကိုယ်စားလှယ်တွေ။

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၀ ရက်
ဂျာမနီ

ဟမ်းဘာ့ဂ်မြို့ ပစ်ခတ်မှုမှာ ဆုံးပါးသွားသူတွေအတွက် ကျင်းပတဲ့ အောက်မေ့ရာအခမ်းအနားကို လူထောင်ချီတက်ရောက်

ဟမ်းဘာ့ဂ်မြို့ ပစ်ခတ်မှုမှာ ဆုံးပါးသွားသူတွေအတွက် ကျင်းပတဲ့ အောက်မေ့ရာအခမ်းအနားကို လူထောင်ချီတက်ရောက်

၂၀၂၃ ခုနှစ်၊ မတ် ၉ ရက်တုန်းက ဂျာမနီနိုင်ငံ၊ ဟမ်းဘာ့ဂ်မြို့ နိုင်ငံတော်ခန်းမမှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုသတင်းကို ကြားရလို့ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေနဲ့ တခြားသူတွေပါ အတော်စိတ်မကောင်း ဖြစ်ကြတယ်။ ညီအစ်ကို၊ ညီအစ်မတွေကို နှစ်သိမ့်အားပေးဖို့ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို မာ့ခ် ဆန်ဒါစန်၊ ပုံနှိပ်ထုတ်ဝေရေး ကော်မတီအကူ ညီအစ်ကို ဂါယားစ် ဂလော့ကန်တင်နဲ့ ဗဟိုဥရောပ ဌာနခွဲကော်မတီဝင်တွေ ဟမ်းဘာ့ဂ်မြို့ကို ရောက်လာတယ်။ အောက်မေ့ရာအခမ်းအနားကို မတ် ၂၅ ရက်၊ ဟမ်းဘာ့ဂ်မြို့ အားကစားရုံမှာ ကျင်းပတယ်။ ဝမ်းနည်းပူဆွေးသူတွေကို နှစ်သိမ့်ထောက်မပေးနိုင်တဲ့ ကျမ်းစာရဲ့အစွမ်းတန်ခိုးကို အခမ်းအနား တက်ရောက်သူတွေ မြင်တွေ့ခဲ့တယ်။ “ဒီနေ့ ယေဟောဝါဘုရားရဲ့ ထွေးပွေ့မှုကို ခံစားခဲ့ရတယ်” ဆိုပြီး ပစ်ခတ်မှုမှာ လွတ်မြောက်ခဲ့တဲ့ညီအစ်ကိုတစ်ယောက် ပြောသလို အများစု ခံစားကြတယ်။

အစီအစဉ်ကို အယောက် ၃,၃၀၀ ကျော် လူကိုယ်တိုင် တက်ရောက်ပြီး ၉၀,၀၀၀ ကျော်က တိုက်ရိုက်ထုတ်လွှင့်မှုကို ချိတ်ဆက်ကြည့်ရှုတယ်။

ညီအစ်ကို/မတွေအပြင် အစိုးရအရာရှိတွေနဲ့ အရေးပေါ် ဌာနက ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြတယ်။ ဟမ်းဘာ့ဂ်မြို့တော်ဝန်နဲ့ ဒုမြို့တော်ဝန်၊ ဟမ်းဘာ့ဂ်မြို့ လွှတ်တော်ဥက္ကဋ္ဌ၊ ဟမ်းဘာ့ဂ်မြို့ အမေရိကန်ကောင်စစ်ဝန်ချုပ်၊ ပြည်ထဲရေးနဲ့ အားကစားရေးရာ အထက်လွှတ်တော်အမတ်၊ အထက်လွှတ်တော်ဥက္ကဋ္ဌ၊ ရဲတပ်ဖွဲ့ရဲ့ ဒုရဲချုပ်နဲ့ ဟမ်းဘာ့ဂ်မြို့ ရဲတပ်ဖွဲ့မှူးတို့လည်း တက်ရောက်ခဲ့တယ်။

“ဘုရားသခင့် အံ့ချီးဖွယ်အမှုတော်များ” သီချင်းကို ပရိသတ်နဲ့ ဂီတအဖွဲ့သားတို့ အတူသီဆိုနေကြစဉ်

