မာတိကာဆီ ကျော်သွား

စင်္ကာပူ

ယုံကြည်ချက်ကြောင့် ထောင်ချခံရ—စင်္ကာပူ

ယုံကြည်ချက်ကြောင့် ထောင်ချခံရ—စင်္ကာပူ

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုမှုနဲ့ စင်္ကာပူက ယေဟောဝါသက်သေ လူငယ် ၈ ယောက် ထောင်ကျနေပါတယ်။ သူတို့ထဲကက ၃ ယောက်က ပထမ ထောင်သက်တမ်း ကျခံပြီးနောက် မိမိတို့ရဲ့ ရပ်တည်ချက်ကို မပြောင်းတဲ့အတွက် ဒုတိယ ထောင်သက်တမ်းကို ကျခံနေရတာ ဖြစ်တယ်။ စင်္ကာပူ အစိုးရဟာ စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းထားပြီး ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုပိုင်ခွင့်ကို အသိအမှတ် မပြုတဲ့အတွက် အဲဒီလူငယ်တွေဟာ ဥပဒေဆိုင်ရာ အကူအညီ မရကြဘူး။

စင်္ကာပူမှာ လူငယ်တစ်ယောက်ဟာ အသက် ၁၈ နှစ် ပြည့်ရင် စစ်မှုထမ်းဖို့ ဥပဒေ ပြဋ္ဌာန်းထားတယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုရင် စစ်စခန်းမှာ ၁၂ လအထိ ထိန်းသိမ်းခံရပါမယ်။ သက်တမ်းကုန်တာနဲ့ ပြန်လွှတ်ပြီး စစ်ဝတ်စုံ ဝတ်ဖို့၊ စစ်သင်တန်း တက်ဖို့ ချက်ချင်း အမိန့် ရရှိပါတယ်။ ထပ်မံ ငြင်းဆိုရင် စစ်ဥပဒေအရ ဒုတိယအကြိမ် ထောင်ဒဏ် ၁၈ လအထိ ကျခံရပါမယ်။ ဒါကြောင့် ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့ ယေဟောဝါသက်သေ လူငယ်တွေဟာ ထောင်ဒဏ် နှစ်ကြိမ်၊ စုစုပေါင်း ၃၀ လအထိ ကျခံကြရပါတယ်။

ကုလသမဂ္ဂ ညွှန်ကြားချက်များကို လိုက်နာဖို့ စင်္ကာပူ ငြင်းဆို

“ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုခြင်းဟာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ သက်ဝင်ယုံကြည်ကိုးကွယ်နိုင်ခွင့်ကို ကျင့်သုံးခြင်း ဖြစ်ကြောင်း အသိအမှတ်ပြု” အဖွဲ့ဝင်နိုင်ငံတွေကို ကုလသမဂ္ဂက မေတ္တာရပ်ခံထားတာ ကြာလှပါပြီ။ စင်္ကာပူဟာ ၁၉၆၅ ခုနှစ်ကတည်းက အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ သဘောထား ကွဲလွဲကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်ဆီ လိပ်မူထားတဲ့ ၂၀၀၂၊ ဧပြီ ၂၄ ရက်စွဲပါ စာမှာ စင်္ကာပူ အစိုးရက “တစ်ဦးစီရဲ့ ယုံကြည်ချက်ဖြစ်စေ၊ လုပ်ရပ်ဖြစ်စေ [အမျိုးသားရေး ကာကွယ်ပိုင်ခွင့်ကို] ဆန့်ကျင်ရင် အမျိုးသား လုံခြုံရေး ထိန်းသိမ်းပိုင်ခွင့်ကို လက်ခံကြောင်း” တရားဝင် ဖော်ပြထားပါတယ်။ “ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုပိုင်ခွင့်ကို ကျွန်တော်တို့ အသိအမှတ် မပြုပါ” ဆိုပြီး ပြတ်ပြတ်သားသား ဖော်ပြထားပါတယ်။

အချိန်ပြဇယား

  1. ဩဂုတ် ၁၆၊ ၂၀၂၄

    ယုံကြည်ချက်ကြောင့် စစ်မှုမထမ်းလို့ ထောင်ကျနေသူ ယေဟောဝါသက်သေ ၈ ယောက် ရှိတယ်။

  2. ဧပြီ ၂၄၊ ၂၀၀၂

    ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုပိုင်ခွင့်ကို စင်္ကာပူအနေနဲ့ အသိအမှတ် မပြုကြောင်း အစိုးရက တရားဝင် ထုတ်ဖော်အတည်ပြုလိုက်ပါတယ်။

  3. ဖေဖော်ဝါရီ၊ ၁၉၉၅

    စင်္ကာပူ နိုင်ငံသား ယေဟောဝါသက်သေတွေကို ဖိနှိပ်ဖမ်းဆီးမှု တိုးများလာတယ်။

  4. ဩဂုတ် ၈၊ ၁၉၉၄

    စင်္ကာပူ တရားရုံးချုပ်က ယေဟောဝါသက်သေတွေ အယူခံဝင်မှုကို ပယ်ချတယ်။

  5. ဇန်နဝါရီ ၁၂၊ ၁၉၇၂

    စင်္ကာပူ အစိုးရက ယေဟောဝါသက်သေများ မှတ်ပုံတင်ထားတာကို ဖယ်ရှားတယ်။