မာတိကာဆီ ကျော်သွား

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၄ ရက်
ဇင်ဘာဘွေ

ဇင်ဘာဘွေနိုင်ငံမှာရှိတဲ့ အမြင်အာရုံချို့တဲ့သူတွေကို “အလင်း” ပေး

ဇင်ဘာဘွေနိုင်ငံမှာရှိတဲ့ အမြင်အာရုံချို့တဲ့သူတွေကို “အလင်း” ပေး

ဒီနှစ်အစောပိုင်းမှာ ဇင်ဘာဘွေဌာနခွဲရုံးဟာ ဇင်ဘာဘွေတက္ကသိုလ်နဲ့ ဒေါ်ရသီ ဒန်ကန် မျက်မမြင်နဲ့ မသန်စွမ်းသူများကျောင်းကနေ ကျေးဇူးတင်စာတွေ လက်ခံရရှိခဲ့တယ်။ အဲဒီအဖွဲ့အစည်းနှစ်ခုကို ဌာနခွဲက မျက်မမြင်စကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း၊ ကျမ်းစာအခြေပြုစာပေတွေ ပေးလှူခဲ့လို့ပါ။ ဇင်ဘာဘွေတက္ကသိုလ်ရဲ့စာမှာ အခုလို ဖတ်ရတယ်– “ခင်ဗျားတို့က လူတွေကို တကယ် ကူညီပေးနေတာ။ ကျောင်းသူ/သားတွေရဲ့ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ကူညီပေးမယ့် စာအုပ်စာပေတွေကို လှူဒါန်းလို့ အထူးကျေးဇူးတင်ပါတယ်။”

မျက်မမြင်နဲ့ အမြင်အာရုံချို့တဲ့သူတွေကို ကူညီဖို့ တာဝန်ကျတဲ့ အထူးရှေ့ဆောင်တွေ။ ဘယ်– ညီအစ်ကို ဝေးလက်ဒ် မာဇာရူရာနဲ့ ဇနီး နီရမ်ဘဇိ။ ညာ– ညီအစ်ကို တူဂူလူလာ နျူဘယ်နဲ့ ဇနီး ယူးနစ်။

ဇင်ဘာဘွေနိုင်ငံက မျက်မမြင်နဲ့ အမြင်အာရုံချို့တဲ့သူ ၁၀,၀၀၀ ကျော်ဆီ အမှန်တရားရောက်ဖို့ ကြိုးစားတဲ့အနေနဲ့ ဌာနခွဲက စာပေတွေ အခုလို ပေးလှူခဲ့တာပါ။ ၂၀၁၇ တုန်းကလည်း ဌာနခွဲက မျက်မမြင်တွေကို ဟောပြောဖို့ အထူးကင်ပိန်းတစ်ခု စီစဉ်ခဲ့တယ်။ မျက်မမြင်တွေကို ပိုထိထိရောက်ရောက် ဟောပြောနိုင်အောင် ကြေညာသူတွေကို လေ့ကျင့်ပေးဖို့ အထူးရှေ့ဆောင်နှစ်တွဲကို တာဝန်ပေးတယ်။ ရလဒ်အနေနဲ့ ကျမ်းစာသင်အံမှု ၄၆ ခု စတင်နိုင်ခဲ့ပြီး သုံးယောက် နှစ်ခြင်းခံခဲ့တယ်။

နှစ်ခြင်းခံသူတွေထဲမှာ ညီအစ်မ မေဗီ ချာယာ ပါတယ်။ ၂၀၂၁ မှာ ဖုန်းဆက်သက်သေခံရင်းနဲ့ သူနဲ့ စသိတယ်။ မေဗီဟာ မျက်စိပြန်မြင်လာဖို့ ယုံကြည်ခြင်းကုထုံးဆရာတွေဆီ သွားကုခဲ့ပေမဲ့ ဘာမှမထူးခြားလာလို့ မျှော်လင့်ချက်မဲ့နေသူပါ။ ကမ္ဘာသစ်မှာ မျက်မမြင်တွေ ပြန်မြင်လာတော့မယ်ဆိုတဲ့ ကျမ်းစာကတိကိုလည်း ကြားရော အားပြန်ရှိလာတယ်။ တစ်ပတ်နှစ်ခါ ကျမ်းစာလေ့လာပြီး ၂၀၂၂၊ ဧပြီလမှာ နှစ်ခြင်းခံခဲ့တယ်။

မျက်မမြင်တွေ မျက်စိပြန်မြင်လာအောင် ယေဟောဝါ လုပ်ပေးမယ့်အချိန်ကို စောင့်ဆိုင်းနေပါတယ်။ အခုအချိန်မှာတောင် ဘုရားသခင်က မိမိကို ရှာဖွေသူတွေကို “အလင်း” နဲ့ “သိနားလည်မှု” ပေးနေတာကို တွေ့နေရလို့ ကျွန်တော်တို့ စိတ်လှုပ်ရှားမိပါတယ်။—ဆာလံ ၁၁၉:၁၃၀