၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်
ဂျာမနီ
အန်းမရင်း ကူစရိုရဲ့ မော်ကွန်းမှတ်တမ်းကို ရယူဖို့ ဂျာမနီမှာ ယေဟောဝါသက်သေတွေ အမှုစွဲဆို
အန်းမရင်းရဲ့ မော်ကွန်းမှတ်တမ်းကို ယေဟောဝါသက်သေတွေ ပိုင်ဆိုင်ကြောင်း မကြာသေးခင်က တွေ့ရှိခဲ့တဲ့ သက်သေအထောက်အထားက ဖော်ပြ
jw.org ဝက်ဘ်ဆိုက်နဲ့ နယူးယောက်တိုင်းမ် မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း ဂျာမနီနိုင်ငံ၊ ဒရက်စဒန်မြို့၊ ဘွန်ဒက်ဝဲ စစ်သမိုင်းပြတိုက်ဟာ ညီအစ်မ အန်းမရင်း ကူစရိုရဲ့ သေတမ်းစာကို ဆန့်ကျင်ပြီး ညီအစ်မရဲ့မော်ကွန်းမှတ်တမ်းကို ယေဟောဝါသက်သေတွေဆီ ပြန်ပေးဖို့ ငြင်းဆိုခဲ့တယ်။ ဒါပေမဲ့ မကြာသေးခင်က တွေ့ရှိခဲ့တဲ့ သက်သေအထောက်အထားက မော်ကွန်းမှတ်တမ်းကို ယေဟောဝါသက်သေတွေ ပိုင်ဆိုင်ကြောင်း အတည်ပြုပေးလို့ အဖွဲ့အစည်းက ပြတိုက်ကို တရားစွဲလိုက်ပါပြီ။
ယေဟောဝါသက်သေတွေက ပြတိုက်တာဝန်ခံတွေနဲ့ ပြေပြေလည်လည် ညှိနှိုင်းပြီး မော်ကွန်းမှတ်တမ်းကို ရယူဖို့ ခုနစ်နှစ်ကျော် ကြိုးစားခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူး။ ဒါကြောင့် တရားရုံးမှာ အမှုဖွင့်လိုက်ရတယ်။ ဝမ်းနည်းစရာက ၂၀၂၁ ခုနှစ်မှာ တရားရုံးက အမှုကို ပလပ်လိုက်တယ်။ ပြတိုက်က မော်ကွန်းမှတ်တမ်းကို စိတ်ရင်းကောင်းနဲ့ ဝယ်ယူခဲ့တာဆိုပြီး တရားသူကြီးက သုံးသပ်ခဲ့တယ်။
သမိုင်းမှတ်တမ်း အမွေအနှစ်
နာဇီတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ချိန်အတွင်း ယေဟောဝါသက်သေတွေနဲ့ သက်ဆိုင်တဲ့ မှတ်တမ်းမှတ်ရာပစ္စည်းတွေကို အန်းမရင်း ဂရုတစိုက် စတင်စုဆောင်းလာခဲ့တာ အသက် ၂၆ နှစ် ကတည်းကပါ။ တစ်ခါတလေ အသက်နဲ့ ရင်းပြီးတောင် ထိန်းသိမ်းခဲ့ရတယ်။ သူသေဆုံးချိန် ၂၀၀၅ ခုနှစ်အထိ အဲဒီမှတ်တမ်းတွေကို ၆၅ နှစ်ကျော်ကြာ ထိန်းသိမ်းခဲ့တယ်။ မျိုးဆက်သစ်တွေအတွက်၊ အထူးသဖြင့် ယုံကြည်သူချင်းတွေအတွက် သူ ထားပေးခဲ့တဲ့ မှတ်တမ်းပစ္စည်းတွေဟာ သမိုင်းမှတ်တမ်း အမွေအနှစ်ပါပဲ။
