၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်
ဆီနီဂေါ
ဆီနီဂေါနိုင်ငံ နိုင်ငံတကာ ကုန်စည်ပြပွဲမှာ ပြသထားတဲ့ JW.ORG ပြခန်းက ဧည့်သည်တွေကို ဆွဲဆောင်
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်ကနေ ၃၁ ရက်အထိ ဆီနီဂေါနိုင်ငံ၊ ဒါကာမြို့ နိုင်ငံတကာ ကုန်စည်ပြပွဲမှာ ယေဟောဝါသက်သေတွေ ဦးဆုံးအကြိမ် ပါဝင်ပြသခဲ့တယ်။ အဲဒီကုန်စည်ပြပွဲက အကြိမ် ၃၀ မြောက် ဖြစ်တယ်။ ဒီပြပွဲမှာ လက်မှုပစ္စည်းတွေ၊ လူထုအကျိုးပြု လုပ်ငန်းတွေ၊ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာတွေ ပြသထားတယ်။ ဒီပြပွဲကို အာဖရိက ဒေသအသီးသီးနဲ့ ကမ္ဘာတစ်ဝန်းက သိန်းနဲ့ချီတဲ့ လူတွေ စိတ်ဝင်တစားနဲ့ လာရောက်ကြည့်ရှုကြတယ်။
ကျွန်တော်တို့ရဲ့ ညီအစ်ကို/မတွေ ပြင်ဆင်ထားတဲ့ သတင်းအချက်အလက် ပြခန်းမှာ jw.org ထဲက အကြောင်းအရာတွေ၊ မိသားစုဘဝနဲ့ဆိုင်တဲ့ စာအုပ်စာပေ ပြသထားတယ်။ ယေဟောဝါရဲ့ မိတ်ဆွေဖြစ်ပါ ဗီဒီယို၊ ကာတွန်းသရုပ်ဖော် ဗီဒီယိုတွဲတွေနဲ့ လူငယ်တွေရဲ့ လူတွေ့မေးမြန်းခန်းတွေပါတဲ့ ရွယ်တူချင်းတွေ ပြောဆိုရာ ဗီဒီယိုတွဲတွေကို ကြေညာသူတွေ ဖွင့်ပြပေးကြတယ်။
ဧည့်သည်အတော်များများက ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ကို မကြားဖူးကြဘူး။ ပြခန်းမှာပဲ သူတို့ရဲ့ဖုန်းမှာ ချက်ချင်း ဖွင့်ကြည့်ကြတယ်။ jw.org ဝက်ဘ်ဆိုက်ကို ဒေသခံ ဘာသာစကားဖြစ်တဲ့ ဝိုးလော့စကားအပါအဝင် ဘာသာစကားပေါင်း ၁,၀၀၀ ကျော်နဲ့ ရနိုင်လို့ အတော်များများ အထင်ကြီးလေးစားကြတယ်။ ဧည့်သည်တွေကို စာပေ ၃,၀၀၀ ကျော် ဝေငှနိုင်ခဲ့တယ်။
ဧည့်သည်တစ်ယောက်က “ဒီပြပွဲတစ်ခုလုံးကို လည်ပတ်ကြည့်ရှုတဲ့အထဲမှာ ခင်ဗျားတို့ ပြခန်းကို လည်ပတ်ရတာ အကြိုက်ဆုံးပဲ” လို့ မှတ်ချက်ပေးခဲ့တယ်။ နောက်တစ်ယောက်က “အကောင်းဆုံးပြခန်းကို ဆုပေးမယ်ဆိုရင် ခင်ဗျားတို့ အနိုင်ရမှာ သေချာတယ်” တဲ့။
ဒီပြခန်းကို စီစဉ်ညွှန်ကြားသူ ညီအစ်ကို မာတင် လောဒ် ဒီလိုပြောတယ်– “နိုင်ငံအတော်များများက ဧည့်သည်တွေကို လက်ခံကြိုဆိုရတာ တကယ်ပျော်စရာကောင်းတယ်။ ကျမ်းစာမှာပါတဲ့ လက်တွေ့အသုံးဝင်တဲ့ အချက်အလက်တွေကို ငွေကြေးမယူဘဲ ပြင်ဆင်ဖော်ပြပေးနေလို့ လူအတော်များများ ကျေးဇူးတင်စကား ပြောကြတယ်။”
ပြခန်းဖွင့်တာကနေ အကျိုးကျေးဇူးတွေရတယ် သိရလို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ ဒါဟာ ကျမ်းစာမှာပါတဲ့ “လက်တွေ့ကျ ဉာဏ်ပညာ” ကို ယေဟောဝါလူမျိုး မျှဝေနေတဲ့ နောက်တစ်နည်းပါပဲ။—ပညာအလိမ္မာ ၃:၂၁၊ ၂၂။