၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃ ရက်
ဇင်ဘာဘွေ
ဇင်ဘာဘွေဌာနခွဲရဲ့ ခုနစ်ဆယ့်ငါးနှစ်မြောက် နှစ်ပတ်လည်
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလဟာ ဇင်ဘာဘွေမှာ ယေဟောဝါသက်သေတွေ ဌာနခွဲဖွင့်လှစ်တဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည် အခါသမယပါ။ ဇင်ဘာဘွေနိုင်ငံရဲ့ မြို့တော် ဟာရာရီမှာ လက်ရှိဌာနခွဲရုံး ရှိတယ်။
ဇင်ဘာဘွေမှာ ယေဟောဝါသက်သေတွေရဲ့ ဟောပြောခြင်းလုပ်ငန်း စတင်တုန်းက အသင်းတော်တွေကို တောင်အာဖရိက ဌာနခွဲရုံးက ကြီးကြပ်ပေးခဲ့တာ။ ၁၉၃၂ မှာ တောင်အာဖရိကဌာနခွဲက အဲဒီတုန်းက တောင်ပိုင်းရိုဒီးရှားလို့ခေါ်တဲ့ ဇင်ဘာဘွေမှာ ဟောပြောခြင်းကင်ပိန်းလုပ်ဖို့ ရှေ့ဆောင်လေးယောက် လွှတ်လိုက်တယ်။ လုပ်ငန်း ချက်ချင်း တိုးတက်လာတယ်။
စစ်ကို အားပေးထောက်ခံသူတွေ၊ မျိုးချစ်စိတ် ပြင်းထန်မှုတွေကြောင့် ၁၉၄၀ ပြည့်နှစ်၊ နိုဝင်ဘာမှာ ကျွန်တော်တို့ရဲ့ စာပေ တင်သွင်းဖြန့်ချိမှု ပိတ်ပင်ခံရတယ်။ အဲဒီနှစ်တွေတစ်လျှောက် ခရစ်ယာန်ကြားနေမှုကြောင့် ညီအစ်ကိုတွေ ထောင်ချခံရတယ်။ ဒါတောင် သတိရှိရှိ သတင်းကောင်း ဆက်ဟောကြလို့ တိုးတက်လာတယ်။ ခြောက်နှစ်အကြာမှာ ပိတ်ပင်မှုကို ရုပ်သိမ်းလိုက်ပြီး သိပ်မကြာခင်မှာပဲ ကြေညာသူအရေအတွက် ၃,၅၀၀ ကျော်သွားတယ်။ သုံးဆ မြင့်တက်သွားတာ။
ဒါနဲ့ ၁၉၄၈၊ စက်တင်ဘာ ၁ ရက်မှာ ဇင်ဘာဘွေရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဘူလာဝါယိုမှာ ဌာနခွဲရုံး စတင်ဖွင့်လှစ်တယ်။ ညီအစ်ကို အဲရစ် ကွတ်ကို ဦးဆုံးဌာနခွဲအမှုထမ်းအဖြစ် ခန့်အပ်တယ်။ နောက်ပိုင်း ဇင်ဘာဘွေဌာနခွဲကို ဂျော့ဂျ်နဲ့ ရူဘီ ဘရက်လေ၊ ဖစ်လစ် ကိုက်၊ မာတယ် တေလာ ဆိုတဲ့ ဂိလဒ်ကျောင်းဆင်း သာသနာပြုတွေ ရောက်လာတယ်။
နောက်ပိုင်း ဇင်ဘာဘွေမှာ ကြေညာသူတွေ များသည်ထက်များလာလို့ လုပ်ငန်းပံ့ပိုးဖို့ ဌာနခွဲအဆောက်အအုံအသစ် လိုအပ်လာတယ်။
ဟာရာရီမြို့က လက်ရှိဌာနခွဲရုံးကို ၁၉၉၈ ဒီဇင်ဘာမှာ ဆက်ကပ်အပ်နှံခဲ့တယ်။ ဌာနခွဲရုံးက ဘာသာစကား ခုနစ်မျိုးနဲ့ ဘာသာပြန်ဆိုတဲ့လုပ်ငန်းကို ကြီးကြပ်ပေးပြီး အသင်းတော် ၉၆၀ ကို ကူညီပေးနေတယ်။ လက်ရှိ ညီအစ်ကို/မ ၄၆,၀၀၀ ကျော် အမှုဆောင်နေကြပြီး ၂၀၂၃ ခုနှစ်၊ ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာအစီအစဉ်ကို ၁၂၀,၇၀၂ ယောက် တက်ရောက်ခဲ့တယ်။
ဇင်ဘာဘွေနိုင်ငံမှာ တိုးတက်မှုတွေ မြင်ရလို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ ဒီတိုးတက်မှုဟာ သစ္စာရှိသူတွေကို ယေဟောဝါ “အမြဲ ကြည့်ရှုစောင့်ရှောက်မယ်” ဆိုတဲ့ သက်သေပါပဲ။—၂ ရာဇဝင်ချုပ် ၇:၁၆။