အန်းမရင်းက သူ့မိသားစုရဲ့ သစ္စာစောင့်သိမှု မှတ်တမ်းကနေ ယေဟောဝါသက်သေတွေနဲ့ တခြားသူတွေကို အကျိုးရစေချင်လို့ ဒီမှတ်တမ်းတွေကို စုဆောင်းခဲ့တာပါ။ ဒါကြောင့် ယေဟောဝါသက်သေတွေကိုပဲ အဲဒီမှတ်တမ်းတွေ လွှဲပြောင်းပေးအပ်ခဲ့မယ်လို့ သေတမ်းစာမှာ ရေးသားခဲ့တယ်။ ဒါပေမဲ့ အခုထိတော့ သူ့ဆန္ဒအတိုင်း ဖြစ်မလာသေးဘူး။
အန်းမရင်းနဲ့ မွေးချင်းလေးယောက်ဟာ ခရမ်းရောင်တြိဂံလို့ အမည်ရတဲ့ ၁၉၉၁ ခုနှစ်ထုတ် ဗြိတိန် မှတ်တမ်းရုပ်ရှင်မှာ ပါဝင်ခဲ့တယ်။ ယေဟောဝါသက်သေတွေက ဟစ်တလာကို လက်အောက်ခံဖို့၊ ယုံကြည်ချက်ကို စွန့်လွှတ်ဖို့ ငြင်းဆိုခဲ့ကြလို့ နာဇီတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှု ခံခဲ့ရတယ်။ အဲဒီအကြောင်းကို ကူစရိုမိသားစုရဲ့ ဖြစ်ရပ်ကနေ တစေ့တစောင်း မြင်တွေ့ရမှာပါ။ မှတ်တမ်းရုပ်ရှင်မှာ အန်းမရင်းက အဖိုးတန် စာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေကို ပြသခဲ့တယ်။
တိုက်ခန်းကို ဂျာမန်လျှို့ဝှက်ရဲတွေ လာရှာတုန်းက အရေးကြီး မှတ်တမ်းမှတ်ရာတွေ ဆုံးရှုံးလုနီး ဖြစ်ခဲ့တဲ့အကြောင်း အန်းမရင်းက မဆုံးခင်လေးမှာ အခုလို ပြောပြခဲ့တယ်– “ဒီလက်ဆွဲအိတ်ကို ဝင်ပေါက်နားမှာ ထားထားတာ။ စာနဲ့ တခြားစာရွက်စာတမ်းအားလုံးက အိတ်ရဲ့အောက်ခြေမှာ။” လက်ဆွဲအိတ်အောက်ကို ရဲတွေ ဆက်မရှာမိအောင် အိတ်ထဲ ပန်းသီးတွေ အပြည့်ထည့်လိုက်တယ်။ မိသွားရင်လည်း ‘ဘာပဲဖြစ်ဖြစ် ထောင်ထဲမှာ တစ်ခုခု စားလို့ရတာပေါ့’ လို့ ပြောပြတယ်။ ဝမ်းသာစရာက သူ့အကြံအစည် အောင်မြင်သွားတယ်။
အခွင့်မရှိဘဲ ရောင်းချ
အန်းမရင်း ကွယ်လွန်ပြီး မကြာခင်မှာ မှတ်တမ်းမှတ်ရာတွေ အိမ်ကနေ ပျောက်သွားတယ်။ ယေဟောဝါသက်သေ မဟုတ်တော့တဲ့ မောင်တစ်ယောက်က ပြတိုက်ကို အဲဒီမော်ကွန်းမှတ်တမ်းတွေ ရောင်းစားလိုက်တယ်ဆိုတာ နောက်ပိုင်းမှ သိလိုက်ရတယ်။ တကယ်တော့ အန်းမရင်းက သူ့မောင်လေးကို အဲဒီလိုလုပ်ပိုင်ခွင့် မပေးခဲ့ဘူး။ နောက်ပိုင်း အဲဒီလူလည်း သေဆုံးသွားတယ်။
မော်ကွန်းမှတ်တမ်းတွေကို ပြတိုက်ကပဲ ထိန်းသိမ်းထားဖို့ တရားရုံး ဆုံးဖြတ်တဲ့အကြောင်း ကြားတော့ အန်းမရင်းရဲ့ သေတမ်းစာကို သိတဲ့၊ အသက်ရှင်ကျန်ရစ်သေးတဲ့ ကူစရိုမိသားစုဝင်တွေ မယုံနိုင်ကြဘူး။ အဲဒီအချိန်ကစလို့ ကူစရို မိသားစု၊ မိတ်ဆွေတွေနဲ့ နာဇီရဲ့ နှိပ်စက်မှုခံခဲ့ရတဲ့ တခြားယေဟောဝါသက်သေတွေက ပြတိုက်နဲ့ ပြတိုက်ကို ကြီးကြပ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနဆီ ရာနဲ့ချီတဲ့ စာတွေ ရေးသားပေးပို့ကြတယ်။ အန်းမရင်းရဲ့ ဆန္ဒအတိုင်း ယေဟောဝါသက်သေတွေကို မော်ကွန်းမှတ်တမ်း ပြန်ပေးဖို့ တောင်းဆိုကြတယ်။
