မာတိကာဆီ ကျော်သွား

ဂါ​ဘူ​နီ​ယာ အမှုမှာ အကြမ်းဖက်​ခံရသူတွေ မကြာသေးခင်က ရိုက်​ထားတဲ့ ဓာတ်ပုံ

အောက်တိုဘာ ၂၄၊ ၂၀၁၇
ဂျော်ဂျီယာ

လူ့​အခွင့်အရေး​ဆိုင်ရာ ဥရောပ တရားရုံး​က ဂျော်ဂျီယာ​ရဲ့ အပြစ်ဝန်ခံ​ချက်​ကို လက်ခံ

လူ့​အခွင့်အရေး​ဆိုင်ရာ ဥရောပ တရားရုံး​က ဂျော်ဂျီယာ​ရဲ့ အပြစ်ဝန်ခံ​ချက်​ကို လက်ခံ

ယေဟောဝါ​သက်သေ ဆယ်ယောက်ရဲ့ လူ့​အခွင့်​ရေး​ကို ချိုးဖောက်​ပြီး စီရင်ချက် ချ​ခဲ့​ကြောင်း ဂျော်ဂျီယာ ပြည်​သူ့​သမ္မတ​နိုင်ငံရဲ့ ဝန်ခံချက်​ကို လူ့​အခွင့်အရေး​ဆိုင်ရာ ဥရောပ တရားရုံး (ECHR) က လက်ခံ​တဲ့ ဆုံးဖြတ်ချက်ကို ၂၀၁၇၊ အောက်တိုဘာ ၁၂ ရက်​နေ့မှာ ထုတ်ပြန်​လိုက်ပါ​တယ်။ ဂါ​ဘူ​နီ​ယာ၊ တခြားသူ​များနဲ့ ဂျော်ဂျီယာ အမှုမှာ အစိုးရ​ဘက်က​နေ တစ်ယောက်စီကို ယူရို ၈၀၀ လျော်ကြေး ပေးဖို့ သဘောတူခဲ့​တယ်။ အကြောင်းကတော့ လူ့​အခွင့်အရေး​ဆိုင်ရာ ဥရောပ ပဋိညာဉ်​စာတမ်း၊ အပိုဒ် ၉ နဲ့ ၁၄ မှာ ကာကွယ်ပေး​ထားတဲ့ ခွဲခြား​ဆက်ဆံခြင်း​နဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်​လို့​ပါပဲ။

အော်​သို​ဒေါ​က် အစွန်းရောက်​တွေ ဘာသာရေး လှုံ့ဆော်​ပြီး အုပ်စုဖွဲ့​တိုက်ခိုက်မှု လေးခု​အတွက် ယေဟောဝါ​သက်သေ ဆယ်ယောက်​က ၂၀၀၅၊ စက်တင်ဘာလမှာ ECHR ကို လျှောက်ထား​ခဲ့​ကြတယ်။ ဖြစ်ရပ် လေးခု​စ​လုံး​ဟာ ဂျော်ဂျီယာ​နိုင်ငံက ယေဟောဝါ​သက်သေတွေကို ဘာသာရေး ညှဉ်းပန်း​နှိပ်စက်​ဖို့ အစိုးရ က​မ​က​ထ​ပြုတဲ့ ကင်ပိန်း တစ်စိတ်တစ်ပိုင်း ဖြစ်တယ်။ အဲဒီ​ကင်ပိန်း​ဟာ ၁၉၉၉၊ အောက်တိုဘာ​လ​ကနေ ၂၀၀၃၊ နိုဝင်ဘာလ​အထိ ကြာရှည်​ခဲ့တယ်။ ဥပဒေ​ဘက်တော်သား​တွေဟာ အကြမ်းဖက်မှု​တွေ​မှာ ပါ​နေကြ​လို့၊ ဒါမှမဟုတ် အကြမ်းဖက်​ခံ​နေရသူ​တွေကို မကာကွယ်​ပေးလို့ တိုက်ခိုက်မှုတွေမှာ ကြံရာပါ​ဖြစ်နေကြတယ်။

