မာတိကာဆီ ကျော်သွား

ဘယ်– ဧည့်သည်တွေ ပြခန်းကို လည်ပတ်ကြည့်ရှုနေကြစဉ်။ အလယ်– စပိန်နိုင်ငံ၊ ဘာစီလိုနားမြို့မှာရှိတဲ့ လာ မိုဒယ်လို ဝင်ပေါက်။ ညာ– ညီအစ်ကိုတစ်ယောက် ထောင်ကျစဉ်က ဇနီးဆီ ရေးသားခဲ့တဲ့ စာတွေကို ပြသထား

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်
စပိန်

စပိန်မှာ “ခံယူချက်ကြောင့် ထောင်ချခံရ” တဲ့ ယေဟောဝါသက်သေတွေအကြောင်း ပြသ

စပိန်မှာ “ခံယူချက်ကြောင့် ထောင်ချခံရ” တဲ့ ယေဟောဝါသက်သေတွေအကြောင်း ပြသ

လာ မိုဒယ်လို အကျဉ်းထောင်ဟောင်းကို လာရောက်လည်ပတ်သူတွေကို လိုက်လံပြသနေစဉ်

စပိန်နိုင်ငံ၊ ဘာစီလိုနားမြို့က ယဉ်ကျေးမှုပြတိုက်မှာ “ခံယူချက်ကြောင့် ထောင်ချခံရ” ခေါင်းစဉ်နဲ့ ပြခန်းတစ်ခုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်ကနေ ဒီဇင်ဘာ ၁၆ ရက်အထိ ဖွင့်လှစ်ပြသခဲ့တယ်။ အဲဒီပြတိုက်ဟာ အရင်တုန်းက လာ မိုဒယ်လို အကျဉ်းထောင်ပါ။ ပြခန်းရဲ့ရည်ရွယ်ချက်ကတော့ ခရစ်ယာန်ကြားနေမှုကို အလျှော့မပေးခဲ့တဲ့ ယေဟောဝါသက်သေ လူငယ်တွေရဲ့ ထူးခြားတဲ့ယုံကြည်ချက်အကြောင်းကို အစိုးရအရာရှိတွေ၊ ပညာရေးဝန်ထမ်းတွေ အပါအဝင် ပြည်သူလူထုကို သိစေချင်လို့ပါ။

၁၉၃၀ ပြည့်နှစ်လောက်ကစပြီး စပိန်နိုင်ငံမှာ စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့ ယေဟောဝါသက်သေ ညီအစ်ကိုတွေ ထောင်ချခံရတဲ့အကြောင်း ပြခန်းမှာ ဖော်ပြထားတယ်။ ၁၉၆၀ ကနေ ၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်းမှာ ယေဟောဝါသက်သေ ၁,၀၀၀ နီးပါး ထောင်ချခံရတယ်။ အဲဒီထဲက အယောက် ၄၀ ကျော်ဟာ လာ မိုဒယ်လိုမှာ ထောင်ကျခဲ့တာပါ။

ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုခဲ့သူတွေအကြောင်း ပြခန်းမှာ ခင်းကျင်းပြသထား

ယေဟောဝါသက်သေတွေ စစ်မှုထမ်းဖို့ ငြင်းဆိုရတဲ့ အကြောင်းရင်းက ဘာသာရေးယုံကြည်ချက်ကြောင့်ဖြစ်ကြောင်း၊ ယေဟောဝါသက်သေလူငယ်တွေရဲ့ ထောင်အတွေ့အကြုံအကြောင်း ပြခန်းမှာ ရှင်းပြထားတယ်။ ဒီသစ္စာရှိ ညီအစ်ကိုတွေ နှစ်ပေါင်းများစွာ ရဲစွမ်းသတ္တိ တင်ပြခဲ့လို့ ၁၉၈၄ ခုနှစ်မှာ စပိန်အစိုးရက ဘာသာရေးယုံကြည်ချက်အရ စစ်မှုထမ်းခြင်းကို ငြင်းဆန်ပိုင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တယ်။