အထူးမှတ်တမ်း
မှတ်တမ်းထဲက အရေးကြီး စာရွက်စာတမ်းတစ်ခုကတော့ အန်းမရင်းရဲ့မောင်ဖြစ်သူ ဗီဟင် ရေးသားပေးပို့တဲ့ ၁၉၄၀၊ ဧပြီ ၂၆ ရက်စွဲနဲ့ နောက်ဆုံးနှုတ်ဆက်စာပါ။ ယေဟောဝါသက်သေဖြစ်တဲ့ ဗီဟင်က စစ်မှုထမ်းဖို့ ငြင်းဆိုခဲ့တာကြောင့် နာဇီတွေက သူ့ကို သေဒဏ်စီရင်ခဲ့တယ်။
ဗီဟင် ရေးတဲ့စာကို အခုလို ဖတ်ရတယ်– “ချစ်ရတဲ့ အဖေ၊ အမေနဲ့ မောင်နှမတို့၊ အားလုံးကို ကျွန်တော် ဘယ်လောက်ချစ်သလဲဆိုတာ မိသားစုဓာတ်ပုံလေးကို ကြည့်တိုင်း ပိုသိလာတယ်။ အိမ်မှာ အတူပျော်ခဲ့တဲ့အချိန်လေးတွေကို သတိရလိုက်တာ။ ဒါပေမဲ့ အရေးကြီးဆုံးက ခေါင်းဆောင် သခင်ယေရှု မှာကြားခဲ့သလို ဘုရားသခင်ကို ချစ်ရမယ်။ သစ္စာရှိရင် ဆုချခံရမယ်။” ဧပြီ ၂၇ ရက်နေ့ မနက်၊ အသက် ၂၅ နှစ်မှာ ဗီဟင် သေနတ်နဲ့ ပစ်သတ်ခံရပြီး ဆုံးပါးသွားတယ်။
အန်းမရင်းရဲ့ မိဘတွေဖြစ်တဲ့ ဖရန့်စ်နဲ့ ဟေဒါကူစရိုက သားသမီး ၁၁ ယောက် ထွန်းကားတယ်။ ဖရန့်စ်နဲ့ သားအကြီးတွေလည်း ဗီဟင်လိုပဲ စစ်ပွဲမှာ မပါဝင်လို့ ထောင်ချခံရတယ်။ အငယ်လေးတွေကတော့ ဟစ်တလာကို အလေးမပြုလို့ မိဘတွေနဲ့ အခွဲခံရပြီး ပြုပြင်ထိန်းသိမ်းရေးကျောင်း၊ မိဘမဲ့ဂေဟာဆီ အပို့ခံရတယ်။
ကူစရိုညီအစ်ကိုတွေထဲမှာ အငယ်တစ်ဦးဖြစ်သူ ဗော့ဂန်လည်း စစ်ဘက်ဆိုင်ရာခုံရုံးမှာ စစ်ဆေးခံရတယ်။ သူအခုလို သတ္တိရှိရှိပြောခဲ့တယ်– “မိဘတွေက ကျွန်တော့်ကို ယေဟောဝါသက်သေတစ်ယောက်အဖြစ် ကျမ်းစာသွန်သင်ချက်နဲ့အညီ ပြုစုပျိုးထောင်လာတာ။ လူသားတွေကို ဘုရားသခင်ပေးတဲ့ အကြီးမြတ်ဆုံးပညတ်က အရာရာထက် ဘုရားသခင်ကို ချစ်ရမယ်၊ လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ရမယ်။ နောက်ပညတ်တစ်ခုက လူမသတ်ရ။ ဖန်ဆင်းရှင်က အဲဒီပညတ်ကို သစ်ပင်တွေအတွက် ပေးထားတာလား။”
၁၉၄၂၊ မတ်လ ၂၈ ရက်၊ အသက် ၂၀ မှာ ဗော့ဂန် ခေါင်းဖြတ်စက်နဲ့ ခေါင်းဖြတ်သတ်ခံခဲ့ရတယ်။
ယုံကြည်ခြင်းမှတ်တမ်း