ဂါ​ဘူ​နီ​ယာ​အမှု မတိုင်မီ​မှာ ECHR က ဂျော်ဂျီယာ​ရဲ့ ပစ်​စ​လက်​ခတ် တရား​စီရင်မှု သုံးခု​အတွက် အမိန့်ထုတ်​ပြန်​ခဲ့တယ်။ အဲဒီ​အမိန့်ထုတ်ပြန်ချက်​ထဲမှာ ယေဟောဝါသက်သေတွေ အကြမ်းဖက်​ခံရတဲ့​ကာလ​အတွင်း အစိုးရ​အနေနဲ့ ကာကွယ်​ပေးဖို့ ပျက်ကွက်ခဲ့​တဲ့​အတွက် ECHR က ပြစ်တင်​ရှုတ်ချခဲ့​တယ်။ ဥပဒေ​ဘက်တော်သား​တွေ​အနေနဲ့ အရေး​ယူဖို့ ပျက်ကွက်​တာ​က “နိုင်ငံတော် ကိုယ်စားလှယ်​များနဲ့​အတူ ကြံရာပါ ပြစ်မှု​ကျူးလွန်​သူ​အဖြစ် ပြည်သူ​လူထု ယူမှတ်​နိုင်တယ်” လို့ ECHR က ကောက်ချက်ချ​ခဲ့တယ်။ “ဂျော်ဂျီယာ အာဏာပိုင်တွေ​က ပြစ်ဒဏ်​မပေးတဲ့​အတွက် တစ်နိုင်ငံလုံး​မှာ ယေဟောဝါ​သက်သေတွေကို တိုက်ခိုက်​ဖို့ အားပေး​ရာ​ရောက်တယ်” လို့​လည်း ဆိုထားတယ်။ “တရား​စီရင်မှု​အပိုင်းမှာ​လည်း အကြမ်းဖက်​ခံ​နေရသူ​တွေကို မသိကျိုးကျွန်​ပြု​ထားကြောင်း၊” ဂျော်ဂျီယာ တရားရုံး​တွေ​က အကြမ်းဖက်​ခံရသူတွေ​ရဲ့ တိုင်ကြား​ချက်​တွေကို “ဘက်လိုက်​ကြောင်း၊ အပေါ်ယံ​သာ” စစ်ဆေး​စုံစမ်း​ကြောင်း” ECHR က​တွေ့ရှိခဲ့တယ်။

အကြမ်းဖက်​ခံရသူ​ရဲ့ အခွင့်အရေး​ကို ချိုးဖောက်​ကြောင်း “ဝမ်းနည်း​စွာ အသိအမှတ်ပြု” ထားတဲ့ တစ်ဖက်သတ် ကြေညာချက်​တစ်ခုကို ဂျော်ဂျီယာ​နိုင်ငံက တင်သွင်းခြင်း​အားဖြင့် သုံးကြိမ် ပြစ်တင်ခံ​ရပြီး​ဖြစ်လို့ စတုတ္ထ​အကြိမ် ပြစ်တင်​မခံရအောင် ရှောင်လွဲ​တာ​ဖြစ်ကြောင်း သေချာတယ်။ ယနေ့​အချိန်မှာ ဂျော်ဂျီယာ​နိုင်ငံမှာ​ရှိတဲ့ ယေဟောဝါ​သက်သေတွေဟာ အုပ်စုဖွဲ့​တိုက်ခိုက်ခြင်း၊ အစိုးရ က​မ​က​ထ​ပြုတဲ့ ဘာသာရေး ညှဉ်းပန်း​နှိပ်စက်ခြင်း​ကို မခံရ​တော့​ပါဘူး။ လွတ်လွတ်လပ်လပ် ဝတ်ပြု​ကိုးကွယ်​နိုင်ကြ​ပါပြီ။