ပြခန်းဖွင့်ပွဲအခမ်းအနားမှာ သမိုင်း ပါမောက္ခ မိဂဲလ် အန်ဂေလ် ပလာဇာကို မိန့်ခွန်းပြောဖို့ ဖိတ်ခေါ်ခဲ့တယ်။ လာ မိုဒယ်လို အကျဉ်းထောင်မှာ ထောင်ကျခဲ့တဲ့ ယေဟောဝါသက်သေတချို့နဲ့ သူစကားပြောဖူးတယ်။ သူတို့ရဲ့ ထောင်အတွေ့အကြုံအကြောင်း သူဒီလိုပြောတယ်– “လာ မိုဒယ်လို အကျဉ်းထောင်မှာ ထောင်ကျခဲ့တဲ့ အဖြစ်အပျက်အကြောင်း ပြောပြတဲ့အခါ သူတို့ထဲက ဘယ်သူကမှ ပြစ်တင်ဝေဖန်တဲ့စကား မပြာကြဘူး။ ထောင်စောင့်တွေအကြောင်းတောင် မကောင်းမပြောကြဘူး။ အားလုံးက သူတို့ရဲ့ ထောင်အတွေ့အကြုံကိုပဲ ပြုံးပြုံးလေးနဲ့ ပြောပြကြတယ်။” အခမ်းအနားကို တက်ရောက်သူတွေထဲမှာ လာ မိုဒယ်လို အကျဉ်းထောင်မှာ ထောင်ကျခဲ့သူ ညီအစ်ကို ဖာနန်ဒို ထရီပက်လည်း ပါတယ်။ သူဒီလိုပြောတယ်– “အခုဆိုရင် အနှစ် ၅၀ ကျော်သွားပြီ ဖြစ်ပေမဲ့ ကျမ်းစာအခြေခံမူတွေက ကျွန်တော် မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်အောင် ကူညီပေးခဲ့တာလို့ အခုထိ ယုံကြည်စိတ်ချနေတုန်းပါပဲ။ အခုအချိန်မှာ ဆုံးဖြတ်ချက်ချရမယ်ဆိုရင်လည်း အဲဒီတုန်းကအတိုင်းပဲ ချမှာပါ။”

ဒီအခမ်းအနားကို စီစဉ်ညွှန်ကြားသူ ညီအစ်ကို ဒေးဗစ် ဘိုင်ဒက်ဇ် ဒီလိုပြောတယ်– “ဒီပြခန်းက သမိုင်းအဖြစ်အပျက်ဆိုပေမဲ့ အခုအချိန် တခြားဒေသတွေမှာ ဒီအတိုင်းဖြစ်ပျက်နေပါတယ်။ ကျမ်းစာအခြေပြု ယုံကြည်ချက်ကြောင့် ကမ္ဘာ့တခြားဒေသတွေမှာ အခုလောလောဆယ် ထောင်ကျနေတဲ့ ယေဟောဝါသက်သေ အယောက် ၂၀၀ လောက် ရှိတယ်။”

လာ မိုဒယ်လို ပြခန်းမှာ ဧည့်သည်တွေကို လိုက်လံပြသပေးခဲ့တဲ့ ညီအစ်ကို/မ တချို့

ဆယ်စုနှစ်နဲ့ချီပြီး သစ္စာစောင့်သိမှု၊ ခံနိုင်ရည်တင်ပြခဲ့ကြတဲ့ စပိန်နိုင်ငံက ညီအစ်ကိုတွေကို ကျွန်တော်တို့ လေးမြတ်တန်ဖိုးထားပါတယ်။ အခုလောလောဆယ် ယုံကြည်ချက်ကြောင့် ထောင်ကျနေသူတွေအတွက်လည်း ဆက်ဆုတောင်းပေးနေပါတယ်။—ဟီဘရူး ၁၃:၃