၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်
ဇင်ဘာဘွေ
ဘာသာရေးဆိုင်ရာ အခွင့်အရေး ကိစ္စမှာ ယေဟောဝါသက်သေတွေဘက် ဇင်ဘာဘွေ အထက် တရားရုံး ရပ်တည်
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်မှာ မူတာရေမြို့မှာရှိတဲ့ ဇင်ဘာဘွေ အထက်တရားရုံးက ညီအစ်ကို တိုဘိုင်းယက်စ် ဂဘေဇာ၊ ဝမ်းဒါး မူပိုရှီရီ၊ ဂျာဘူလန်နီ စီတိုလေတို့ရဲ့ အမှုကို အနိုင်ပေး ဆုံးဖြတ်လိုက်တယ်။ ဒီညီအစ်ကိုတွေဟာ မိမိတို့ ယုံကြည်ချက်နဲ့ ဆန့်ကျင်နေလို့ ဘာသာရေး အခမ်းအနားတစ်ခုမှာ မပါဝင်မှုအတွက်နဲ့ တရားစွဲခံရတာ ဖြစ်တယ်။
၂၀၂၀၊ အောက်တိုဘာလ၊ ရွာမှာ ကျင်းပတဲ့ ရိုးရာ အခမ်းအနားတစ်ခုမှာ ပါဝင်ဖို့ ညီအစ်ကို သုံးယောက်ကို ရွာအာဏာပိုင်တစ်ယောက် အတင်းအကျပ် ဖိအားပေးတယ်။ မိုးရွာစေဖို့ ရည်ရွယ်ချက်နဲ့ လူသေတွေရဲ့ ဝိညာဉ်ကို ပင့်တဲ့ အခမ်းအနားဖြစ်တယ်။ ရွာသားတိုင်းကို အခမ်းအနားမှာ ပါခိုင်းတယ်။ ညီအစ်ကိုတွေက ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ အမှားအမှန် သိစိတ်ကို အခြေခံပြီး မပါဝင်နိုင်ဘူးလို့ ငြင်းတယ်။ ဒါကြောင့် ရွာသူကြီးဆီ ဆင့်ခေါ်ခံရတယ်။
ရွာသူကြီးက ညီအစ်ကိုတွေ မှားတယ်လို့ ဆုံးဖြတ်ပြီး အတင်း ပါဝင်ခိုင်းတယ်။ ဒါနဲ့ ညီအစ်ကိုတွေက ချီပင်ကာမြို့ တရားရုံးမှာ အယူခံ ဝင်ကြတယ်။
၂၀၂၁၊ ဇန်နဝါရီ ၅ ရက်မှာ တရားရုံးက ညီအစ်ကိုတွေကို အနိုင်ပေး ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ရွာအာဏာပိုင်တွေက တရားရုံး ဆုံးဖြတ်ချက်ကို မနာခံဘဲ ညီအစ်ကိုတွေကို ဆက်ဖိအားပေးကြတယ်။ ရွာသားတွေကပါ ညီအစ်ကိုတွေကို ဝိုင်းကြဉ်လာတယ်။ မတရား ဆက်ဆံလာကြတယ်။
ညီအစ်ကိုတွေ ဆက်ခွဲခြားဆက်ဆံခံနေရလို့ အထက်တရားရုံးမှာ အယူခံဝင်လိုက်ကြတယ်။ ညီအစ်ကိုတွေရဲ့ အခွင့်အရေးကို ရွာအာဏာပိုင်တွေ ချိုးဖောက်နေတယ်ဆိုတာ တရားရုံးက အသိအမှတ်ပြုတယ်။ ညီအစ်ကိုတွေရဲ့ ယုံကြည်ချက်နဲ့ ဆန့်ကျင်တဲ့ အခမ်းအနားတွေ၊ လုပ်ဆောင်မှုတွေမှာ အတင်းအကျပ် မပါဝင်ခိုင်းဖို့၊ ညီအစ်ကိုတွေကို နစ်နာကြေး ပေးဖို့ ရွာအာဏာပိုင်တွေကို အမိန့်ချလိုက်တယ်။
ဒီလိုအခမ်းအနားတွေကို ဇင်ဘာဘွေ နိုင်ငံတစ်ဝန်း ကျင်းပကြတာမို့ ဒီစီရင်ချက်ကြောင့် နိုင်ငံတစ်ဝန်းက ညီအစ်ကို၊ ညီအစ်မတွေ အကျိုးရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီရလဒ်ကောင်းအတွက် ယေဟောဝါဘုရားကို ကျေးဇူးတင်ပါတယ်။—ပညာအလိမ္မာ ၂:၈။