အန်းမရင်းနဲ့ မိသားစုဟာ နာဇီအစိုးရကို မထောက်ခံခဲ့လို့၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်း မစွန့်လွှတ်ခဲ့လို့ အများကြီး ပေးဆပ်ခဲ့ရတယ်။ တချို့ဆို အသက်တောင် ပေးဆပ်ခဲ့ရတယ်။ မိသားစုဝင်တွေ ထောင်ကျခဲ့တဲ့နှစ် စုစုပေါင်းက ၄၇ နှစ်ပါ။
မော်ကွန်းမှတ်တမ်းကြောင့် ယုံကြည်ခြင်းခိုင်မာတဲ့ ကူစရိုမိသားစုရဲ့ စံပြပုံသက်သေ ပြန်အသက်ဝင်လာတယ်။ အပြင်းအထန် နှိပ်စက်ညှဉ်းပန်းခံရချိန်မှာ၊ အသတ်ခံရဖို့ ခြိမ်းခြောက်ခံရချိန်မှာတောင် သစ္စာရှိရှိရပ်တည်နိုင်တာ ယုံကြည်ခြင်းကြောင့် ဖြစ်တယ်ဆိုတာ မှတ်တမ်းက မီးမောင်းထိုးပြနေတယ်။ အဲဒီမှတ်တမ်းက ယေဟောဝါသက်သေတွေရဲ့ ပြတိုက်မှာ ရှိနေမှပဲ အနှစ်သာရအပြည့်အဝ ရှိမှာပါ။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ ကူစရိုမိသားစုရဲ့ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူ ပေါလ်-ဂါဟတ် ကူစရို ကွယ်လွန်သွားတယ်။ အစ်မဖြစ်သူရဲ့ သေတမ်းစာကို စစ်သမိုင်းပြတိုက် လေးစားပေးမယ်လို့ သူ မျှော်လင့်ခဲ့တယ်။ မသေဆုံးခင်အချိန်အထိလည်း လူသိရှင်ကြား သူ တောင်းဆိုခဲ့တယ်။ “ကျွန်တော့်အစ်ကိုတွေက စစ်မှုထမ်းဖို့ ငြင်းဆိုလို့ အသက်သေဆုံးခဲ့ရတာ။ ဒါကြောင့် ဒီမှတ်တမ်းတွေကို စစ်သမိုင်းပြတိုက်မှာထားတာ မမှန်ကန်ဘူးလို့ ကျွန်တော်ယုံကြည်တယ်” ဆိုပြီး ပေါလ် ပြောပြတယ်။
ပေါလ်ပြောတာကို ယေဟောဝါသက်သေတွေလည်း သဘောတူတယ်။ အန်းမရင်းရဲ့ ရှင်းလင်းထင်ရှားတဲ့ဆန္ဒကို လျစ်လျူရှုတာဟာ လူ့ကျင့်ဝတ်ကို ချိုးဖောက်နေတာပါပဲ။ ကူစရိုမိသားစုရဲ့ ဆန္ဒကို ဆိုရှယ်လစ်ခေတ်တုန်းကရော မျက်မှောက်ခေတ်မှာပါ မလေးစားခဲ့ကြဘူး။
ဝမ်းနည်းစရာက မော်ကွန်းမှတ်တမ်းကိုတောင် တန်ဖိုးမထားကြဘူး။ မှတ်တမ်းမှာ ပစ္စည်းအမယ်ပေါင်း ၁,၀၀၀ ကျော်ရှိပေမဲ့ ၆ ခုကိုပဲ ပြတိုက်မှာ ခင်းကျင်းထားတယ်။ ကျန်တာတွေကတော့ အများပြည်သူတွေ မမြင်နိုင်တဲ့ ပြတိုက်စတိုခန်းထဲမှာ။
ယေဟောဝါသက်သေတွေကို မော်ကွန်းမှတ်တမ်း ပေးအပ်တဲ့အမိန့် တရားရုံး ချမှတ်ပေးဖို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။ ယေဟောဝါသက်သေတွေကသာ မော်ကွန်းမှတ်တမ်းကို ဥပဒေအရကော၊ လူ့ကျင့်ဝတ်အရပါ ပိုင်ဆိုင်ခွင့်ရှိလို့ပါ။—လုကာ ၁၈:၇။