ညီအစ်ကို/မတွေ ပါဝင်တဲ့ ဂီတအဖွဲ့က ဘုရားနိုင်ငံတော်သီချင်းကို တီးခတ်ပြီး အောက်မေ့ရာအခမ်းအနားကို စတင်တယ်။ ဗဟိုဥရောပ ဌာနခွဲကော်မတီဝင် ညီအစ်ကို ယိုယကင် ရှက်ဖ်ကျစ်က သဘာပတိအဖြစ် ဆောင်ရွက်တယ်။ ဌာနခွဲကော်မတီဝင် ညီအစ်ကို ဒက်ခ် ဆိုင်ယာပက်က ကွယ်လွန်သူတွေအတွက် အောက်မေ့ရာဟောပြောချက် ပေးတယ်။ ပြီးတဲ့နောက် ညီအစ်ကို ဆိုင်ယာပက်က ကျမ်းစာဟောပြောချက်တစ်ခု ပေးဖို့ ညီအစ်ကို ဆန်ဒါစန်ကို စင်မြင့်ထက် ဖိတ်ခေါ်တယ်။ အဲဒီနောက် ညီအစ်ကို ဆိုင်ယာပက်က အောက်မေ့ရာဟောပြောချက်ကို နိဂုံးချုပ်ဖို့ စင်မြင့်ပေါ် ပြန်တက်လာတယ်။ အဲဒီနောက် ညီအစ်ကို ဂလော့ကန်တင်ရဲ့ ခံစားချက်အပြည့်နဲ့ တောင်းတဲ့ ဆုတောင်းချက်၊ ဘုရားနိုင်ငံတော်သီချင်းတစ်ပိုဒ် သီဆိုမှုနဲ့ အခမ်းအနားကို အဆုံးသတ်ခဲ့တယ်။

ဟောပြောချက်မှာ ညီအစ်ကို ဆန်ဒါစန်က အဖြစ်ဆိုးတွေကို ဘုရားသခင် မဖန်တီးကြောင်း၊ အဲဒီအရာတွေဟာ ဒေသနာကျမ်းမှာ ဆိုထားသလို “မျှော်လင့်မထားတဲ့ ဖြစ်ရပ်” သာ ဖြစ်ကြောင်း ရှင်းပြတယ်။ (ဒေသနာ ၉:၁၁) “ဒါကြောင့် ဒီလိုကိစ္စတွေကို ဘုရားသခင် ဘာကြောင့် လုပ်တာလဲဆိုပြီး ဘာလို့ အချိန်ကုန်ခံ မေးနေမှာလဲ။. . . အဖြစ်ဆိုးတွေကို ကျော်လွှားစေနိုင်တာက ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်၊ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာပါ။ အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေကို ခံရပ်စေနိုင်တာကလည်း အဲဒီအရာတွေပါ” ဆိုပြီး ညီအစ်ကို ဆန်ဒါစန် ဆက်ပြောတယ်။ အဲဒီနောက် ညီအစ်ကို/မတွေကို ကူညီပေးခဲ့ကြတဲ့ ရဲအရာရှိတွေ၊ အရေးပေါ်ဌာနက ဝန်ထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်တွေကို ကျေးဇူးတင်စကား ဆိုခဲ့တယ်။

ညီအစ်ကို ဒက်ခ် ဆိုင်ယာပက်

ညီအစ်ကို ဆိုင်ယာပက်က စိတ်ထိမိစေတဲ့ ဟောပြောချက်မှာ အခုလို ပြောတယ်– “မတ်လ ၉ ရက်တုန်းက လူတချို့ကိုပဲ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး၊ ကျွန်တော်တို့အားလုံးကို တိုက်ခိုက်ခဲ့တာပါ။ ဒါကြောင့် ဒီနေ့မှာ ကျွန်တော်တို့တွေ အမုန်းတရားနဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကို အဖြေပေးဖို့ စုရုံးရောက်ရှိနေကြပါတယ်။ ကျွန်တော်တို့ပြန်ပေးတဲ့ အဖြေက မေတ္တာတရားနဲ့ စာနာစိတ်ပါပဲ။ ကျွန်တော်တို့ ပြန်ပေးတဲ့အဖြေက မျှော်လင့်ချက်နဲ့ ယုံကြည်ခြင်းပါပဲ။ ‘အဆိုးနဲ့တုံ့ပြန်ပြီး အရှုံးမခံပါနဲ့၊ အကောင်းနဲ့တုံ့ပြန်ပြီး အဆိုးကို အမြဲအနိုင်ယူလိုက်ပါ’ လို့ ကျမ်းစာ ဆိုတယ်။ အဲဒီကျမ်းစာအဆိုက ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန်ပါ။ ဒါကြောင့်ပဲ ကျွန်တော်တို့ ဒီမှာ ရှိနေတာ။”—ရောမ ၁၂:၂၁

