မာတိကာဆီ ကျော်သွား

မေ ၂၇၊ ၂၀၂၀
စပိန်

စပိန်မှ သက်သေခံမောင်နှံတစ်စုံ သူနာပြုဆီက ကျေးဇူးတင်စာ ရရှိ

စပိန်မှ သက်သေခံမောင်နှံတစ်စုံ သူနာပြုဆီက ကျေးဇူးတင်စာ ရရှိ

လက်ရှိ ကပ်ရောဂါကာလမှာ ညီအစ်ကို/မများစွာဟာ တခြားသူတွေကို စာရေးပြီး အားပေးနှစ်သိမ့်နေကြတယ်။ ညီအစ်ကို ယော်စွေး လာပေါ်တာနဲ့ ဇနီး ဗနက်ဆာတို့က စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့၊ ဆေးရုံတစ်ခုရဲ့ ဝန်ထမ်းတွေ၊ COVID-19 လူနာတွေဆီ အားပေးစာ ရေးတယ်။ သူနာပြုတစ်ယောက်ဆီက ပြန်စာ ရတယ်။ ဒီပြန်စာကို လိုသလို တည်းဖြတ်၊ အသုံးပြုနိုင်ပါတယ်လို့လည်း ရေးထားတယ်။ a

ကျွန်မ . . . က သူနာပြုပါ။ ဒီစာကို အသက် ၉၇ နှစ်အရွယ် အဖွား [အမည်ချန်လှပ်ထား] ကိုယ်စား ရေးလိုက်တာပါ။ ဒီမနက် အဖွားကို ရှင်တို့ရဲ့စာ ဖတ်ပြတယ်။ အခုလို ရောက်လာတဲ့ စာတွေကို တာဝန်ကျဝန်ထမ်းတွေကတစ်ဆင့် လူနာတွေဆီ ပေးရတယ်။ ဒီစာက တိုက်ဆိုင်မှုသက်သက် မဟုတ်တာ သေချာတယ်။ ဒီစာကြောင့် အဖွားနဲ့ ကျွန်မ ... မျှော်လင့်ချက်ရောင်ခြည်ကို မြင်လိုက်ရတယ်။ အဖွားက သိပ်ကြာကြာ မနေရတော့ပါဘူး။ ဒါပေမဲ့ “အသက် ၉၇ နှစ်အရွယ်မှာတောင် ကျမ်းစာကတိတွေကနေ အကျိုးရနိုင်သေးသလား” ဆိုတဲ့ မေးခွန်း ရှင့်ကို မမေးလိုက်ရဘဲ ဒီလောကထဲက မထွက်သွားချင်ဘူးတဲ့။

ဒီမနက် အဖွားကို ရှင်တို့ညွှန်းတဲ့ ဝက်ဘ်ဆိုက်ထဲကနေ ၁၀ မိနစ်လောက် ဖတ်ပြတယ်။ သူ့မျက်လုံး တောက်ပလာတယ်။ ခံစားချက်တွေ ပြည့်လျှံနေလို့ပေါ့။ မျက်နှာလည်း အရင်ကနဲ့မတူ ကြည်လင်ပြုံးရွှင်လို့။ “ယေရှု ဘာဖြစ်လို့ အသေခံရတာလဲ” ဆိုတဲ့ ဗီဒီယိုကိုလည်း အတူကြည့်ဖြစ်တယ်။

ပြီးတော့ စိတ်ဖိစီးမှုအကြောင်း [“နိုးလော့!”] မဂ္ဂဇင်းကိုလည်း ဖတ်ကြတယ်။ ဒါက လက်ရှိအခြေအနေကို ခံရပ်နိုင်စေတယ်။ အခြေအနေတွေ ဘေးကျပ်နံကျပ် ဖြစ်နေတာ ရှင်တို့လည်း သိမှာပါ။

ဒီက ကျန်းမာရေးဝန်ထမ်းတွေမှာ တိုင်ပင်ဆွေးနွေးစရာ စိတ်ကျန်းမာရေးဆရာဝန်တွေ မရှိကြဘူး။ ဒါပေမဲ့ ရှင်တို့ ဝေမျှတဲ့ အချက်အလက်တွေက တစ်ရက်ကို ၂၄ နာရီ ရနိုင်တယ်။ တွေးတောဆင်ခြင်လို့လည်း ရတယ်။ ဒီကပ်ရောဂါပြီးဆုံးတဲ့တစ်နေ့ ကျွန်မ ပိုလေ့လာချင်တယ်။ ကောင်းမွန်တဲ့ အနာဂတ်အကြောင်း ကျွန်မသိချင်တာတွေကို ရှင်တို့ သင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီနေ့ ရှင်တို့ဆီက စာရလို့ ဘုရားကို ကျေးဇူးတင်လို့ မဆုံးဘူး။ ကျွန်မ ဂျူတီကျချိန်မှာ ကွက်တိရောက်လာလို့ အဖွားအခန်းကို သွားပေးနိုင်ခဲ့တာ။

ရှင်နဲ့ ရှင်တို့မိသားစု နေကောင်းကျန်းမာကြမယ် ထင်ပါတယ်။ ရှင်တို့ရဲ့ မျှော်လင့်ချက်ကြောင့် အခြေအနေတွေကို တခြားသူတွေထက် ကိုင်တွယ်ဖြေရှင်းနိုင်မှာ သေချာတယ်။ အဖွားနဲ့ ကျွန်မတို့လို လူတွေအတွက် ရှင်တို့ အချိန်ပေးလို့ ကျေးဇူးပါ။ ကျွန်မတို့က သူစိမ်းတွေဆိုပေမဲ့ ရှင်တို့ကြောင့် လွန်ခဲ့တဲ့ ခြောက်ပတ်တုန်းကလို ပြန်ပြုံးပျော်နိုင်ခဲ့တယ်။

ကျေးဇူးတင်လျှက်

အခုလို ကျေးဇူးတင်စာက ဒီကပ်ရောဂါကာလအတွင်း ဆက်ဟောဖို့ အားပေးမှု ဖြစ်စေတယ်။ အမှုဆောင်လုပ်ငန်းမှာ နှစ်သိမ့်စကားတွေ ပြောနိုင်ဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။—ပညာအလိမ္မာ ၁၅:၂၃

a စပိန်လို ရေးထားတဲ့ မူရင်းစာ