၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃ ရက်
ဆားဘီးယား
ဆားဘီးယားနိုင်ငံရဲ့ အထူးဟောပြောခြင်းကင်ပိန်း အကြီးအကျယ် အောင်မြင်
ဆားဘီးယားနိုင်ငံက ဝေးလံခေါင်သီတဲ့ဒေသတွေမှာ ၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်ကနေ ၂၆ ရက်အထိ အထူးဟောပြောခြင်း ကင်ပိန်းတစ်ခု ပြုလုပ်ခဲ့ပြီး ဆားဘီးယားနဲ့ မွန်တီနီဂရိုက ညီအစ်ကို၊ ညီအစ်မ ၆၀၀ ကျော် ပါဝင်ခဲ့ကြတယ်။ ဒါဟာ ဆားဘီးယားနိုင်ငံမှာ အနှစ် ၂၀ အတွင်း ဦးဆုံးအကြိမ်အဖြစ် လူကိုယ်တိုင်သွားရောက်ဟောပြောတဲ့ကင်ပိန်းပါ။ ဆားဘီးယားနိုင်ငံရဲ့ လူဦးရေ လေးပုံတစ်ပုံနီးပါးဖြစ်တဲ့ ၁.၅ သန်းကျော်ဟာ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ နေထိုင်ကြလို့ ညီအစ်ကိုတွေ ပုံမှန်မသွားရောက်နိုင်ဘူး။ ကင်ပိန်းအတွင်း ကျမ်းစာသင်အံမှု တောင်းခံသူပေါင်း ၁,၈၀၀ ကျော် ရှိခဲ့တယ်။
ဘေလီ ပိုတို့မြို့က အမျိုးသမီးတစ်ယောက် ယေဟောဝါသက်သေတွေနဲ့ စကားလက်ဆုံကျခဲ့တယ်။ “ဘုရားအကြောင်း၊ ကျမ်းစာအကြောင်း ပြောပြမယ့်အဖွဲ့ ရောက်လာလိမ့်မယ်။ သူတို့ပြောတာကို အသေအချာ နားထောင်လိုက်နော်” ဆိုပြီးတော့လည်း အိမ်နီးချင်းတွေကို သူ ဖုန်းလိုက်ဆက်တယ်။ ဒါကိုကြားပြီး ရွာအစွန်ဆုံးအိမ်က အမျိုးသမီးတစ်ယောက် ယေဟောဝါသက်သေတွေကို မျှော်တော့တယ်။ သူတို့လာနေတာမြင်တဲ့အခါ ဝမ်းသာအားရ ကြိုဆိုပြီး အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်တယ်။ ခရစ်တော်ရဲ့ သေခြင်းအောက်မေ့ရာအစီအစဉ်ကို အရင်က တက်ဖူးတဲ့အကြောင်း ပြောပြတယ်။ ကျမ်းစာလေ့လာမှုအစီအစဉ်ကိုလည်း လိုလိုလားလား လက်ခံခဲ့တယ်။
စမီဒရီစကာ ပါလန်ကာမြို့မှာ ယေဟောဝါသက်သေနှစ်ယောက် လက်တွန်းစင်နဲ့ အများရှေ့သက်သေခံနေတုန်း ရာဒိုမာဆိုတဲ့ အမျိုးသားတစ်ယောက် ရောက်လာတယ်။ အခုလို ဘာသာရေးကိုင်းရှိုင်းသူတွေ သူ့မြို့မှာ မြင်ရလို့ စိတ်ချမ်းသာတယ်ဆိုတဲ့အကြောင်း ပြောပြတယ်။ လက်တွန်းစင်မှာ ကြော်ငြာထားတဲ့ အခမဲ့ကျမ်းစာလေ့လာမှု အစီအစဉ်အကြောင်း ပိုသိချင်လို့ မေးတယ်။ အစီအစဉ်အကြောင်း ညီအစ်ကိုတွေ ရှင်းပြပြီး ကမ်းလှမ်းကြည့်တော့ သူ တပျော်တပါး လက်ခံခဲ့တယ်။
ဒီအထူးဟောပြောခြင်းကင်ပိန်းဟာ ဆားဘီးယားက ညီအစ်ကို၊ ညီအစ်မတွေအတွက်ကော ကျမ်းစာအမှန်တရား သိချင်သူတွေအတွက်ပါ တကယ့်ကောင်းချီးတစ်ရပ်ပါပဲ။—ယောဟန် ၇:၃၇။