“စတက်ဖန်၊ စဘက်ရှန်၊ ဂျိမ်းနဲ့ မာရီ၊ စတက်ဖနီ၊ ဒန်နဲ့ အမေ့ဗိုက်ထဲမှာ ဆုံးသွားတဲ့ ရိုမီလေးတို့ကို သတိရအောက်မေ့ဖို့၊ နှုတ်ဆက်ဖို့ ကျွန်တော်တို့ ဒီကို ရောက်နေကြတာပါ” ဆိုပြီး အကြမ်းဖက်မှုမှာ ကွယ်လွန်သွားသူတစ်ဦးစီရဲ့ နာမည်တွေကို ညီအစ်ကို ဆိုင်ယာပက် ပြောကြားချိန်မှာ ပရိသတ်တွေ ရင်ထဲ ဆို့နင့်သွားတယ်။ ပရိသတ်ထဲက ကျန်ရစ်သူ မိသားစု၊ မိတ်ဆွေကို ရည်ရွယ်ပြီး “ခင်ဗျားတို့ဘေးမှာ ကျွန်တော်တို့ ရပ်တည်သွားချင်ပါတယ်” လို့ လည်း ပြောကြားခဲ့တယ်။

ကျန်ရစ်သူမိတ်ဆွေတွေ အမှတ်ရနေမယ့် သေဆုံးသွားသူတစ်ဦးစီရဲ့ အရည်အသွေးတွေကို ဟောပြောချက်ရဲ့ နိဂုံးပိုင်းမှာ သတ်သတ်မှတ်မှတ် ဖော်ပြခဲ့တယ်။ “ကွယ်လွန်သွားသူတွေကို ကျွန်တော်တို့ သတိရလွမ်းဆွတ်ကြပါတယ်။ သူတို့အတွက် ဝမ်းနည်းပူဆွေးနေကြပါတယ်။ သူတို့တွေဟာ ကျွန်တော်တို့ရင်ထဲမှာ ဆက်ရှင်သန်နေမှာပါ။ ကျွန်တော်တို့ရဲ့ ရင်ထဲက နာကျင်မှုတွေကို ဘုရားသခင် အလျှင်း ကုစားပေးမယ့်အချိန် ရောက်လာပါတော့မယ်။ ဝမ်းနည်းနာကျင်မှုတွေကို ဘုရားသခင် ဆုံးခန်းတိုင်စေပါတော့မယ်။ . . . သေခြင်းတရား မရှိတဲ့အချိန် ရောက်လာပါတော့မယ်။ ယေရှုနဲ့တမန်တော်တွေ ပြောခဲ့တာ အဲဒီသတင်းတရားပါ။ ကျွန်တော်တို့တွေ မျှော်လင့်နေတာလည်း အဲဒီအရာပါ။ သေခြင်းတရား ရှုံးနိမ့်ပါတော့မယ်။ လူတွေရဲ့ဘဝနိဂုံးကို အဆုံးအဖြတ်ပေးသူက သေခြင်းတရား မဟုတ်ပါဘူး။ အဆုံးအဖြတ်ပေးသူက ဘုရားသခင်ပါ။ . . . ဒါကြောင့် သေခြင်းတရားဟာ စတက်ဖန်၊ စဘက်ရှန်၊ ဂျိမ်းနဲ့ မာရီ၊ စတက်ဖနီ၊ ဒန်နဲ့ ရိုမီလေးတို့ရဲ့ ဘဝနိဂုံးမဟုတ်ပါဘူး” လို့ ဗျာဒိတ် ၂၁:၄၊ ၅ ကို ကိုးကားပြီး ညီအစ်ကို ဆိုင်ယာပက် ပြောခဲ့တယ်။

ဟမ်းဘာ့ဂ်မြို့တော်ဝန် ဒေါက်တာ ပီတာ ချန်းချာ

အောက်မေ့ရာအခမ်းအနား အဆုံးသတ်ပြီးနောက် အစိုးရအရာရှိတချို့ မိန့်ခွန်းပြောကြတယ်။ ဟမ်းဘာ့ဂ်မြို့တော်ဝန် ဒေါက်တာ ပီတာ ချန်းချာ နဲ့ ဟမ်းဘာ့ဂ်မြို့ လွှတ်တော်ဥက္ကဋ္ဌ ကယ်ရိုလာ ဖိုက် တို့က ကျန်ရစ်သူမိသားစုနဲ့ မိတ်ဆွေတွေအတွက် ဝမ်းနည်းကြေကွဲကြောင်း ပြောကြားတယ်။ “ဝမ်းနည်းကြေကွဲမှု၊ ထိခိုက်နစ်နာမှုတွေကို အသက်ရှင်လွတ်မြောက်သူတွေ သတ္တိရှိရှိ ခံရပ်နေနိုင်တာဟာ သူတို့ရဲ့ခိုင်မာလှတဲ့ ခရစ်ယာန်ယုံကြည်ခြင်းကြောင့်ပါ” လို့ ဒေါက်တာ ချန်းချာ ပြောကြားတယ်။ ပြီးတဲ့နောက် သူက ဂျာမနီ သမ္မတ ဖရန့် ဝေါ်တာ စတန်မိုင်ယာရဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ဖတ်ပြတယ်။

