၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်
ဆားဘီးယား
ဘဲလ်ဂရိတ်မြို့ နိုင်ငံတကာစာအုပ်ပြပွဲမှာ အသက်အရွယ်ပေါင်းစုံကို သတင်းကောင်းဝေမျှ
၆၆ ကြိမ်မြောက် ဘဲလ်ဂရိတ် နိုင်ငံတကာ စာအုပ်ပြပွဲကို ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့မှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်ကနေ ၂၉ ရက်အထိ ကျင်းပခဲ့တယ်။ လာရောက်ကြည့်ရှုသူပေါင်း ၁၉၀,၀၀၀ ကျော်တယ်။ သမ္မာကျမ်းစာရဲ့ လက်တွေ့ကျတန်ဖိုးကို အသားပေးတင်ဆက်ဖို့ ယေဟောဝါသက်သေတွေက ပြခန်းတစ်ခု စီစဉ်ခဲ့တယ်။ ညီအစ်ကို/မ ၁၀၀ ကျော်က အရေးကြီးမေးခွန်းတွေရဲ့ အဖြေကို ကျမ်းစာကနေ ရှာတွေ့နိုင်ပုံအကြောင်း ဧည့်သည်တွေကို ပြသကြတယ်။
ပြခန်းကို သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ရောက်လာပြီး ကျမ်းစာအကြောင်း မေးစရာအများကြီးရှိတယ်လို့ ညီအစ်မတစ်ယောက်ကို ပြောပြတယ်။ နောက်ဆုံးတော့ အဖြေရအောင် ကူညီပေးမယ့်သူကို တွေ့လို့ ဝမ်းသာသွားတယ်။ ဆက်တွေ့ဆုံနိုင်ဖို့ သူတို့ စီစဉ်ကြတယ်။
လူငယ်တစ်ယောက်က သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော စာစောင် ရတယ်။ ဘုရားကိုယုံကြည်ပေမဲ့ ကျမ်းစာမှာရေးထားတဲ့ ဖန်ဆင်းခြင်းမှတ်တမ်းကို ယုံဖို့ခက်တယ်လို့ ပြောတယ်။ ဥပမာ၊ ဘုရားသခင်က အရာအားလုံးကို တကယ်ပဲ ခြောက်ရက်တည်းနဲ့ ဖန်ဆင်းခဲ့တာလားဆိုတာ သိချင်တယ်။ အဲဒီမေးခွန်းကို jw.org ထဲက ဆောင်းပါးမှာ အဖြေပေးထားမှန်း တွေ့လိုက်ရလို့ သဘောကျသွားတယ်။
ဆယ်ကျော်သက်မိန်းကလေးနှစ်ယောက်က လူငယ်များအမေး—တာသွားသည့်အဖြေ အတွဲ ၁ နဲ့ ၂ ကို စိတ်ဝင်စားတယ်။ မိတ်ဆွေစစ် ရနိုင်ပုံ၊ ကျောင်းမှာ အောင်မြင်နိုင်ပုံ၊ အရူးအမူးအချစ်နဲ့ အချစ်စစ်အချစ်မှန် ကွာခြားပုံ စတဲ့အရေးကြီးအကြောင်းတွေ ဖော်ပြထားလို့ သိပ်သဘောကျသွားတယ်။ “ကောင်းလိုက်တဲ့စာအုပ်တွေ။ ကျွန်မတို့ ဖတ်ဖြစ်အောင် ဖတ်မယ်” လို့ မိန်းကလေးတစ်ယောက်က ပြောသွားတယ်။
စာအုပ်ပြပွဲမှာ ကြိုးကြိုးစားစား ပါဝင်ခဲ့တဲ့ ညီအစ်ကို/မတွေကို ကျေးဇူးတင်ပါတယ်။ “ဘုရားသခင်ရဲ့နာမည်ကို လူအများသိအောင်” သူတို့ ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့တာကို ယေဟောဝါ ကောင်းချီးပေးပါစေ။—ဟီဘရူး ၁၃:၁၅။