ဟမ်းဘာ့ဂ်မြို့ လွှတ်တော်ဥက္ကဋ္ဌ ကယ်ရိုလာ ဖိုက်

သတင်းဌာနတွေက အောက်မေ့ရာအခမ်းအနားအကြောင်း တင်ဆက်ကြတယ်။ ရုပ်မြင်သံကြားအဖွဲ့ဝင်တစ်ဦး အခုလို မှတ်ချက်ပေးတယ်– “ခင်ဗျားတို့အားလုံးက သိပ်ကြင်နာကြတယ်။ အထင်ကြီးစရာ ကောင်းလိုက်တာ။ ကျွန်တော်တို့ ပွဲပေါင်းစုံ တက်ဖူးတယ်။ ဒါပေမဲ့ ဒီလိုအခမ်းအနားမျိုးနဲ့တော့ တစ်ခါမှ မကြုံဖူးဘူး။ ဒီလိုပြောစကားတွေ၊ ပြောပုံဆိုပုံတွေကို မြင်ဖူး၊ ကြားဖူးတာ ဦးဆုံးအကြိမ်ပါပဲ။”

ပစ်ခတ်မှုမှာ လွတ်မြောက်ခဲ့တဲ့ မောင်နှံတစ်စုံ အခုလိုဆိုတယ်– “အခုလိုစိတ်ထိခိုက်နေချိန် ကိုယ့်ဘေးနားမှာ ညီအစ်ကို/မတွေ ရှိနေလို့၊ ကိုယ့်မျှော်လင့်ချက်ကို တွေးတောဆင်ခြင်နိုင်လို့ တကယ်အားရှိတယ်။”

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နိုင်ငံတော်ခန်းမကိုသုံးတဲ့ တခြားအသင်းတော်က ညီအစ်ကိုတစ်ယောက် အခုလို ပြောတယ်– “အချိန်အကြာကြီး စိတ်ထိခိုက်နေခဲ့တာ။ ဒီကိုရောက်ခါစက စိတ်မကောင်းဖြစ်လွန်းလို့ အားတောင် မရှိဘူး။ ဒါပေမဲ့ ဒီအခမ်းအနားတစ်ခုလုံးက ဂုဏ်သိက္ခာရှိလိုက်တာ။ . . . ညီအစ်ကိုတွေနဲ့ အစိုးရအရာရှိတွေရဲ့ မိန့်ခွန်းဟောပြောချက်တွေကနေ အားလုံးရဲ့စာနာစိတ်ကို အပြည့်အဝ ခံစားရတယ်။”

အောက်မေ့ရာအခမ်းအနားကနေ ယေဟောဝါဘုရားရဲ့ မေတ္တာနဲ့ ဂရုစိုက်မှုကို အထင်အရှား မြင်တွေ့ရတယ်။ “ကရုဏာကြီးတဲ့အဖ၊ နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်” က ဟမ်းဘာ့ဂ်ပစ်ခတ်မှုကြောင့် အကြီးအကျယ် ထိခိုက်ခံစားနေသူအားလုံးကို ဆက်လက် ထောက်မပေးသွားမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။—၂ ကောရိန္သု ၁:၃

 

သဘာပတိအဖြစ် ဆောင်ရွက်သူ ဗဟိုဥရောပ ဌာနခွဲကော်မတီဝင် ညီအစ်ကို ယိုယကင် ရှက်ဖ်ကျစ်ကို စင်မြင့်ထက် တွေ့ရစဉ်။ ယေဟောဝါသက်သေ ဂီတအနုပညာရှင်အဖွဲ့က အနောက်မှာ ထိုင်နေကြ

ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို မာ့ခ် ဆန်ဒါစန်က ကျမ်းစာဟောပြောချက်ပေးပြီး အားပေးနှစ်သိမ့်နေစဉ်။ ဟောပြောချက်ကို ဂျာမနီစကားနဲ့ ဘာသာပြန်ပေး

ရှေ့တန်းမှာ အစိုးရအရာရှိတွေ ထိုင်ပြီး အစီအစဉ်ကို နားထောင်နေကြစဉ်

အစီအစဉ်ပြီးနောက် ညီအစ်ကို၊ ညီအစ်မတွေ တစ်ဦးကိုတစ်ဦး အားပေးနှစ်သိမ့်နေကြစဉ်

အားကစားရုံအဝင်မှာ ဝမ်းနည်းကြေကွဲစာနဲ့ ကတ်တွေကို ခင်းကျင်းပြသထား

ကွယ်လွန်သူတချို့နဲ့ သိကျွမ်းခဲ့သူ ဟမ်းဘာ့ဂ်က အကြီးအကဲတစ်ဦးကို ဂျာမနီရုပ်သံဌာနတစ်ခုက အားကစားရုံအဝင်မှာ မေးမြန်းနေစဉ်